ဧက ၅၀၀၀ ကျော်ရှိ မြေဧရိယာတွင် တည်ဆောက် သွားမည့် မန္တလေးမြို့ ဟိုတယ် စီမံကိန်း

မန္တလေး မြို့အတွင်း အကောင်အထည်ဖော် တည်ဆောက် သွာမယ့် စီမံကိန်း တစ်ခု အနေနဲ့ ဧက ၅၀၀၀ ကျော်ခန့်ရှိ မြေဧရိယာမှာ အများပိုင် ဟိုတယ် တစ်ခုတည်ဆောက် သွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်း (မန္တလေးဇုန်)မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ဟိုတယ် စီမံကိန်း ကိုတော့ Myanmar Tourism Development Public Company မှ တည်ဆောက် သွားမှာဖြစ်ပြီး တည်ဆောက်မယ့် နေရာကိုတော့ ဧရာဝတီမြစ် နံဘေးရှိ တံတားဦး မြို့အနီးမှာ အကောင်အထည်ဖော် တည်ဆောက်ဖို့ လျာထား စီစဉ် ထားတယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ စီမံကိန်း စတင်နိုင်ဖို့ အတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့နဲ့ သဘောတူညီချက် စာချုပ် MoU လက်မှတ် ရေးထိုးနိုင်ဖို့ ဆောင်ရွက်နေပြီး MoU ရေးထိုးပြီးပါက စီမံကိန်းကို စတင် အကောင်အထည်ဖော် သွားမှာ ဖြစ်ပါတယ်။ ဒီလို တည်ဆောက်ရာ မှာတော့ အများပိုင် ဟိုတယ် အနေနဲ့ တည်ဆောက်မှာ ဖြစ်တဲ့ အတွက် အဆိုပြု ရှယ်ယာရှင် တွေကို ရှယ်ယာ ရောင်းချဖို့ တင်ဒါခေါ်ယူမှုများ ဆောင်ရွက် ထားတာ ဖြစ်ပါတယ်။ ဒီလို ရှယ်ယာ ရောင်းချ ရာမှာလည်း ရှယ်ယာ တစ်ခုကို ငွေကျပ် တစ်သောင်းနှုန်း သတ်မှတ် ထားပြီး လူတစ်ဦးကို ကျပ်သိန်းပေါင်း တစ်သောင်းဖိုး အထိ ရှယ်ယာ ၀ယ်ယူနိုင်မှာ ဖြစ်ကာ လာမယ့် ၂၀၁၄ ဧပြီလ အတွင်း စတင် ရောင်းချနိုင်ဖို့ မျှော်မှန်း ထားတယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ မန္တလေးတိုင်း ဒေသကြီး အတွင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ တရားဝင် လုပ်ငန်း လိုင်စင်ချ ထားပေးပြီး ဖြစ်တဲ့ ဟိုတယ် အလုံးပေါင်း ၉၉ လုံးခန့် ရှိပြီး ထပ်မံ ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ ဟိုတယ် ၁၀ လုံးခန့်လည်း ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ MRTV4-အိမ်၊ ခြံ၊ မြေ ဂျာနယ်

နန်းသီတာ အဆင့်မြင့်စီမံကိန်း ခွင့်ပြုချက်ရပြီး ပြန်ကန့်ကွက်ခံရ

ပို့ဆောင်ရေးဝန်ကြီှးဌာနက တည် ဆောက်မည့် ရန်ကုန်၊ နန်းသီတာဆိပ်ကမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ကန့်ကွက်ခဲ့သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် စည်ပင်သာယာ ရေး ကော်မတီနှင့် ပြန်လည်ညှိနှိုင်းသွား မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဥာဏ် ထွန်းအောင်က နိုဝင်ဘာ ၂၅ ရက်တွင် ပြောသည်။ အဆိုပါ ဆိပ်ကမ်းအဆင့်မြှင့်တင်ခြင်းတွင် အထပ် ၂ဝ ရှိ ဟိုတယ်နှင့် အခြားအထပ်မြင့် အဆောက်အအုံများ ပါဝင်သော်လည်း လက်ရှိတွင် ရန်ကုန် စည်ပင်သာယာရေးကော်မတီက နှစ်ထပ် အထိသာ ဆောက်လုပ်ခွင့်ပြုသည့် အတွက် ပို့ဆောင်ရေးဝန်ကြီးဌာနက ပြန်လည်ညှိနှိုင်းသွားမည် ဟု မြန်မာ့ဆိပ် ကမ်း အာဏာပိုင်ရုံးချုပ် စာနယ်ဇင်း ရှင်းလင်းပွဲတွင် ဝန်ကြီးက ပြောကြားခဲ့ ခြင်းဖြစ်သည်။ ယင်းစီမံကိန်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက စီမံကိန်းတည်နေရာသည် မြို့တွင်း ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံ ထိန်းသိမ်းရေးနယ်မြေနှင့်ဆက်စပ်လျက် ရှိသည့်နေရာ ဖြစ်သောကြောင့် လည်း ကောင်း၊ မြို့တွင်း အဆောက်အအုံ ဆောက်လုပ်မှုအဆင့် သတ်မှတ်ရာတွင် ပေ ၁၆ဝ အထိသာ ခွင့်ပြုထားသည့်နယ် မြေဖြစ်သောကြောင့် လည်းကောင်း ပြန် လည်ညှိနှိုင်းရန်လိုသည်ဟု ပြောသည်။ အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် လက်ရှိတွင် လုပ်ကိုင်ခွင့်ရရှိထားသည့် တင်ဒါများကိုလည်းရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ မှလုပ်ကိုင်ခွင့်ပြုပေးပြီးဖြစ်ခြင်းကြောင့် စည်ပင်သာယာရေးကော်မတီမှ အထပ် မြင့် သတ်မှတ်ချက်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများအတိုင်း ဆက်လက်ဆောင် ရွက်နိုင်ရန် နှစ်ဖက်ပြေလည်နိုင်မည့်အ ချက်များကို ဆွေးနွေးဆောင်ရွက်ရမည် ဟုလည်း ၄င်းကပြောကြားသည်။ ''နိုင်ငံတကာမှာလည်း သူသက်ဆိုင်တဲ့ စည်းမျဉ်းတွေ ချမှတ်ပြီးလုပ်တာပဲ စည်းကမ်းတကျ ဆောင်ရွက်ရမယ်။ နိုင်ငံတကာမှာရှိတဲ့ စည်းမျဉ်းတွေက ခိုင်မာမှုရှိတယ်''ဟု ဦးကျော်စိုးက ဆိုသည်။ ရန်ကုန်မြို့ရှိ နန်းသီတာဆိပ်ကမ်း ကို အဆင့်မြှင့်တင်ရန်အတွက် ပို့ဆောင် ရေးဝန်ကြီးဌာနမှ ပြည်တွင်းကုမ္ပဏီများ သို့ တင်ဒါကြေငြာကာ လုပ်ကိုင်ခွင့်ပြုခဲ့ ဖြစ်ပြီး ၄င်းဆိပ်ကမ်းတွင်းဆောက်လုပ် မယ့် အထပ်မြင့်အဆောက်အုံ ဆောက် လုပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးကော် မတီ၊ Yangon HeritageTrust တို့မှ ကန့် ကွက်ခြင်းဖြစ်သဖြင့် ဆိပ်ကမ်းအဆင့်မြင့် လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ထပ်မံညှိနှိုင်းရမည်ဖြစ်သည်ဟုလည်း ဦးကျော်စိုးက ပြောကြားခဲ့သည်။ အဆိုပါနန်းသီတာဆိပ်ကမ်းအဆင့် မြင့်တင်ရေးတွင် Service Apartment အထပ် ၂ဝ၊ Office Building အထပ် ၂ဝ၊ Hotel ၁၆ ထပ် ၊ Shopping Mall လေး ထပ်၊ Cruise and Terminal သုံးထပ်တို့ ကို ဆောက်လုပ်ရန်အတွက် ၂ဝ၁၂ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ၂ဝ၁၂ ခုနှစ် စက်တင်ဘာတွင် တင်ဒါရွေးချယ်ယှဉ် ပြိုင်လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်သည်။ ''ကျွန်တော်တို့ တင်ဒါခေါ်ပြီး လုပ် တုန်းက စည်ပင်ကနေ တင်ဒါအပေါ်မှာ ဘာမှအကြောင်းကြားလာတာ မရှိဘူး။ အခု တင်ဒါလည်းပေးပြီးသွားပြီ ဆိုတော့ နှစ်ဖက် အဆင်ပြေဆုံးဖြစ်အောင်လို့ ညှိနှိုင်းရမယ်''ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်မြင့်က ဆိုသည်။ လက်ရှိတွင် လုပ်ကိုင်ခွင့်ရရှိခဲ့သည့် News Down ကုမ္ပဏီအနေဖြင့် တင်ဒါခွင့်ပြုထားသည့် အတိုင်းဆောက် လုပ်ခွင့်ရရှိမည် မဟုတ်သော်လည်း အစိုးရ အဖွဲ့တို့မှ ထပ်မံညှိနှိုင်းမှုမှရရှိ လာသည့် ရလာဒ်အတိုင်း ဆောင်ရွက် ရန်ရှိသည်ဟု ကုမ္ပဏီညွှန်ကြားရေးမှူး ဦးစိုးတင့်က ဆိုသည်။ ''ဒီနေရာမှက အထပ်နိမ့်ပဲ ဆောက်လုပ်ဖို့ ကောင်းပါတယ်။ အခုရှိတဲ့ သိုလှောင်ရုံတွေကိုလည်း အစည်းဝေးတွေ လုပ်လို့ရတဲ့ ခန်းမကြီးတွေအဖြစ် အရင် လက်ရာမပျက် ဆောင်ရွက်သင့်တယ်'' ဟု Yangon Heritage Trust မ Program Manager ဦးကြံတိုင်းအောင်ကအဆိုပါ အစည်းဝေးတွင် အကြံပြုပြောသည်။ ရန်ကုန်တိုင်းအတွင်း ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်ရာတွင်ရှေးဟောင်း အဆောက်အုံများ၏ အပြင်ဘက်ဒီဇိုင်း များကိုရှေးမူမပျက်စေဘဲ အတွင်းအပြင် အဆင်ကို ပြုပြင်ဆောင်ရွက်နိုင်ခွင့်ကို ခွင့်ပြုထားသော်လည်း နိုင်ငံဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုများတွင် အနည်းနှင့် အများ ထိခိုက်မှုရှိနိုင်သည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။ Mizzima

အပျော်တမ်း Unplugged ဖျော်ဖြေပွဲ မဟာဗန္ဓုလပန်းခြံမှာ စနေနေ့တိုင်း ခွင့်ပြု

အများပြည်သူများ အခမဲ့ကြည့်ရှု အပန်းဖြေနိုင်မယ့် အပျော်တမ်းဂီတ ဖျော်ဖြေပွဲတွေကို စည်ပင်သာယာရေး ကော်မတီမှ မဟာဗန္ဓုလပန်းခြံအတွင်း စနေနေ့တိုင်း ဖျော်ဖြေခွင့်ပြုပေးသွားမယ်လို့ သိရပါတယ်။ ၎င်းဖျော်ဖြေပွဲ တွေကို အပတ်စဉ် စနေနေ့ ည ၆း၀၀ နာရီ အချိန်အထိ မဟာဗန္ဓုလလမ်းဘက်ခြမ်း၊ ပန်းခြံအဝင် ရေပန်းကန် နှစ်ခုကြား လျှောက်လမ်း ပေ ၄၀x၂၄ ပေမှာ ဖျော်ဖြေခွင့်ပြုသွားမှာ ဖြစ်တယ်။ ကြည့်ရှုအပန်းဖြေမယ့် ပြည်သူတွေ အနေနဲ့ ပန်းခြံအပြင်ဘက် လျှောက်လမ်းနဲ့ ကားပါကင်နေရာမှာ ကြည့်ရှုနိုင်ပါတယ်။ အခမဲ့ အပျော်တမ်း ဂီတဖျော်ဖြေပွဲ လုပ်ဆောင်လိုသူတွေ အနေနဲ့ ဖျော်ဖြေမယ့် နေ့ရက်၊ အချိန်၊ လူအင်အား၊ ဖျော်ဖြေမယ့် တေးသီချင်းတွေ၊ ပါဝင်မယ့် တူရိယာပစ္စည်းတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှာ တစ်ပတ်ကြိုတင် လျှောက်ထားရမှာ ဖြစ်ပါတယ်။ Unplugged ဂီတအမျိုးအစား ဖျော်ဖြေရမှာ ဖြစ်ပေမဲ့ စည်ပင်မှ လိုအပ်ရင် လျှပ်စစ်မီးတွေ သွယ်တန်းပေးမှာ ဖြစ်တယ်။ ‘ဝါသနာရှင်တွေ အပျော်တမ်း သီဆိုဖျော်ဖြေခွင့် ပေးမှာဆိုတော့ ပရော်ဖက်ရှင်နယ် box အကြီးစားတွေနဲ့ သီဆိုခွင့်တော့ မပြုဘူး၊ ပန်းခြံ အပြင်ဘက်ကပဲ ကြည့်ရှုခွင့်ပေးမယ်’ လို့ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ကြက်ဘဲဈေးသစ် အပါအ၀င် ရန်ကုန်မြို့၌ ဈေးသစ် ၁၀ ဈေး တိုးချဲ့တည်ဆောက်ရေးအတွက် ငွေကျပ်သန်းပေါင်း ၁၃၀၀ သုံးစွဲရန် လျာထား

