ဒုတိယဗဟိုစီးပွားရေးဇုန်စီမံကိန်းပြီးစီးပါက ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ မြေနေရာများ၌ ရန်ကုန်မြို့၏ ဒုတိယ ဗဟိုစီးပွားရေးဇုန်တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး အဆိုပါစီမံကိန်းးပြီးစီးပါက ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မှာ ဖြစ်ကြောင်းသိရသည်။ အဆိုပါ ဒုတိယဗဟိုစီးပွားရေးဇုန်စီမံကိန်းကို မြေဧရိယာ၃၆ဒသမ ၅၅၁ဧကကျယ်ဝန်းသည့် မြေပေါ်၌ အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းစီမံကိန်းတွင် ဟိုတယ်၊ ကွန်ဗေးရှင်းစင်တာ၊ ရုပ်ရှင်ရုံကြီးများ၊ စားသောက်ဆိုင်များ၊ အီလက်ထရောနစ်စင်တာ အရောင်းပြခန်းများ အစရှိသည်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မင်းဓမ္မလမ်း ပန်းဥယျာဉ်မြေနေရာ၌ ယခင်က ပျိုးဥယျာဉ်ဆိုင်ခန်းများ ရှိနေသည့် အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ တာဝန်ရှိသူများက သာကေတရှုခင်းသာ လမ်းမကြီးဘေးသို့ နေရာများအစားထိုးပြောင်းရွှေ့ပေးခဲ့သော်လည်း တချို့သော ပျိုးဥယျာဉ်ဆိုင်ခန်းရှင်များက ပြောင်းရွှေ့ပြီး ဖြစ်သော်လည်း အခက်အခဲမျိုးစုံနှင့် မပြောင်းရွှေ့နိုင်သေးသည့် ပျိုးဥယျာဉ်ဆိုင်ခန်းများ ကျန်ရှိနေသေးကြောင်း သိရသည်။
ဒုတိယ ဗဟိုစီးပွားရေးဇုန်စီမံကိန်း ဆောင်ရွက်ရန်အတွက် လက်ရှိတွင် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များကို တင်ဒါခေါ်ယူ ထားလျက်ရှိကြောင်း သိရသည်။
အကျိုးဆောင်ဂျာနယ်