နိုင်ငံတကာကဲ့သို့ ပြည်တွင်းအိမ်ခြံမြေဈေးကွက်တွင် ကျင့်သုံးရန်လိုအပ်နေ


ပြည်တွင်းရှိစီးပွါးရေးလုပ်ငန်းရှင်များနှင့် ငွေပိုငွေလျှံရှိသူများအနေဖြင့် အိမ်၊ ခြံ၊ မြေအားလူနေထိုင်ရန်ထက် အမြတ်တင်ပြီးပြန်လည်ရောင်းချရန်

ဝယ်ယူလာကြခြင်းတို့ကြောင့် အိမ်၊ ခြံ၊ မြေဈေးနှုန်းများအဆမတန် မြင့်တက်လာနေကာ နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်နေသည့် Property tax

များကောက်ခံစေခြင်း၊ တိကျသောမူဝါဒများပြဋ္ဌာန်းခြင်းတို့ဖြင့် ပြည်တွင်းအိမ်၊ ခြံ၊ မြေဈေးနှုန်းများ

အထိုက်အလျောက်ပြန်လည်ကျဆင်းလာနိုင်ကြောင်း၊ နိုင်ငံတကာအိမ်၊ ခြံ၊ မြေကျွမ်းကျင်သူများထံမှသိရသည်။

ကနေဒါမှာကတော့ လူတစ်ဦးနေဖို့အတွက် အိမ်ဝယ်ရင်အခွန်ပေးရတယ်။ဒါပေမယ့်သူနောက်ထပ် အိမ်ဝယ်မယ်ဆိုရင်တော့

ဒါရင်းနှီးမြှုပ်နှံမှုဖြစ်သွားလို့အရင်နေဖို့အတွက် ပေးခဲ့ရတဲ့အခွန်ထက်ပိုပြီး ကောက်တယ်။ အဲ့ဒီလူကပဲအိမ်များများဝယ်လေ

အိမ်တစ်လုံးချင်းစီအတွက် ပေးရတဲ့အခွန်ကများများလာတယ်။ အဲ့ဒီအခွန်ကိုလဲသူနှစ်တိုင်းပေးရတယ်။

အဲ့ဒီနည်းတွေနဲ့အိမ် ခြံ မြေဈေးမတက်အောင်ထိန်းတယ်။ မြန်မာပြည်မှာလဲအဲ့ဒီနည်းနဲ့

ထိန်းလိုက်ရင်အိမ် ခြံ မြေ ဈေးတွေအထိုက်လျောက်ဈေးကျလာနိုင်တယ် ဟုကနေဒါနိုင်ငံတွင် အိမ်ဝယ်ယူထားသည့် စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ပြည်တွင်းရှိငွေပို ငွေလျှံသူများအနေဖြင့်ရင်းနှီးမြှုပ်နှံရန် အတွက်အိမ် ခြံ မြေ ရွှေ ကားစသည့်ဈေးကွက်များတွင် ၀င်ရောက်လုပ်ကိုင်နေသော်လဲ

ယခုအခါကားဈေးကွက်ကျဆင်းလာနေခြင်း၊ ရွှေဈေးကွက်လဲအမြတ်အစွန်းနဲပါး ကာအတက်အကျမတည်ငြိမ်ခြင်းတို့ကြောင့်

အိမ် ခြံ မြေများဘက်သို့ဦးတည်လာခဲ့ပြီး ဈေးကစားလာခဲ့ကြသည်။ယင်းကြောင့်အိမ် ခြံ မြေဈေးနှုန်း

အဆမတန်မြင့်တက်ကာ ပြည်တွင်းပြည်ပမှရင်းနှီးမြှုပ်နှံသူများအတွက် သာမက အခြေခံလူတန်းစားများ၏ နေထိုင်ရေးအတွက်ပါ

အခက်အခဲများဖြစ်ပေါ်လာကြောင်းသိရသည်။

နိုင်ငံတကာတွင် အိမ် ခြံ မြေရောင်းဝယ်ခြင်းများအား Real Estate Association စသည့်အစိုးရမဟုတ်သော အဖွဲ့အစည်းများဖွဲ့စည်းထားရှိပြီး

ထိုအဖွဲ့အစည်းများမှတစ်ဆင့် ၀ယ်ယူသူနှင့်ရောင်းချလိုသူများကြားတွင် ရှေ့နေများဖြင့်စာချုပ်ချုပ်ဆိုကာ

စာရင်းသွင်းခြင်းနှင့် ဈေးနှုန်းများအား လျှော့ချကာအခွန်ဆောင်ခြင်း၊ မဖြစ်ပေါ်စေရန်အတွက် ဈေးကွက်ပေါက်ဈေးများသတ်မှတ်ပေးခြင်း၊

သတ်မှတ်ထားသောဈေးနှုန်းများဖြင့် ကျသင့်သည့်အခွန်များကိုနိုင်ငံတော်သို့တပါတည်းပေးသွင်းစေခြင်း၊ များကိုဆောင်ရွက်ပေးသည်။အစိုးရအနေဖြင့်လည်း

Property Tax များအားထိန်းချုပ်ကောက်ခံခြင်းဖြင့် အိမ် ခြံ မြေဈေးနှုန်းအား ထိန်ချုပ်ဆောင်ရွက်လာကြကြောင်းသိရသည်။

မြန်မာနိုင်ငံအတွင်း အိမ် ခြံ မြေ ရောင်းဝယ်ရာတွင်တရားဝင်အခွန်ဆောင်ကာ ရောင်းဝယ်ခြင်းထက် နည်းလမ်းအမျိုးမျိုးဖြင့်

အခွန်ရှောင်ကာ ရောင်းဝယ်ခြင်းကပိုမိုများပြားလျှက်ရှိကြောင်း အိမ် ခြံ မြေဈေကွက်အတွင်းမှသိရသည်။

Trade Time