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၌ ကြက်ဘဲဈေးသစ် အပါအ၀င် ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်း ဈေးသစ် ၁၀ ဈေး တိုးချဲ့တည်ဆောက်ရေးအတွက် ငွေကျပ်သန်းပေါင်း ၁၃၀၀ သုံးစွဲရန် လျာထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေးနှစ် အသုံးစရိတ် လျာထားမှုအရ သိရသည်။ အဆိုပါ ဈေးများအား ဒဂုံမြို့သစ်ဆိပ်ကမ်း၊ အင်းစိန်၊ သာကေတ၊ ရွှေပြည်သာ၊ သင်္ဃန်းကျွန်း၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒေါပုံ စသည့်မြို့နယ်များတွင် တည်ဆောက်သွားမည် ဖြစ်သည်။ ရန်ကုန်မြို့တော်တွင် လက်လီလက်ကား ကြက်ဘဲရောင်းချသည့် ဈေးအနေဖြင့် မင်္ဂလာတောင်ညွန့် ကြက်ဘဲဈေးနှင့် လှိုင်သာယာ မြို့နယ်တွင် ကြက်ဘဲဈေး စသည်တို့တွင်သာ ရှိခြင်းကြောင့် ဒဂုံဆိပ်ကမ်း မြို့နယ်တွင် ဈေးသစ်တည်ဆောက်ခြင်းအတွက် ကျပ်သန်း ၄၀၀ ၊ အင်းစိန်မြို့နယ်တွင် ဖော့ကန်ဈေး တည်ဆောက်ခြင်းအတွက် ကျပ်သန်း ၁၄၀ နှင့် အောင်ဆန်းဈေးတွင် ပျံကျဈေးရုံ တစ်ရုံ တည်ဆောက်ခြင်းအတွက် ကျပ်သန်း ၅၀၊ သာကေတ မြို့နယ်တွင် အမှတ် (၃) ဈေး တည်ဆောက်ခြင်းအတွက် ကျပ်သန်း ၂၀၀၊ ရွှေပြည်သာ မြို့နယ်တွင် ပတ္တမြားဈေး တည်ဆောက်ခြင်းအတွက် ကျပ်သန်း ၂၀၀၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီးရှိ ပြည်ထောင်စု ခုံးကျော်တံတားဘေး ကျွန်းစိုက်ခင်းနေရာ ပျံကျဈေးသစ် တည်ဆောက်ခြင်းအတွက် ကျပ်သန်း ၅၀၊ လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက် ၁၂၄ ကားမှတ်တိုင်အနီး ပျံကျဈေးသစ် တည်ဆောက်ခြင်းအတွက် ကျပ်သန်း ၁၀၀၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် စံပြရိပ်ငြိမ်ဈေးတွင် ပျံကျဈေးရုံ တစ်ရုံ တည်ဆောက်ခြင်းအတွက် ကျပ်သန်း ၅၀ နှင့် ဒဂုံရွှေပြည်ဈေးတွင် ပျံကျဈေးရုံတစ်ရုံ တည်ဆောက်ခြင်းအတွက် ကျပ်သန်း ၅၀၊ ဒေါပုံမြို့နယ် ဒေါပုံဈေးတွင် ပျံကျဈေးရုံတစ်ရုံ တည်ဆောက်ခြင်းအတွက် ကျပ်သန်း ၅၀ တို့ သုံးစွဲရန် လျာထားသည်။ ထို့ပြင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့ရှိ ဈေးကြီးများ အကြီးစား ပြုပြင်ခြင်းအတွက် ငွေကျပ်သန်း ၁၄၀၀ ကျော် သုံးစွဲရန် လျာထားပြီး ဟောင်းနွမ်းနေသော ဈေးရုံဟောင်းများအား ပြင်ဆင်ခြင်း၊ ဆေးသုတ်ခြင်း၊ ပြုပြင်ခြင်း၊ ရေမြောင်းများလမ်းများ၊ ခြံစည်းရိုးများ ပြုပြင်ကာရံခြင်း ပြုလုပ်သွားမည်ဖြစ်ပြီး ဈေးပေါင်း ၅၀ နီးပါး ပါဝင်ကြောင်း သိရသည်။ ရန်ကုန်မြို့ရှိ ဈေးကြီး ၁၃ ဈေးအား ဆီးဂိမ်းစ်အမီ ဆေးသုတ်ခြင်း၊ အချို့အစိတ် အပိုင်းများအား ပြုပြင်ခြင်း၊ မှန်မရှိသည့် နေရာများအား မှန်များလဲလှယ် တပ်ဆင်ခြင်း၊ အမိုးပြုပြင်ခြင်း စသည်တို့ကို ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ညောင်ပင်လေးဈေး၊ မြေနီကုန်း ပလာဇာ၊ သိမ်ကြီးဈေး (ဃ) ရုံ၊ သိမ်ကြီးဈေး (ဂ) ရုံ၊ သံဈေး၊ မင်္ဂလာဈေးသစ် (ရွှေပြည့်စုံဈေး)၊ ကျောက်မြောင်းဈေး၊ သင်္ဃန်းကျွန်း စံပြဈေး၊ စံပြရန်ကင်းဈေး၊ လှည်းတန်းဈေးနှင့် အင်းစိန်ဈေးတို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သီလဝါရဲ့ ဟက်တာ ၄၀၀ ထဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်လာအောင် ဂျပန်က ဖိတ်ခေါ်မည်

သီလဝါအထူးစီးပွားရေးဇုန်ရဲ့ ပထမအဆင့် ဟက်တာ ၄၀၀ ထဲကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင် ဂျပန်နိုင်ငံက ဖိတ်ခေါ်သွားမယ်လို့ သိရတယ်။ “မြန်မာ-ဂျပန် ပူးပေါင်းလုပ်ဆောင်တဲ့ နေရာမှာ ဂျပန်က မာကက်တင်းပိုင်း လုပ်သွားမယ်၊ အဓိက သူတို့က နိုင်ငံတကာ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်သွားမယ်၊ ဥပမာ စင်ကာပူနိုင်ငံက လုပ်ငန်းရှင်တစ်ဦးက လုပ်ချင်တယ်ဆိုရင် အန်တီတို့ဆီကို တင်ပြပြီး စိစစ်ပေးမယ်။ ပြီးရင် ချက်ချင်း သူတို့ကို လုပ်ကိုင်ခွင့်ပေးမယ်” လို့ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာဒေါ်သန်းသန်းသွယ်က ပြောပါတယ်။ ဟက်တာ ၄၀၀ အတွင်း နေထိုင်တဲ့သူတွေကို သန်လျင်-ကျောက်တန်း လမ်းမကြီး ဘယ်ဘက်အခြမ်းက မြိုင်သာယာ တိုးချဲ့ ရပ်ကွက်သစ်ကို ပြောင်းရွှေ့ပေးခဲ့ပြီး အခုတည်ဆောက်ရေး လုပ်ငန်းတွေလုပ်ဖို့ မြေနေရာ စတင်တိုင်းတာနေပြီ လို့ သိရတယ်။ အခြေခံတည်ဆောက်ရေး လုပ်ငန်းတွေကို ၂၀၁၃ ခုနှစ် နှစ်အကုန်မှာ စလုပ်မယ်လို့ သိရတယ်။ အခြေခံအဆောက်အအုံတွေကို တည်ဆောက်ဖို့ ဂျပန်နိုင်ငံရဲ့ ကုမ္ပဏီ ပန်ဒါအိုးရှင်းနဲ့ မြန်မာကုမ္ပဏီ ဆန်းတစ်တို့ ပူးပေါင်းပြီး အဆောက်အအုံတွေ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ “စီးပွားရေးနဲ့ ပတ်သက်လို့ ဆူဇူကီးကားစက်ရုံတွေ လာဖို့ရှိတယ်။ နောက်တခြား နိုင်ငံတကာက ကမ်းလှမ်းထားတဲ့ စက်ရုံတွေ လာလုပ်ဖို့အတွက် နိုင်ငံတကာကို ဖိတ်ခေါ်သွားမယ်” လို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင် ဒေါ်မီမီအောင်က ပြောပါတယ်။ ရန်ကုန်မြို့ရဲ့ အနီးတစ်ဝိုက်နားမှာ ပေါ်လာမယ့် သီလဝါအထူးစီးပွားရေးဇုန်ဟာ အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ စီးပွားရေးဇုန်တစ်ခုလည်း ဖြစ်တယ်လို့ သိရတယ်။ စီးပွားရေးဇုန်ထဲမှာ ပရိုမိုးရှင်းဇုန်နဲ့ ဖရီးဇုန်ဆိုပြီး နှစ်ခုပါဝင်ပါတယ်။ ဖရီးဇုန်လို့ခေါ်တဲ့ အခွန်ကင်းလွတ်ခွင့် ဇုန်အတွင်း စက်ရုံတွေ တည်ဆောက်မှာဖြစ်ပြီး ပရိုမိုးရှင်းဇုန်မှာတော့ လူနေအိမ်၊ လေ့ကျင့်ရေးကျောင်း၊ ဆေးရုံဆေးခန်းတွေ ပါဝင်မယ်လို့ သိရကြောင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကျပ်သိန်း ၂၉၀၀၀၀ တန်သည့် မြေကွက်အား ၀ယ်ယူခွင့်ရရန် ဆောင်ရွက်ပေးမည်ဆိုကာ စရန်ငွေ ကျပ်သိန်းနှစ်ရာကို လိမ်လည်ရယူထားသည်ဆိုသည့် အငြိမ်းစားရဲမှူးချုပ်တစ်ဦးကို အမှုဖွင့်ထားကြောင်း

ကျပ်သိန်း ၂၉၀၀၀၀ တန်သည့် မြေကွက်အား ၀ယ်ယူခွင့်ရရန် ဆောင်ရွက်ပေးမည်ဆိုကာ စရန်ငွေ ကျပ်သိန်းနှစ်ရာကို လိမ်လည်ရယူထားသည်ဆိုသည့် အငြိမ်းစားရဲမှူးချုပ်တစ်ဦးကို အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။ လှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ် ကွက်၊ အောင်ဓမ္မရိပ်သာလမ်းရှိ ဆပ်ပြာစက်ရုံအမှတ် ၂ မြေကွက် အား ၀ယ်ယူလိုသော အမျိုးသားတစ်ဦးကို ထိုမြေကွက်အား ကျပ် သိန်း ၂၉၀၀၀၀ ဖြင့် ၀ယ်ယူခွင့်ရရှိအောင် ဆောင်ရွက်ပေးမည်ဆိုကာ စရန်ငွေကျပ် သိန်း ၂၀၀ ယူပြီး သုံးနှစ်ကြာချိန်အထိ ဆောင်ရွက်မပေးနိုင်သောကြောင့် နိုဝင်ဘာ ၂၃ ရက်က လိမ်လည်မှုဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းတွင် ဖော်ပြသည်။ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလက မြေကွက်ဝယ်လိုသူက ခြံမြေပွဲစားတစ်ဦး၏ လမ်းညွှန်မှုကြောင့် ယင်းရပ်ကွက်အတွင်း နေထိုင်သည့် သတ္တုတူးဖော်ရေး နှင့် အင်ဂျင်နီယာလုပ်ငန်း ကုမ္ပဏီလီမိတက်မှ အငြိမ်းစားရဲမှူးချုပ်ထံသွားပြီး ၎င်း၏ရုံးခန်း၌ အောက်တိုဘာ ၁၉ ရက်တွင် စရန် ငွေကျပ် သိန်း ၂၀၀ ကို ပေးခဲ့သည်။ သို့သော်လည်း သုံးနှစ်ကြာသည့်တိုင် မြေကွက်ဝယ်ယူခွင့်ပါမစ် မရရှိသည့်အပြင် အကြောင်းအမျိုးမျိုးပြကာ ရှောင်တိမ်းနေသောကြောင့် အမှုဖွင့်ရကြောင်း တရားလိုဖြစ်သူ အိုင်အိုဒင်းဆားလုပ်ငန်းရှင်က တိုင်ကြားထားကြောင်း မှုခင်းဌာနမှ ရဲအရာရှိတစ်ဦးကပြောသည်။ ထို့ကြောင့် လှိုင်မြို့မရဲစခန်းက ပြစ်မှုဆိုင်ရာပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။ တရားစွဲဆိုခံထားရသူသည် ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း နိုဝင်ဘာ ၂၄ ရက် ညနေတွင် တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။ 7day

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဂျပန်နိုင်ငံသားများ သံလျင်မြို့နယ်တွင် အိမ်ငှားလိုမှု များလာ

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် သန်လျင်မြို့နယ် အတွင်း၌ ဂျပန်နိုင်ငံသားများ အိမ်ငှားရမ်းရန် ကြည့်ရှုသူ များပြားလာကြောင်း သန်လျင်မြို့နယ် အတွင်းရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်ရေးအား အကောင်အထည် ဖော်နေသည့် သီလ၀ါ အထူးစီးပွားရေးဇုန်ကို လွန်ခဲ့သည့် လပိုင်းကပင် နှစ်ဖက်နိုင်ငံအကြား လက်မှတ်ရေးထိုး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အလားတူ သန်လျင်မြို့နယ် အတွင်းရှိ ကြယ်စင်မြို့တော် အဆင့်မြင့် အိမ်ရာတွင်လည်း ဂျပန်နိုင်ငံရှိ လူမျိုးအများစု အိမ်ငှားရမ်းရန်အတွက် ကြည့်ရှုသူ များပြားလာပြီး စုံစမ်းမှုများလည်း များပြားနေကြောင်း သန်လျင်မြို့နယ် ကြယ်စင်မြို့တော်အိမ်ရာ (starcity) မှ Sails & Marketing Manager ကိုစိုင်းခွန်နော်က ပြောကြားသည်။ "အခုဆိုရင် ဂျပန်နိုင်ငံက လူမျိုးတွေ နေ့တိုင်းနီးပါးကို အိမ်ငှားရမ်းဖို့ လာရောက်ကြည့်ရှုတာ များတယ်။ အချို့ကျတော့လည်း တကယ်နေမဲ့သူတွေ ရှိသလို စိတ်ဝင်စားလို့ လာကြည့်ကြတာလည်း များပါတယ်။ သီလ၀ါ စီးပွားရေးဇုန်က ဒီဇင်ဘာမှာ စမှာဆိုတော့ ကြည့်တဲ့သူ များနေတာပါ။ နောက်ပိုင်းဆိုရင် ဒီထက်ပိုများ လာမယ်လို့ ထင်ပါတယ်" ဟု ယင်းကဆိုသည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံသို့ မေလအတွင်း လာရောက်ခဲ့ပြီးသည့် နောက်ပိုင်းတွင်လည်း သီလ၀ါ ဆိပ်ကမ်းအနီးရှိ စက်မှုဇုန် မြေနေရာ ဈေးကွက်များမှာ ဈေးပိုမို မြင့်တက်လာခဲ့ပြီး ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ စတင်ကာ ဈေးစတင် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိ ရသည်။ ယခုလက်ရှိ ပေါက်ဈေးမှာ လမ်းမတန်းရှိ စက်မှုဇုန် မြေနေရာသည် တစ်ဧကလျှင် ကျပ်သိန်းသုံးထောင်ဝန်းကျင် ပေါက်ဈေးရှိကာ အတွင်းဘက်ခြမ်းတွင်မူ ကျပ်သိန်း နှစ်ထောင့်ငါးရာ ပေါက်ဈေးရှိနေကြောင်း ယခင်ကမူ လမ်းမတန်းရှိ စက်မှုဇုန် မြေနေရာသည် ကျပ်သိန်း နှစ်ထောင့်ငါးရာ၊ အတွင်းဘက် အခြမ်းတွင် ပေါက်ဈေး သိန်း ၁၈၀၀ ခန့်သာ ရှိခဲ့ကြောင်းကိုလည်း သိရသည်။ အိမ်၊ ခြံ၊ မြေ ဂျာနယ်

ရန်ကုန်မြို့တွင် ၁၅ ထပ်အမြင့်ရှိ အထပ်မြင့် ကားပါကင် ဆိပ်ကမ်းသာလမ်းတွင် ဆောက်လုပ်ရန် စီစဉ်

ရန်ကုန်မြို့တော်တွင်း ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေရှင်းနိုင် ရန်ရည်ရွယ်၍ အထပ်မြင့် ကားပါကင်များ ဆောက်လုပ်ရန် ရည်မှန်းထားခဲ့ရာ ပထမဆုံး အနေဖြင့် ၁၅ ထပ် အမြင့်ရှိ အထပ်မြင့် ကားပါကင်အား မြို့လယ်ရှိ ဆိပ်ကမ်းသာလမ်းတွင် ဆောက်လုပ်ရန် စီစဉ်နေသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ အထပ်မြင့် ကားပါကင်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်မြေ အကျယ်အ၀န်း ပေ ၃၀x ပေ ၅၀ ရှိ မြေကွက်တွင် ဆောက်လုပ်သွားရန် စီစဉ်နေခြင်းဖြစ်ပြီး တစ်ထပ်လျှင် ကားရှစ်စီးမှ ၁၀ စီးခန့်အထိ ရပ်နားနိုင်မည် ဖြစ်ကာ စုစုပေါင်း ၁၅ ထပ်အတွက် ကားအစီးရေ ၁၀၀ ကျော် ရပ်နားနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ရပ်နားခြင်းအတွက် ယာဉ်ရပ်နားခ ကောက်ခံမည်ဖြစ်ပြီး ယင်းသို့ အထပ်မြင့် ကားပါကင် ဆောက်လုပ်နိုင်ရန်အတွက် ဂျပန်နိုင်ငံသို့ လေလာရေးအဖွဲ့များ စေလွှတ်သွားရန် ရှိကြောင်းလည်း သိရသည်။ အထပ်မြင့် ကားပါကင်များကို မည်သည့် ပုံစံဖြင့် ဆောက်လုပ်မည်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူမည် ဆောက်လုပ်မည် (သို့မဟုတ်) လုပ်ငန်းရှင်များအား ဖိတ်ခေါ်ဆောက်လုပ်စေမည် စသည်တို့မှာမူ အသေးစိတ် မသိရသေးပေ။ ''ဆိပ်ကမ်းသာလမ်းမှာက ပထမဆုံး အထပ်မြင့် ကားပါကင်လုပ်ဖို့ စီစဉ်နေတာပါ။ ဘာပဲပြောပြော စည်ပင်သာယာပိုင်မြေကွက် အနေအထားပေါ်မှာ မူတည်ပြီး နောက်ပိုင်းဆက်လုပ်ဖို့ စီစဉ်သွားမှာပါ'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ရန်ကုန်မြို့တော်တွင် ယာဉ်အစီးရေ တိုးပွားလာခြင်းနှင့်အတူ ယာဉ်ရပ်နားနိုင်သည့် နေရာမရှိခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း၊ ထိုသို့ယာဉ်ကြော ပိတ်ဆို့မှုများ ဖြေရှင်းနိုင်ရန်ရည်ရွယ်၍ အထပ်မြင့် ကားပါကင်များကို ဆောက်လုပ်ရန် ပြည်ပလုပ်ငန်းရှင်များကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ပြောကြားထားသည်။ ''ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှုကို အမျိုးမျိုး ဖြေရှင်းနေပေမယ့် ထိရောက်မှုရှိတာကို မတွေ့ရသေးဘူး။ အခုယာဉ်မရပ်ရလမ်းတွေ သတ်မှတ်လိုက်တော့ ကားတွေက လမ်းမပေါ် မရပ်ရတော့ လမ်းသွယ်တွေ ထဲမှာရပ်ပြီး ကားတွေပိတ်နေတယ်။ အထပ်မြင့် ကားပါကင်တွေ လုပ်မယ်ဆိုလည်း နေရာကျယ်ကျယ် ၀န်းဝန်းယူပြီး ထိရောက်စွာ လုပ်သင့်တယ်'' ဟု ရန်ကုန်မြို့ပြရေးရာ ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ပြောကြားသည်။

ရန်ကုန်မြို့လယ်ရှိ Myanmar Shopping Mall အဆောက်အအုံနှင့် ဂိုဒေါင်တို့ကို ဟိုတယ်ဆက်စပ် လုပ်ကိုင်လိုသော လုပ်ငန်းများ ရင်းနှီးရန်ခေါ်ယူ

ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၌ ရှိသော သုံးထပ်တိုက် အဆောက်အအုံ Myanmar Shopping Mall နှင့် သုံးထပ်ရှိသော ဂိုဒေါင်တို့ကို ဟိုတယ်နှင့် ဆက်စပ် လုပ်ကိုင်လိုသော လုပ်ငန်းများ ရင်းနှီးရန်ခေါ်ယူမှုကို ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်း အလျားပေ ၁၀၀ x အနံ ပေ ၆၀ ရှိသော Myanmar Shopping Mall အဆောက်အအုံနှင့် အလျားပေ ၄၀ x အနံပေ ၅၀ ရှိသော Myanmar Shopping Mall ၏ ဂိုဒေါင်တို့မှာ မူလက ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန မြန်မာ့ဟိုတယ်နှင့် ခရီးလုပ်ငန်းမှ ငှားရမ်းထားသော အဆောက်အအုံဖြစ်ပြီး ငှားရမ်းမှု သက်တမ်းမှာ ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် နိုဝင်ဘာ ၂၆ ရက်က လုပ်ကိုင်လိုသူ ပြည်တွင်း လုပ်ငန်းရှင်များကို ငါးနှစ်သက်တမ်းဖြင့် လုပ်ကိုင်နိုင်ရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ဟိုတယ်တင်ဒါ ခေါ်ယူရေးလုပ်ငန်း ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ''အဓိကကတော့ ဟိုတယ်နှင့် ဆက်စပ်တာတွေ လုပ်ဖို့အတွက်ပါ။ ဘာတွေပါမလဲဆိုတော့ အဓိက စားသောက်ဆိုင်၊ ရုပ်ရှင်ရုံ၊ လေယာဉ်အရောင်း လက်မှတ်ဆိုင် စသဖြင့် ၀န်ဆောင်မှု ပေးမယ့်ဟာတွေကို အဓိကထား လုပ်ဆောင်မှာ ဖြစ်တယ်'' ဟု ပြောကြားသည်။ သို့သော် တင်ဒါစည်းကမ်းချက်များကို တရားဝင် ထုတ်ပြန်ထားခြင်း မပြုလုပ်သေးသော်လည်း နိုဝင်ဘာ ၂၅ ရက်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနရုံး၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဟိုတယ်တင်ဒါ ခေါ်ယူရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။ အဓိကကတော့ ဟိုတယ်နှင့် ဆက်စပ်တာတွေ လုပ်ဖို့အတွက်ပါ။ ဘာတွေပါမလဲဆိုတော့ အဓိက စားသောက်ဆိုင်၊ ရုပ်ရှင်ရုံ၊ လေယာဉ်အရောင်း လက်မှတ်ဆိုင် စသဖြင့် ၀န်ဆောင်မှု ပေးမယ့်ဟာတွေကို အဓိကထား လုပ်ဆောင်မှာ... ''အဓိကကတော့ အခုတင်ဒါ ခေါ်ယူမှုမှာ ဥပမာငါးနှစ်သက်တမ်းလို့ ပြောထားတယ်။ အဲဒီမှာ နှစ်ဘယ်လောက် ဆက်လက် ငှားရမ်းနိုင်မလဲ။ နောက်ပြီး မြှုပ်နှံမယ့် လုပ်ငန်းရှင်တွေက ဘယ်လိုတွေ တင်ပြကြမလဲ ဆိုတဲ့အပေါ်ကို ညှိနှိုင်းမှာဖြစ်တယ်'' ဟု ဟိုတယ်တင်ဒါ ခေါ်ယူရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။ ယင်းသို့ ပြုလုပ်ပြီးပါက လုပ်ကိုင်နိုင်သည့် ပြည်တွင်းလုပ်ငန်းရှင် မည်သူမဆို လျှောက်ထားနိုင်ကြောင်း၊ နိုဝင်ဘာ ၂၆ ရက်၌ တင်ဒါအောင်မြင်သူကို ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ Myanmar Shopping Mall အဆောက်အအုံမှာ ထူးလုပ်ငန်းစု လက်အောက်တွင်ရှိ Air Bagan လေကြောင်းလိုင်းနှင့် ဆက်စပ်သော လုပ်ငန်းများနှင့် Yangon United ဘောလုံးအသင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ အဓိကထား လုပ်ကိုင်နေကြောင်း သိရသည်။

သန်လျင်မြို့ဝင်မှ ကြယ်စင်အိမ်ရာ ဇုန်ဘီတိုက်ခန်းများ နောက်ဆုံးအကြိမ်အဖြစ်ရောင်းချမည်။ ==========================================

သန်လျင်ရှိကြယ်စင်မြို့တော် Star City မှ တိုက်ခန်းအသစ်ပေါင်း ၄၃၃ခန်းကို လာမည့် နိုဝင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် စင်္ကာပူ၊ သန်လျင်နှင့် မန္တလေးမြို့ အရောင်းပြခန်းများတွင် ဘိုကင်လက်ခံ၍ရောင်းချပေးသွားမည်ဟု သိရသည်။ ယခုတစ်ခေါက်ရောင်းချပေးမည့်တိုက်ခန်းများမှာ ဇုန်ဘီအဖြစ်သတ်မှတ်ထားသည့် တိုက်ခန်းများဖြစ်ပြီး ဇုန်ဘီအတွက် နောက်ဆုံးအကြိမ် ရောင်းချခြင်းလည်းဖြစ်ကြောင်း YOMA အိမ်ခြံမြေလုပ်ငန်းဆိုင်ရာလုပ်ငန်းခွဲ အုပ်ချုပ်မှုဒါရိုက်တာ Mr.Elmar A.Busch ကပြောသည်။ ၄င်းတိုက်ခန်းများမှာ YOMA Strategic မှ ၂၀၁၃ ခုနှစ်ဧပြီမှစတင်ပြီး ၂၀၁၆ ခုနှစ် ပထမလေးလပတ်ပြီးစီးအောင် တည်ဆောက်ရန် ရည်ရွယ်ထားသည့် အိမ်ရာသစ်တည်ဆောက်မှုအဆင့် ငါးဆင့်အနက် ဒုတိယအဆင့်လည်းဖြစ်ကြောင်းသိရသည်။ ကြယ်စင်မြို့တော်အိမ်ရာတွင် အရောင်းဆိုင်ခန်းများ၊ စားသောက်ဆိုင်များနှင့် ဘဏ်လုပ်ငန်းများဖွင့်လှစ်ရန် လက်မှတ်များလည်း ရေးထိုးပြီး ဖြစ်ကာ လာမည့်လအနည်းငယ်အတွင်းစတင်သွားမည်ဖြစ်သည်။ ထို့ပြင် ပထမဆုံးရောင်းချပေးခဲ့သည့် ဇုန်အေ ရှိတိုက်ခန်းပေါင်း တစ်ထောင်ကျော်မှာလည်း အားလုံးရောင်းထွက်ပြီးဖြစ်ကြောင်း အုပ်ချုပ်မှုဒါရိုက်တာ Mr.Elmar A.Busch ကဆက်ပြောသည်။ အဆိုပါ ဇုန်ဘီကို SPA Project Management Pte. Ltd နှင့် Dragages Singapore Pte Ltd အပြင် BYMA Pte Ltd တို့အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းလည်းဖြစ်ပြီး ကမ္ဘာသိအခြေခံအဆောက် အဦးတည်ဆောက်ရေးလုပ်ငန်း Bouygues S.A ကတည်ဆောက်ခြင်းဖြစ်သည်။ ကြယ်စင်အိမ်ရာ (Star City)တွင် စတုရန်းပေ ၆၄၂ပေမှ ၃၃၇၄စတုရန်းပေကျယ် အိမ်ခန်းအမျိုးအစား ၂၃ မျိုးကိုဝယ်ယူရရှိနိုင်ပြီး ဈေးနှုန်းအားဖြင့် အိပ်ခန်းတစ်ခန်းပါ အိမ်ခန်းအတွက် အမေရိကန်ဒေါ်လာ ရှစ်ထောင်ကျော်မှစတင်ပြီး အိပ်ခန်းလေးခန်းပါ အိမ်ခန်း အတွက် ကန်ဒေါ်လာ လေးသောင်းငါးထောင်ကျော်ကျသင့်မည်ဖြစ်သည်။ သုတလင်း

လယ်ယာမြေကိုအိမ်ခြံမြေသဖွယ်စိတ်ပိုင်းရောင်းချခြင်း

ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်တစ်ခုတွင် မြို့သစ်စီမံကိန်းများသတင်းကြောင့် မြေကိုဝယ်ယူရင်းနှီးမြုပ်နှံလိုသူများများပြားနေသောအချိန်တစ်ခုတွင်ဖြစ်ပွားခဲ့သောအဖြစ်အပျက်တစ်ခုဖြစ်ပါသည်။ လယ်ယာမြေကို ဘိုးဘွားပိုင်မြေသဖွယ် 20'x60' ပေ မြေကွက်များ 40'x60' ပေ မြေကွက်များအဖြစ် ဈေးနုန်းသက်သက်သာသာဖြင့် စိတ်ပိုင်းရောင်းချပါသည်။ မြေအကြောင်းသေချာစွာမသိရှိသေးသူများအနှေနှင့် ၀ယ်ယူနိုင်စေ၇န်ဆွဲဆောင်သော ဈေးနုန်းဖြင့် ဥပမာ သိန်း၂၀၊၃၀ စသည်ဖြင့် ရောင်းချသဖြင့်ဝယ်ယူမိသူများရှိခဲ့သည်။ ရောင်းချသူမှာလည်း လယ်မြေကို ပြေစာမိတ္တူများဖြင့် ၀ယ်သူများကိုရောင်းချခြင်းဖြစ်သည်။ လယ်မြေဆိုသည်မှာ သတ်မှတ်စပါးနှင့်အခြားသီးနှံစိုက်ပျိုးရန်မှလွဲပြီးအိမ်ဆောက်ခွင့်လုံးဝမရှိသော မြေအမျိုးအစားဖြစ်ပါသည်။ ၀ယ်ယူမိသူများမှာ အိမ်ယာမြေကွက်အဖြစ်အသုံးပြုမရသဖြင့်နစ်နာဆုံးရူံးမှုများစွာဖြစ်ကြရသည်။ ထို့ကြောင့် မိမိဝယ်ယူလိုသောမြေအမျိုးအစားအကြောင်း ကြိုတင်လေ့လာပြီးမှသာ ၀ယ်သင့်မ၀ယ်သင့် ဆုံးဖြတ်ဝယ်ယူသင့်ကြပါသည်။ (သတင်းစာမှာ တခါကြော်ငြာလို့မေးဖူးပါတယ်...လယ်မြေကို ၂၅ x ၅၀.....၄၀ x ၆၀ ရောင်းတာဒီတခါပဲးမြင်ဖူးပါတယ်...မေးတော့လဲး ပိုင်ကိုယ်တိုင်ရောင်းတာ ခိုင်မာတယ်လိုတောင် ဘုကျကျပြန်ဖြေသေးတယ်....ဒီတော့ရှင်းရှင်းပဲးပြောလိုက်မယ်....လယ်မြေဆိုတာ...ခြံတောင်ခတ်ခွင့်မရှိပါ...သက်သာတယ်ဆိုပြီးမ၀ယ်သင့်ပါကြောင်း.....သတိပေးလိုက်ပါတယ် ) အိမ်၊ ခြံ၊ မြေ ဂျာနယ်

ကွန်ဒိုဥပဒေမူကြမ်းအရ နိုင်ငံခြားသားများ ပိုင်ဆိုင်ခွင့်ရှိနိုင်

နေထိုင်သူများပြီး အချက်အချာကျသည့် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်တွင်တည်ရှိသော ပုလဲကွန်ဒို အဆင့်မြင့်အိမ်ရာကို တွေ့ရစဉ်။ ဓာတ်ပုံ - အေးဇော်မျိုးနေထိုင်သူများပြီး အချက်အချာကျသည့် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်တွင်တည်ရှိသော ပုလဲကွန်ဒို အဆင့်မြင့်အိမ်ရာကို တွေ့ရစဉ်။ ဓာတ်ပုံ - အေးဇော်မျိုး နိုင်ငံခြားသားများအတွက် ကွန်ဒိုမီနီယံ တိုက်ခန်းများ ပိုင်ဆိုင်နိုင်ရေး အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် ကွန်ဒိုဥပဒေကြမ်းသည် အဆင့်မြင့်သည့် ဆောက်လုပ်ရေးနှင့် အိမ်ရာ တည်ဆောက်ရေး လုပ်ငန်းဈေးကွက်ဖြစ်ပေါ်လာအောင် လမ်းညွှန် မှုပေးနိုင်ကြောင်း အိမ်ခြံမြေ ကဏ္ဍ ကျွမ်းကျင်သူများက ပြောသည်။ နိုဝင်ဘာလ ၁၀ ရက်နေ့က မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြခဲ့သည့် ကွန်ဒိုမီနီယံဥပဒေကြမ်းတွင် နိုင်ငံခြားသားများသည် ကွန်ဒိုအဆောက် အအုံများ၏ ခြောက်လွှာနှင့်အထက် တိုက်ခန်းများကို ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ပါရှိသည်။ ထို့ပြင် နိုင်ငံခြားသားများသည် ခြောက်လွှာနှင့်အထက် ကွန်ဒိုတိုက်ခန်း များအား အမြင့်ဆုံး ၄၀ ရာခိုင်နှုန်း အထိ ၀ယ်ယူခွင့်ရှိကြောင်း အဆိုပါကွန်ဒိုဥပဒေ မူကြမ်းအပြည့်အစုံတွင် သတ်မှတ် ပြဋ္ဌာန်းထားသည်။ နိုင်ငံခြားသားများအတွက် အိမ်ရာပိုင်ဆိုင်မှုများကို ခွင့်ပြုပေးခြင်းဖြင့် အိမ်ရာဈေးကွက် အခြေအနေ သည် ယခုထက် ပိုမိုအားကောင်း အသက်ဝင် လာမည်ဖြစ်ကြောင်း Capital Development၏ အထွေထွေမန်နေဂျာ ဦးစိုးသီဟလှိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။ "ဒီဥပဒေကြောင့် မြန်မာ့အိမ်ခြံမြေ ဈေးကွက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ ပိုပြီးရလာနိုင်ပါတယ်။ ဒီအိမ်ခြံ မြေလုပ်ငန်းဟာ မြန်မာနိုင်ငံက အိမ်ပိုင်ရှင်တွေ အိမ်ဝယ်သူတွေအတွက် အကျိုးဖြစ်ထွန်း စေမှာပါ။ မြန်မာနိုင်ငံရဲ့ အိမ်ရာဈေးကွက်မှာ နိုင်ငံခြားသားတွေဆီက အထိုက် အလျောက် စိတ်ဝင် စားမှုတွေ ရရှိထားပြီးသားပါ။ အထူးသဖြင့် အိမ်နီးချင်း အာရှနိုင်ငံတွေကပါပဲ။ နောက်ပြီး ဒီဥပဒေ အရ နိုင်ငံခြားသား အိမ်ရာပိုင်ဆိုင်မှုတွေကို ခွင့်ပြုပေးလိုက်တာ ကြောင့် မြန်မာ့အိမ်ရာဈေးကွက် အတွင်း များပြားလှတဲ့ ငွေကြေးထည့်ဝင် မှုတွေ ရရှိလာအောင် ဖန်တီးပေးနိုင်ပါတော့မယ်"ဟု ၎င်းကပြောသည်။ Scipio Services ၏ အုပ်ချုပ်မှုဒါရိုက်တာ ဘရက်မေလာကလည်း မြန်မာနိုင်ငံ၏ ကွန်ဒိုမီနီယံ ဈေးကွက်သို့ ၀င်ရောက်ရန် စိတ်ဝင်စားနေသည့် နိုင်ငံခြားသားများ ရှိနေပြီးသား ဖြစ်ကြောင်း ပြော သည်။ "အခု ကျွန်တော်တို့ဆီမှာ မြန်မာ့ အိမ်ခြံမြေဈေးကွက်ကို စိတ်ဝင်စားနေ ကြတဲ့ နိုင်ငံခြားအဖွဲ့အစည်း ၃၆၉ ဖွဲ့ ရှိနေပါတယ်။ ဒီစာရင်းအရ ရည်ရွယ် ထားတဲ့စီမံကိန်းတွေ၊ တည်ဆောက် တော့မယ့် စီမံ ကိန်းတွေကို ဒီလို စိတ်ဝင်စားနေတဲ့ နိုင်ငံခြားအဖွဲ့ အစည်းအတွေကို အသိပေးပြောကြား နိုင်တော့ မှာဖြစ်တာကြောင့် ရင်းနှီး မြှုပ်နှံဖို့အတွက် ကြိုရောင်းတိုက်ခန်း တွေကို သူတို့စဉ်းစားနိုင်တယ်လေ" ဟု မစ္စတာမေလာက ပြောသည်။ ယခုကဲ့သို့ မြန်မာအိမ်ရာများအား နိုင်ငံခြားသားပိုင်ဆိုင်မှုအတွက် ၁၀၀ ရာခိုင်နှုန်းရရှိနိုင်အောင် ဆောင်ရွက်ပေးခြင်းမှာ အစိုးရ၏ ပထမဆုံးအကြိမ်ခွင့်ပြုချက်ပင် ဖြစ်သည်။ "နိုင်ငံခြားသားပိုင်ဆိုင်မှုဆိုတဲ့အချက်ဟာ မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်ကို ကောင်းမွန်တဲ့အကျိုး သက်ရောက်မှုတွေ ပေးနိုင်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆောက်လုပ်ရေးလုပ်ငန်း တွေဟာ နိုင်ငံခြားသားဝယ်သူတွေ ရရှိဖို့ အတွက် အရည်အသွေးကောင်းမွန်တဲ့ ဆောက်လုပ်မှု တွေနဲ့ အိမ်ရာစီမံကိန်းတွေအတွက် ကောင်းမွန်တဲ့စီမံခန့်ခွဲမှု တွေကိုရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြတော့မှာမို့လို့ပါ"ဟု မစ္စတာ မေလာက ပြောသည်။ Pronto Real Estate ၏ အုပ်ချုပ် မှုဒါရိုက်တာ ဦးရော်ဘင်စောနိုင်က လည်း ကွန်ဒိုတိုက်ခန်းများ အတွက် နိုင်ငံခြားသားပိုင်ဆိုင်မှုများအား ခွင့်ပြုပေးခြင်းဖြင့် ဆောက်လုပ်ဆဲ အရည်အသွေးမြင့် အနာဂတ်လူနေတိုက်ခန်းများ တိုးပွားလာအောင် အထောက်အကူဖြစ်စေကြောင်းပြောသည်။ သို့သော် ထို့သို အဆင့်မြင့် တိုက်ခန်းများအား ဈေးကွက်အတွင်း မြင့်တွေ့နိုင်ရန်မှာ အချိန်ကြာဦး မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ "ကုမ္ပဏီကြီးတွေကို ကိုယ်စားပြုဆောင်ရွက်နေကြတဲ့ နိုင်ငံ ခြားသားတချို့ဟာ ငှားရမ်းခပေးရတာထက် ကွန်ဒိုတွေဝယ်ဖို့ကို စိတ်ဝင်စားနေကြ ပါတယ်။ ဒါပေမဲ့ ကွန်ဒိုတိုက်ခန်းတွေရဲ့ အရည်အသွေးနဲ့ ဈေးနှုန်းဟာ တကယ် တော့ ကျေနပ်စရာ မကောင်း ပါဘူး။ တစ်ခန်းကို အမေရိကန်ဒေါ်လာ သန်းတစ်ဝက်လောက် တန်ကြေးရှိတဲ့ အရည်အသွေးမြင့် ကွန်ဒိုတိုက်တွေ ဟာ အခုမှဆောက်လုပ်နေဆဲ အခြေ အနေမှာပဲရှိပါသေးတယ်။ ရေရှည်မှာ ဆိုရင် တော့ နိုင်ငံခြားသားပိုင်ဆိုင်မှုကြောင့် အငှားဈေးကွက်မှာ ထိခိုက်မှု ရှိနိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ မဖြစ် နိုင်သေးပါဘူး"ဟု ဦးရော်ဘင်စောနိုင် က ပြောသည်။ အဆိုပါကွန်ဒိုမီနီယံဥပဒေကြမ်းတွင် Building Code သို့မဟုတ် ကွန်ဒိုမီနီယံ ဆောက်လုပ်သူတို့ အတွက် သတ်မှတ် ပြဋ္ဌာန်းထားသည့် ဆောက်လုပ်ရေး စံချိန်စံညွှန်းများ မပါသည့်အပြင် ကား ရပ်နားရန်နေရာ၊ ဓာတ်လှေကား နှင့် အများပြည်သူအပန်းဖြေနေရာ၊ သို့မဟုတ် ၀န်ဆောင်မှုကဏ္ဍ များကို လည်း သတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိပေ။ ကွန်ဒိုမီနီယံဥပဒေကြမ်းကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလက ပြည်သူ့ လွှတ်တော်တွင် ပထမဆုံးအဆိုပြု တင်သွင်းခဲ့သည်။ ထိုအချိန်က အိမ်ခြံ မြေဈေးကွက်လေ့လာသူများက ယင်း ဥပဒေသည် ကွန်ဒိုတိုက်ခန်းများ၏ မြင့်မား လွန်းလှသော အငှားဈေးနှင့် ရောင်းဈေးများကို တည်ငြိမ်အောင် ဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့် ထားကြောင်း ပြောကြားခဲ့ကြသည်။ အချို့တိုက်ခန်းများ၏ ဈေးနှုန်းများ သည် နှစ်အလိုက် သုံးဆကျော်အထိ မြင့်တက်လျက်ရှိသည်။ ကွန်ဒိုဥပဒေကြမ်းတွင် ကွန်ဒိုမီနီယံ အဆောက်အအုံများအား လူနေရပ်ဝန်း အတွင်းရှိ မြေကွက် များတွင်သာ ဆောက်လုပ်ရမည်ဖြစ်ပြီး မြေကွက် အကျယ်မှာ အနည်းဆုံးတစ်ဧက ရှိရ မည်ဖြစ် ကြောင်း ဖော်ပြပါရှိသည်။ မြေကွက်ငယ်များသည် ကွန်ဒိုမီနီယံ ဆောက်လုပ်ရေးလုပ်ငန်းများ မစတင် မီ ဆောက်လုပ်ရေးဝန် ကြီးဌာန၏ ခွင့်ပြုချက်အား အရင်ဆုံးဖော်ပြပေး ရန် လိုအပ်သည်ဟု အဆိုပါကွန်ဒိုဥပဒေကြမ်းတွင် ဖေါ်ပြပါရှိသည်။ Scipio Servicesမှ မစ္စတာမေလာ က တစ်ဧကဆိုသည့် သတ်မှတ်ချက်မှာ ကွန်ဒိုအဆောက် အအုံအသစ်များ၏ ဆောက်လုပ်ရေးဈေးကွက်ကို ကြီးကြီး မားမား အကျိုးသက်ရောက်နိုင်မည့် အလားအလာများရှိသော်လည်း မြေကွက်အသေးများတွင် ဆောက်လုပ် မည့် ကွန်ဒိုလုပ်ငန်းများ အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ခွင့်ပြုချက်လျှောက်ထားရမည့် လုပ်ငန်း စဉ်၏ သဘော သဘာဝနှင့်ပတ်သက် ၍ ထည့်သွင်းစဉ်းစားရမည့် အချက်များစွာရှိကြောင်း ပြောသည်။ "ခွင့်ပြုချက်လျှောက်ထားမှု လုပ်ငန်းစဉ်ဟာ ရှင်းလင်းမှုမရှိဘဲ ရှုပ်ထွေး နေမယ် အချိန်ကြာနေမယ် ဆိုရင် နိုင်ငံခြားဆောက်လုပ်ရေးလုပ်ငန်းတွေဟာ သူတို့ရဲ့ အိမ်ရာစီမံကိန်းတွေ ကို ဈေးကွက်ထဲ မြန်မြန်ရောက်စေ ချင်တဲ့အတွက် ဒီလိုမျိုး ခွင့်ပြုချက်လျှောက်ထားမှုလုပ်ငန်းစဉ်အားလုံးကို ရှောင် ရှားနိုင်အောင် ကြိုးစားလာကြလိမ့်မယ်"ဟု ၎င်းက ပြောသည်။ "လူနေဧရိယာအတွင်း အဓိက လမ်းမကြီးတွေပေါ်က တစ်ဧကကျယ်တဲ့ မြေကွက်တွေကို ရှာဖို့ဆို တာ မလွယ် ပါဘူး။ တစ်နည်းအားဖြင့် ဒီလိုအရည်အသွေးပြည့်မီတဲ့ မြေကွက်တွေဟာ မြေပိုင်ရှင် အနည်းငယ်ရဲ့ လက်ထဲမှာသာရှိပြီး မြေတန်ဖိုးကိုလည်း ခေါင်ခိုက် နေအောင်ဈေးခေါ်ကြမှာပဲ"ဟု မစ္စတာ မေလာက ပြောသည်။ ယင်းကွန်ဒိုဥပဒေကြမ်းတွင် ကွန်ဒို အဆောက်အအုံများအား စီမံခန့်ခန့်ခွဲ ခြင်းနှင့် ထိန်းသိမ်းပြုပြင် ခြင်းတို့ကို ကြီးကြပ်ဆောင်ရွက်ရန်အတွက် အဆောက်အအုံ စီမံခန့်ခွဲမှုကော်မတီ များ ဖွဲ့စည်းတည် ထောင်ခြင်းနှင့် ၎င်းတို့၏လုပ်ငန်းဆောင်ရွက်မှုများကို လည်း ဖော်ပြထားသည်။ အကယ်၍ ဆောက်လုပ်ပြီး ကွန်ဒိုအဆောက် အအုံတစ်ခုတွင် ၅၀ ရာခိုင်နှုန်းကျော် လူနေထိုင်မှုရှိ လျှင် ၎င်းစီမံခန့်ခွဲမှု ကော်မတီသည် နေထိုင်သူများ၏အစည်းအဝေးရလဒ်အရ ဖွဲ့စည်းတည်ထောင် ရမည်ဖြစ်ကြောင်း ပါရှိသည်။ အကယ်၍ လူနေထိုင်မှု ၅၀ ရာခိုင် နှုန်းအောက်ရှိသော ကွန်ဒိုအဆောက် အအုံအတွက်ဆိုလျှင် နေရာချထားရေး ဌာနမှ အဆိုပါအဆောက်အအုံ အတွက် ထိန်းသိမ်းကြီးကြပ် ရေး ကော်မတီတစ်ရပ်ကို တာဝန်ချထား ပေးရမည်ဖြစ်သည်။ အဆိုပါကွန်ဒိုဥပဒေတွင် ကွန်ဒို အဆောက်အအုံများ သို့မဟုတ် သီးသန့်တိုက်ခန်းများ၏ အရွယ် အစား၊ အမြင့်တို့နှင့်ပတ်သက်ပြီး သတ်မှတ် ပြဋ္ဌာန်းခြင်းများ မပါရှိပေ။ အိမ်ရာ ကဏ္ဍကျွမ်းကျင် သူများက ကွန်ဒိုဥပဒေ တွင်ပါရှိသော ကန့်သတ်ချက် အမြောက်အမြားကြောင့် လာမည့် ကာလ များအတွင်း ရင်းနှီးမြှုပ်နှံသူများ အား အဟန့်အတားဖြစ်စေနိုင်ကြောင်း ပြောသည်။ အိမ်ခြံမြေအကျိုးတော်ဆောင်များ က ကွန်ဒိုတိုက်ခန်းများအတွက် အငှား ဈေးနှုန်းမြင့်မားနေသည့် အချက်သည် နိုင်ငံခြားသားများ အများအပြား ၀င်ရောက်လာခြင်းကြောင့် ဖြစ်နိုင်ကြောင်း ပြောသည်။ ဇာဇာစိုး ဘာသာပြန်သည်။

နံရံပြည့်ကြော်ငြာတွေနဲ့ ခံ့ညား နေတဲ့ မြို့လယ်က တိုက်တွေ

ဒီနှစ် စက်တင်ဘာလမတိုင်ခင်အထိ တာမွေမြို့နယ်မှာရှိတဲ့ ဒေါ်နှင်းအေးရဲ့ တိုက်က ရန်ကုန်မြို့ရဲ့ အခြားသက်တမ်း ရင့်တိုက်တွေလို ဟောင်းနွမ်းဆဲတိုက်တစ်လုံးသာ ဖြစ်ပါတယ်။ တိုက်ရဲ့မျက်နှာ စာမှာတော့ ဟောင်း နွမ်းနေပြီဖြစ်တဲ့ ကြွေပြားတွေနဲ့ အပြာ ရောငှ်ုပ နြအ ရုပ်သံဖမ်းစက်တွေ တပ် ဆင်ထားတာတဲ့ ကျိုက္ကဆံလမ်းနဲ့ ဗညားဒလလမ်းထောင့်မှာရှိတဲ့ ရှစ်ထပ် တိုက်ကတော့ အနား ပတ်ဝန်းကျင်ရှိ တိုက်တွေထက် ထင်ထင်ရှားရှား ဖြစ်နေစေတယ်။ ဒေါ်နှင်းအေးဟာ သူ့ရဲ့တိုက်မှာ Myanmar Distribution Group (MDG) က ဗီနိုင်းချိတ်ပြီး ကြော်ငြာကပ် ဖို့ကမ်းလှမ်းမှုကို နှစ်ကြိမ်တိုင်တိုင် ငြင်းဆိုခဲ့ပေမယ့် နောက်ဆုံးမှာတော့ တိုက်ကို ဆေးသုတ်ဖို့ကိုတော့ သဘော တူ လက်ခံခဲ့ပါတယ်။ "ကျွန်မနောက်ဆုံးတော့ ဆေးသုတ် ဖို့ကို လက်ခံလိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒါက တိုက်မှာနေတဲ့သူတွေ ကို အနှောင့်အယှက်မဖြစ်ဘူးလို့ ယုံကြည်လို့ပါ။ ဗီနိုင်းကျတော့ ပြတင်း ပေါက်တွေ ပိတ်သွားမှာစိုးလို့ ကျွန်မ က လက်မခံခဲ့တာ"ဟု ဒေါ်နှင်းအေးက ပြောပါတယ်။ ရက် အနည်းငယ်ကြာတဲ့အခါမှာ တိုက်ရဲ့ ဆေးသုတ်မယ့်အခြမ်းကို လိမ္မော်ရောင်နဲ့ အလှဆင်ပါတယ်။ အခုတော့ အဲဒီတိုက်ဟာ Sunkist Building လို့ လူအများပြောစမှတ်ပြု စရာဖြစ်နေပြီး လမ်းမ အလယ်မှာ အချိုရည်ကြော်ငြာကို နံရံဆေးရေးပန်းချီနဲ့ ကြော်ငြာထားတဲ့တိုက်အဖြစ် ခန့်ခန့်ညား ညား တည်ရှိနေပါတယ်။ ရန်ကုန်မြို့ရဲ့ အထပ်မြင့် တိုက်ရှစ်လုံး လောက်ကို Sunkist Building အဖြစ် နေရာယူပြီးဖြစ်တဲ့ ဒီကြော်ငြာဟာ ဈေးကွက်ရှာဖွေသူများရဲ့ ကျွမ်းကျင်မှု တစ်ခုပဲ ဖြစ်ပါ တယ်။ MDG ဟာ ၁၉၉၆ ခုနှစ်လောက်က စတည်ထောင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး Gold Roast Coffeemix နဲ့ Royal Myanmar Tea Mix တွေကို အဓိက ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ အချိုရည် ဘက်ကို ခြေဦးလှည့် လာပြီး မလေးရှားကှကညုငျအ နဲ့ ၇ကစ အချိုရည်တွေကို တင်သွင်း ရောင်း ချခဲ့ပါတယ်။ ပြည်တွင်းမှာ ထုတ်လုပ်ဖို့ သဘော တူညီချက်ရထားတဲ့ အချိုရည် အမှတ် တံဆိပ်တစ်ခုဖြစ်တဲ့ Sunkist ဟာ နိုင်ငံနဲ့အ၀န်း နာမည်ကြီးအမှတ် တံဆိပ်တွေဖြစ်တဲ့ Cocacola နဲ့ Pepsi တို့ ၀င် လာတဲ့အခါမှာ မထင် မရှားဖြစ်သွားပေမယ့် တိုက်အမြင့်ကြီး တွေမှာထင်ရှားတဲ့ အရောင်တွေ သုတ်ပြီး ကြော်ငြာခွင့်ရတာဟာ ဈေးကွက်ကိုထိုးဖောက်ဖို့ အခွင့်အရေး တစ်ရပ်ဖြစ်ခဲ့ပါတယ်။ တိုက်ကိုဆေးသုတ်ပြီး ကြော်ငြာဖို့ စိတ်ကူးကိုတော့ ဈေးကွက်ရှာဖွေသူတွေက San Francisco မှာ အဲဒီလို ကြော်ငြာမျိုးတွေကို တွေ့ရှိခဲ့ပြီးနောက် ရခဲ့တာလို့ MDG က တာဝန်ရှိသူ တစ်ဦးက ပြော ပါတယ်။ Sunkist Building တစ်ခုဖြစ်လာဖို့ အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို Sunkist ကြော်ငြာစာလုံးအတွက် တစ်ပေ ပတ်လည်ကို ကျပ် ၁၀,၀၀၀ နဲ့ တစ်နှစ်စာပေးသွင်းရပြီး တိုက်တစ်ခု လုံးစာတော့ မပေးရပဲ စာလုံးရှိတဲ့နေရာအတွက်ပဲပေးရတယ်လို့ ပြောပါတယ်။ မြေပိုင်ရှင်နဲ့ အပေါ်ဆုံးထပ်မှာနေတဲ့ သူတွေကိုလည်း သူတို့ကျေနပ် သလောက် ညှိပြီးပေးရပါတယ်။ အပေါ် ဆုံးမှာနေတဲ့သူကတော့ သူ့ရဲ့ခေါင်မိုး ကို အသုံးပြုပြီး ဆေးသုတ်ရတဲ့အတွက် ရရှိတာဖြစ်ပြီး ခေါင်မိုးကိုလည်း အသစ် ပြန်လည်တပ်ဆင်ပေးရပါသေးတယ်။ အတိအကျ ဘယ်လောက်ပေးရ တယ်၊ ဘယ်လောက်လက်ခံရရှိတယ်ဆိုတာ ကိုတော့ နှစ်ဖက်စလုံးက မပြောခဲ့ကြ ပါဘူး။ နံရံ ပန်းချီနဲ့ Sunkist ကြော်ငြာတိုက် တွေအားလုံးကို လိမ္မော်ရောင်သုတ်တာတော့ မဟုတ်ပါဘူး။ ပုဇွန်တောင် အောက်ဘက်မှာရှိတဲ့ တိုက်ကိုတော့ အစိမ်းရောင်သုတ်ထားတာကို တွေ့ရ တယ်။ ရန်ကုန်က စီးပွားရေးကြော်ငြာအများစုဟာ နံရံဆေးရေးပန်းချီကို သိပ်အသုံးမပြုကြဘဲ ဗီနိုင်း၊ ကြော်ငြာဆိုင်းဘုတ်၊ ပလတ်စတစ်ရောင်စုံနဲ့ ပြုလုပ်ထားတဲ့ လက်ကမ်းစာစောင် လေးတွေကို ပိုပြီးအသုံးပြုနေကြပါ တယ်။ အဲဒါလေးတွေက ဈေးသက်သာ ပြီး မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့လည်း ကိုက်ညီမှုရှိကြလို့ပါ။ ဒါပေမဲ့လည်း MDG ကတော့ အဲဒါ တွေကိုတွန်းလှန်ပြီး အကုန်အကျများ တဲ့ နံရံဆေးရေးပန်းချီနဲ့ လူတွေရဲ့အာရုံကိုဆွဲဆောင်ခဲ့ပြီး ကုန်ကျမှုနဲ့ ညီမျှတဲ့ ရလဒ်ကိုအရယူပြီး ဈေးကွက် ကို စနစ်တကျ ထိုးဖောက်ဝင်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ မြို့တော်စည်ပင်ကို ပေးရတဲ့ ကြော်ငြာခအနေနဲ့လည်း ကြော်ငြာ ဆိုင်းဘုတ်များက နံရံဆေးရေး ပန်းချီ ထက်ပိုမိုပေးရပြီး တစ်နှစ်ကို တစ်ပေ ပတ်လည်စာအတွက် ကျပ် ၂၀,၀၀၀ ပေးရတယ်လို့ Milky Way Advertising က အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုး သော်က ပြောပါတယ်။ နံရံဆေးရေးပန်းချီရဲ့ နောက်ထပ်အားသာချက်ကတော့ မြို့တော်စည်ပင် ရဲ့ ကန့်သတ်ချက်တွေနဲ့ ငြိစွန်းမှုမရှိပဲ လွတ်လွတ်လပ်လပ် ဆေးသုတ်ခွင့် ရတာပါ။ ကြော်ငြာဆိုင်းဘုတ်တွေကိုတော့ မြို့တော်စည်ပင်က မတ်လလောက်က ကန့်သတ်ချက်တွေလုပ်ဖို့ ကြိုးစားခဲ့ပြီး ကန့်သတ်ချက်နဲ့  မညီတော့ဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဆိုင်းဘုတ် တွေကို ဖြုတ်ချခဲ့ပါတယ်။ နံရံဆေးရေး ပန်းချီနဲ့ပတ်သက်လို့ တော့ တိတိကျကျပြဋ္ဌာန်းထားတဲ့ ကန့်သတ်ချက်တွေ ချမှတ်ထားခြင်း မရှိပဲ ကြော်ညာလိုသူနဲ့ အဆောက် အအုံပိုင်ရှင်နဲ့ နေထိုင်သူတွေကသာ သဘောတူမယ်ဆိုရင် မြို့တော် စည်ပင် ကလည်း ကန့်ကွက်စရာမရှိပဲ ခွင့်ပြု ပေးတယ်လို့ ဌာနမှတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ "ကြော်ငြာဖို့နေရာလွတ်တယ် မြေရှင် ကလည်း ခွင့်ပြုတယ်ဆိုရင် ကျွန်တော်တို့က ခွင့်ပြုပေး ပါတယ်"လို့ ၎င်းက ပြောပါတယ်။ Sunkist Building ကြောင့် သိလာ တာတစ်ခုကတော့ လိမ္မော်ရောင်နဲ့ ပတ်သက်ပြီး အယူအဆ ကွဲလွဲမှုရှိတယ် ဆိုတာပါပဲလို့လည်းြွီ ကြော်ငြာ ဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။ "လူတိုင်းကတော့ လိမ္မော်ရောင်ကိုမနှစ်သက်ကြဘူး။ ဒါပေမဲ့ ကုမ္ပဏီကတော့ လိမ္မော်ရောင်ဟာ ထိရောက်မှု ရှိတဲ့ တုံ့ပြန်မှုတွေကိုပေးနိုင်မယ်လို့ ယုံကြည်ထားတယ်"လို့ သူက ပြောပါ တယ်။ Sunkist Building မှာ နေထိုင်တဲ့ သူတွေကတော့ သူတို့တိုက်ရဲ့အရောင် ဟာ မြင်လိုက်တာနဲ့ ထင်ထင်ရှားရှားနဲ့ ဆွဲဆောင်မှုရှိတယ်လို့ ထင်ကြတယ်။ တိုက်မှာနေတဲ့ သူတွေကတော့ လော လောလတ်လတ်သုတ်ထားတဲ့အရောင် ကို နှစ်သက်တဲ့အပြင် အဆောက်အအုံ က လူတွေကို လှည့်ကြည့်မိအောင် ဆွဲဆောင်ထားတယ်လို့ထင်ကြောင်း မြန်မာတိုင်း(မ်)ကို ပြောပါတယ်။ အောက်ပုဇွန်တောင်လမ်းမှာရှိတဲ့ Sunkist Building နားမှာနေတဲ့သူတွေကတော့ ဆေးသုတ် လိုက်တဲ့အတွက် တိုက်ဟာသစ်လွင်ပြီး ကြည့်လို့ ကောင်းသွားတယ်လို့ ထင်ကြောင်း ပြောကြပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုးတက်လာတဲ့ ဒီနေ့ခေတ်မှာတော့ အသစ်အဆန်းတွေ တီထွင်ပြီး ကောင်းနိုးနိုးရာရာလုပ်နေကြပေမယ့်လည်း ရိုးရိုးလေးစဉ်းစား ပြီး သေသေသပ်သပ်လုပ်နိုင်ခဲ့ရင် လည်း မထင်မှတ်တဲ့ အောင်မြင်မှုတွေ ရရှိနိုင်တယ်ဆိုတာကိုတော့ ဒီ Sunkist ကြော်ငြာက ထင်ရှားတဲ့သက်သေပြခဲ့ တာပဲ ဖြစ်ပါတော့တယ်။ မြတ်နိုးဦး နှင့် တင်မက္ကလောင်လင်

ပုဂံယဉ်ကျေးမှုဇုန်၌၊မြေယာရောင်းဝယ်မှု၊သတိထားပြုလုပ်ရန်လို

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မြေယာအရောင်းအ၀ယ် လုပ်ရာ၌ သတိထားဆောင်ရွက်ရန် သက်ဆိုင်ရာက သတိပေးထားသည်။ ဓာတ်ပုံ - ဆန်းဦးပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မြေယာအရောင်းအ၀ယ် လုပ်ရာ၌ သတိထားဆောင်ရွက်ရန် သက်ဆိုင်ရာက သတိပေးထားသည်။ ဓာတ်ပုံ - ဆန်းဦး ပုဂံ၊ အင်းဝ၊ မြောက်ဦး၊ သရေခေတ္တရာ၊ မင်းကွန်းစသည့် ယဉ်ကျေးမှုအမွေအနှစ်ဇုန်များအတွင်းတွင် လုပ်ငန်းရှင် များက မြေယာများဝယ်ယူကာ ရင်းနှီး မြှုပ်နှံမှုရှိနေသဖြင့် မြေယာဈေးနှုန်း များ အလွန် မြင့်တက်လာခြင်းကြောင့် ပြည်သူများ ရောင်းမှား၊ ၀ယ်မှားမဖြစ်စေရန် ကြိုတင်စစ်ဆေး ဆောင်ရွက် သင့်ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောသည်။ ၁၉၉၈ ခုနှစ်တွင် ယဉ်ကျေးမှုအမွေ အနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ တစ်နိုင်ငံလုံးတွင် ယဉ်ကျေးမှု အမွေအနှစ်ဒေသ ၄၆ ခုကို ရှေးဟောင်း အဆောက်အအုံ တည်ရှိရာဇုန်၊ ရှေးဟောင်းနေ ရာ တည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသောဇုန်များ အဖြစ် သတ်မှတ်ကြေညာ၍ ကာကွယ် ထိန်းသိမ်းထားလျက်ရှိသည်။ ဥပမာ အားဖြင့် ပုဂံဒေသကို ဇုန်သုံးခု အကြုံး ၀င်သော ယဉ်ကျေးမှု နယ်မြေအဖြစ် သတ်မှတ်ကြေညာထားသည်။ "ဥပဒေအရ ရှေးဟောင်းအဆောက် အအုံတည်ရှိတဲ့ဇုန်နဲ့ ရှေးဟောင်းနေရာတည်ရှိတဲ့ ဇုန်တွေထဲမှာ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာတွေ တည်ဆောက်ခွင့်ပြုထားပေမယ့်လည်း ပုဂံဒေသမှာတော့ ရှေးဟောင်းရှုခင်း တွေ ပျက်စီးတာ ရှေးဟောင်းနေရာနဲ့ အဆောက်အအုံအနီးမှာ ဟိုတယ် လုပ်ငန်း တွေ တည်ဆောက်လည်ပတ် နေရင် ရေရှည်မှာထိခိုက်ပျက်စီးမှာကို စိုးရိမ်တဲ့အတွက် ပုဂံမှာဆိုရင် ကာကွယ်ထိန်းသိမ်းတဲ့ ဇုန်အတွင်းမှာ တောင် ကန့်သတ်ထားပါတယ်"ဟု ဦးကျော်ဦးလွင်က ပြောသည်။ အကြမ်းအားဖြင့် အရှေ့ဘက် ညောင်ဦးမြို့မှ၊ မြောက်ဘက် ကျောက်ဂူ ဥမင်အထိ၊ ညောင်ဦး -ကျောက်ပန်း တောင်း မော်တော်ကားလမ်း မိုင်တိုင် ၂၂ နားမှ မိုးနတ်ကုန်းချောင်းအထိ၊ အနောက် နှင့် မြောက်ဘက်တွင် ဧရာဝတီ မြစ်၊ တောင်ဘက်တွင် ဂန့်ဂေါ ရွာအနီး မှ နာလတ်တောချောင်း အထိ နေရာ များသည် ဥပဒေအရ ထိန်းသိမ်းထား သော၊ ဟိုတယ်တည်ဆောက်ရန် နယ်မြေ ဧရိယာ ဖြစ်သည်။ အဆိုပါ ဧရိယာအတွင်းမှ ခြွင်းချက် အနေဖြင့် ဟိုတယ်ဇုန် ၁၊ ၂၊ ၃ ၊၄ ၊ ပုဂံမြို့သစ်၏ မြို့ပြဧရိယာ (သီရိပစ္စယာ ကျေးရွာမပါ)၊ ညောင်ဦးမြို့၏ မြို့ပြ ဧရိယာ (ယခင် ၀က်ကြီးအင်းကျေးရွာ ၏ မြောက် ဘက်နှင့် တောင်ဘက်မပါ) များသည် သာသနာ့ဝတ္တကမြေမဟုတ် ဘဲ ရှေးဟောင်း အဆောက် အအုံနှင့် ကင်းလွတ်ပါက ဟိုတယ်လုပ်ငန်းနှင့် လူနေထိုင်မှုများကို ခွင့်ပြုထားသည်။ ဥပဒေ မထုတ်ပြန်မီအချိန်ကတည်းက တည်ဆောက်ဖွင့်လှစ်ထားပြီးဖြစ် သော ဟိုတယ်လုပ်ငန်းများ ကိုလည်း ဆက်လက်ခွင့်ပြုပေးထားသည်။ သို့သော် ပုဂံဒေသရှိ ကျန်ရှိသော ဧရိယာများအတွင်း ကျေးရွာတည်ခြင်း၊ ယာခင်းစိုက်ပျိုးခြင်း၊ ဟိုတယ်လုပ်ငန်း များ တည်ဆောက်ခြင်း၊ ခြံစည်းရိုးကာ ခြင်းများကို လုံးဝခွင့်မပြုကြောင်း ဦးကျော်ဦးလွင်က ပြောသည်။ "ပြည်သူတွေအနေနဲ့ ဒီယဉ်ကျေးမှုဇုန်တွေရဲ့ပတ်ဝန်းကျင်မှာ ရောင်းမှား၊ ၀ယ်မှား မဖြစ်စေချင်ပါဘူး။ ပုဂံဒေသ အပါအ၀င် ယဉ်ကျေးမှုဇုန် ၄၆ ခုနဲ့ပတ်သက်လို့ သိချင်ရင်ပဲဖြစ်ဖြစ်၊ ယဉ်ကျေးမှုဇုန်နေရာ မှာ တည်ဆောက် မှုလုပ်ငန်းတွေလုပ်မယ်ဆိုရင် ဒေသ အသီးသီးမှာရှိတဲ့ ရှေးဟောင်းသုတေသန ရုံးခွဲတွေမှာ ဒါမှမဟုတ် နေပြည် တော်ရုံးချုပ်ကိုလည်း အချိန်မရွေး ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါ တယ်" ဟု ၎င်းက ပြောသည်။ ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ ဇုန်များကိုသတ်မှတ်ပြီး နိုင်ငံ တော်အဆင့် ဥပဒေများချမှတ်၍ ကာကွယ် ထိန်းသိမ်းလျက်ရှိသည်။ ပုဂံဒေသကို အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်း စောင့်ရှောက်သွားရန်ရှိသည်။ ဥပဒေ ဖြင့် ကာကွယ်ထိန်းသိမ်းထားသော ပုဂံ ဒေသမှာ လူနေဧရိယာ များဖြစ်သော ပုဂံမြို့သစ်၊ ညောင်ဦးမြို့၊ ဖွားစော၊ မင်းနန်သူ၊ တောင်ဘီ၊ မြင်းကပါ စသော ကျေးရွာ များ အပါအ၀င် ၂၇,၉၇၀ ဧက ဖြစ်သည်။ ချယ်ရီသိန်း

တံတား ဦးတွင် ဧကငါးထောင်ကျော် အကျယ်ရှိ ဟိုတယ်စီမံကိန်း စတင်မည်

မန္တလေးတိုင်း ဒေသကြီး တံတားဦး မြို့နယ်တွင် ဧကငါးထောင်ကျော် ကျယ်ဝန်းသည့် ဟိုတယ် စီမံကိန်းကို Myanmar Tourism Development Public Company က ယခုလအတွင်း စတင် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဟိုတယ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောကြားသည်။ ယင်းကဲ့သို့ လုပ်ငန်း စတင်နိုင်ရန်အတွက် အများပိုင်ကုမ္ပဏီ တည်ထောင်ရာတွင် အဆိုပြု ရှယ်ယာရှင်များကို ရှယ်ယာငွေများ စတင် တောင်းခံနေပြီ ဖြစ်ကြောင်း၊ အများပြည်သူသို့ လာမည့် ၂၀၁၄ ခုနှစ် ဧပြီလတွင် ရောင်းချနိုင်ရန် ခန့်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။ “ရှယ်ယာ ရောင်းချခွင့် ကျပြီဆိုတာနဲ့ အများပြည်သူကို ရောင်းချပေးမှာပါ၊ တစ်စုကို တစ်သောင်းကျပ် သတ်မှတ်ထားပါတယ်။ တစ်ဦးကို သိန်းပေါင်း တစ်သောင်းဖိုးထိ ဝယ်လို့ရပါတယ်” ဟု ဦးမြင့်အောင်က ဆိုသည်။ အဆိုပါ တံတားဦး စီမံကိန်း မြေနေရာတွင် ပါဝင်သည့် စိုက်ပျိုးမြေများကို လျော်ကြေးပေးရန် တောင်သူများနှင့် ညှိနှိုင်းနေကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။ မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာခြင်းကြောင့် မန္တလေး မြို့တော်တွင် နိုင်ငံခြားသား ဧည့်အဝင် များလာနိုင်သည့်အတွက် ဟိုတယ် စီမံကိန်းကို အကောင်အထည်ဖော်ရန် စီစဉ်ထားပြီး ယင်းဟိုတယ် စီမံကိန်းကို ဧရာဝတီ မြစ်ကမ်းနံဘေး အင်းဝမြို့ဟောင်း အနီးတွင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။ Voice>>>အိမ်၊ ခြံ၊ မြေ ဂျာနယ်

ရန်ကုန်မြို့တော်အတွင်း ဆိတ်ငြိမ်ရပ်ကွက်များ သတ်မှတ်ရန် လျာထားမှု နိုင်ငံတော်သမ္မတရုံး၏ အကြမ်းဖျင်း သဘောတူညီမှု ရရှိ

ရန်ကုန်မြို့တော်အတွင်း ဆိတ်ငြိမ်ရပ်ကွက်များ သတ်မှတ်သွားရန် လျာထားမှုအား နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့ရာ အကြမ်းဖျင်း သဘောတူညီမှု ရရှိခဲ့သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ ယခုနှစ် ဇွန်လ တတိယပတ်အတွင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ရန်ကုန်မြို့ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် အခြားဌာနဆိုင်ရာအချို့ ပါဝင်သော ရန်ကုန်မြို့တော်အား ရေရှည်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရန် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ရာတွင် ဆိတ်ငြိမ်ရပ်ကွက်များ သတ်မှတ်ရန် လျာထားစီစဉ်ခဲ့သည်ဟု သိရသည်။ ဆိတ်ငြိမ် ရပ်ကွက်များအဖြစ် ရွှေတောင်ကြား၊ အင်းလျားမြိုင်၊ ဒဂုံမြို့နယ်ရှိ သံတမန်အိမ်ရာ၊ တက္ကသိုလ်ရိပ်သာလမ်း၊ ပါရမီလမ်းနှင့် ပြည်လမ်းထောင့်စသည့် နေရာများအား သတ်မှတ်ရန် လျာထားခဲ့ပြီး ယင်းလျာထားမှုများ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြခဲ့ကာ ထိုမှတစ်ဆင့် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ဆိတ်ငြိမ်ရပ်ကွက်များ သတ်မှတ်ပြီးပါက ယင်းနေရာများတွင် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို ကန့်သတ်သွားမည်ဖြစ်ပြီး အထပ်နိမ့် သုံးထပ်ခွဲအထိသာ ဆောက်လုပ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ "ဆိတ်ငြိမ်ရပ်ကွက်ဆိုတာ လုံးချင်းအိမ်ရာတွေ များတဲ့နေရာကို ပြောတာ။ ဒါကြောင့် အဲဒီမှာ အထပ်မြင့် ပေးမဆောက်ချင်ဘူး။ ဒါကြောင့် ဒီလိုဆိတ်ငြိမ်ရပ်ကွက် သတ်မှတ်ဖို့ လျာထား တင်ပြခဲ့တာ။ အခု နိုင်ငံတော် သမ္မတရုံးက အကြမ်းဖျင်း သဘောတူတယ်။ အဲဒီလျာထားချက်က ဥပဒေလိုမျိုး ကန့်သတ်ချက် တစ်ခုပါပဲ။ ဒီကန့်သတ်ချက်သာ အတည်ထွက်လာမယ်ဆိုရင် ဆိတ်ငြိမ်ရပ်ကွက်တွေထဲမှာ သုံးထပ်ခွဲအထိပဲ ခွင့်ပြုမယ်။ ဒါကလည်း အများပိုင်နေတဲ့ တိုက်ဆိုရင် မရဘူး။ မိသားစု တစ်စုတည်းက လိုအပ်လို့ သုံးထပ်ခွဲအထိ ဆောက်တဲ့ပုံစံမျိုးမှ ခွင့်ပြုမှာ"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ ကန့်သတ်ချက် ထွက်ရှိလာပါက ယင်းပုံစံအတိုင်းသာ လိုက်နာရမည်ဖြစ်ပြီး မလိုက်နာပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆောက်လုပ်ခွင့်ပါမစ် ပေးမည် မဟုတ်ကြောင်းနှင့် ပါမစ်မရှိဘဲ ဆောက်လုပ်ပါက တရားစွဲဆိုခံရမည် ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

တက်သည် ဆက်၍တက်သည် ထပ်၍တက်ဦးမည် စိတ်ဓာတ်မှလွဲ၍.. အခြားကျရန် မရှိ…

အကျိုးဆောင်ရှိရာအခန်းမှ ဆင်း လာသည့် သူ့ခြေလှမ်းတွေသည် လေး ကန်၍နေသည်။ လက်ထဲတွင် ကျစ်ကျစ် ပါအောင် ကိုင်ထားသည့်ပိုက်ဆံအိတ် အတွင်း ပါလာ သည့် ငွေကျပ်ခြောက် သိန်းခွဲက သူ့သောကတွေကို မနှစ်သိမ့် နိုင်ပါဟု မနွယ်နီက ဆိုပါသည်။ မျှော်လင့်ချက်တစ်ခုဖြင့် လပေါင်း များစွာ ခြိုးခြံချွေတာပြီး စုဆောင်းခဲ့ရ သည့် ငွေကြေးသည် ဒီကျောတစ်နေရာ စာ အတွက် စိတ်ကျေနပ်မှုကို မဖြည့် ဆည်းပေးနိုင်ခဲ့။ ”ပြီးခဲ့တဲ့ လကတောင် ဒီအခန်း အတွက် ဈေးကတစ်သိန်း၊ လကုန်ရင် လက်ရှိ အငှားဆင်းမယ်။ ခြောက်လ လည်း လက်ခံတယ်ဆိုလို့ စုထားတဲ့ ပိုက်ဆံနဲ့လည်း လုံေ လာက်ပြီ ဆိုပြီး ဝမ်းသာနေခဲ့ရတာ” ဟု ဆိုသည့် မနွယ် နီက မျှော်လင့်ချက်တွေ ပျောက်ဆုံးနေ သည့် မျက်ဝန်းတစ်စုံဖြင့် အဝေးတစ်နေ ရာကို လှမ်းငေးရင်း ညည်းညူြေ ပာပြ လိုက်သည်မှာ ဘေးကလူတွေကိုပင် အပူသောကများ ကူးစက်လာစေပါ သည်။ မနွယ်နီသည် ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီးရှိ ကုမ္ပဏီတစ်ခုတွင် အတန်ငယ် ရာထူးရှိသည့် ဝန်ထမ်း တစ်ဦးဖြစ်သည်။ သူသည် သူ၏ အနာ ဂတ်ရှေ့ရေးအတွက် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ရှားခဲမြို့လေးမှ မိဘ ညီအစ်ကို မောင်နှမများကို စွန့် ကာ ရန်ကုန်ဆိုသည့် မြို့ကြီးသို့ စွန့်စား လာရောက်နေထိုင်သူတစ်ဦး ဖြစ်သည်။ ရန်ကုန်ရောက်တော့ အလုပ် ရှာ လို့ ကောင်းသည့်နေရာတစ်ခုလည်း ဖြစ် မိမိအိမ်မှပါလာသော ငွေနှင့်လည်း ကိုက်ညီသည့် နေရာတစ်ခုကို ပထမဦး စွာ ရွေးချယ် လိုက်သည်။ ထိုနေရာသည် အဆောင်ဟု ဆို သည့် ပေ ၁၂ပေခွဲ x ပေ၆ဝ ကျယ်သည့် အခန်းတစ်ခုအတွင်း လူ ၁၅ ယောက် စုပေါင်းနေထိုင်ရသည့် နေရာတစ်ခု ဖြစ်သည်။ ထိုအကျယ်အဝန်းကို အပေါ် ထပ်တွင် ထပ်ခိုးလုပ်၍ ၄ ဦးနေရသည်။ အောက်ထပ်တွင်တော့ ၁၁ ဦးနေထိုင် သည်။ လူတစ်ဦးလျှင် ၄ပေx၆ပေ ကျယ်သည့် နေရာတစ်ခုစီ အပိုင်စား ပေးထားပြီး မီးဖိုချောင် ရေချိုးခန်း၊ အိမ် သာ တို့ကို ‘ဘုံ’အဖြစ် အသုံးပြုရသည်။ လူတစ်ဦးလျှင် ကျပ်တစ်သောင်း ရှစ်ထောင် သတ်မှတ်ပေးရသော ထိုနေ ရာသည် ‘အဆောင်’ ဆိုသည့် ထုံးစံ အတိုင်း စရိုက်တော့ အတော်စုံပါသည်။ အတူနေသူများ သည် Car Show Room တွင် လုပ်သူBeauty Salon တွင် လုပ်သူ၊ ငွေကိုင်လုပ်သူ စသည် ဖြင့် အလုပ်အကိုင်တော့ ကိုယ်စီရှိကြ ပါသည်။ ထို ၁၅ ဦးပေါင်း နေရသည့် အဆောင်တွင် နှစ်ဦးမှာ အတော်စရိုက် ဆိုးသည် ။အပြောကြမ်းသည်။ ပတ်ဝန်း ကျင်ကို အမြဲတစေ ရန်လုပ်တတ်သည်။ သို့သော် သူတို့အချင်းချင်းတော့ တစ်ဦး ကိုတစ်ဦး မြှောက်ပင့်ပေးရင်း ရိုင်းပင်း ကြပါသည်။ သို့သော် မနှစ်သက်သော စရိုက်ရှိသူအချို့နှင့် နေရသည့်အတွက် သည်းခံခြင်းကတော့ မပြတ်လက်ကိုင် ထားရသည်ဟု သူ ကပြောသည်။ သို့အတွက် မနွယ်နီသည် အလုပ် နေရာကောင်းလေး တစ်ခုရသောအခါ အစစခြိုးခြံပြီး ကိုယ်ပိုင်အခန်းငှားရန် အတွက် လပေါင်းများစွာ ပိုက်ဆံကို ကျစ်ကျစ်ပါအောင် စုခဲ့သည်ဟု ဆို သည်။ လှည်းတန်း ခြောက်လွှာအခန်း လေးကို တစ်သိန်းနှင့် ခြောက်လငှား ရန် ပြီးခဲ့သည့် လကပင် အကျိုးဆောင် တစ်ခုနှင့် သွားကြည့်ခဲ့သည်။ ထိုနေရာ သည် သင်တန်းများစွာလည်း ရှိသော ကြောင့် သူသင်တန်းတွေလည်း တက် ဦးမည်ဟု ဒီအခန်းဈေးနှုန်း အပြောင်း အလဲကို မသိရသေးခင် လွန်ခဲ့သည့် နာရီပိုင်းလေး အထိ ဖြစ်ပေါ်နေခဲ့သေး သည့် သူ့စိတ်ကူးအိပ်မက်တွေကို ရင်ဖွင့်ပါသည်။ ”ရန်ကုန်က ဒီလိုပဲနှစ်အလိုက်မှ မဟုတ်ဘူး။ တစ်လတစ်ခါ နီးပါး နှစ် သောင်းဈေးတက်နေတယ်” ဟု Lucky အိမ်၊ ခြံ၊ မြေ အကျိုးဆောင်မှ တာဝန် ရှိသူတစ်ဦးကလည်း ရန်ကုန်၏ တစ်လ တစ်ခါ အိမ်ငှားဈေးနှုန်း မြင့်တက်လာ မှုကို ထောက်ခံပါသည်။ ¤င်းကပင် ဆက်လက်၍ ”ဥပမာ အခန်းတစ်ခန်းကို ဧည့်သည်လေးငါးဦး လောက် လာကြည့်သွားပြီဆို အဲ့ဒီအိမ် ရှင်က နောက်ထပ်ရောက်လာပြီး ကြည့် မယ့်သူကျရင် ကျိန်းသေ နှစ်သောင်း လောက်တော့ ဈေးတင်လိုက်ပြီ။ သူက ဒီလိုဈေးတင်လိုက်တာနဲ့ ဘေးအခန်း တွေကလည်း ဒီလိုဈေးလိုက်မြင့်လာကြ ရော။ ဒီလိုနဲ့ အခန်း A က လည်း ဈေး မြင့်လာ၊ အခန်းB ကလည်း ဈေးမြင့် လာနဲ့ ဈေးတွေက အမြဲတက်နေတာ ပေါ့” ဟု ဆိုသည်။ မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေဝန် ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးကလည်း ရန်ကုန်၏ အိမ်၊ ခြံ၊ မြေအငှားဈေးနှုန်းသည် ယခင် နှစ်နှင့် နှိုင်းယှဉ်ကြည့် ပါက ၂ဝ၊ ၂၅ ရာခိုင်နှုန်း မြင့်တက်နေသည်ဟု တစ် နှစ်ဆိုသည့် အချိန်နှင့်ပင် ရန်ကုန်၏အိမ်၊ ခြံ၊ မြေ အငှားဈေးနှုန်း မြင့်တက် နေမှုကို ရှင်းပြပါသည်။ ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချင်း မိုင်တို့တွင် အိမ်ငှားအဖြစ် နေထိုင်ခဲ့ သည့် မြန်မာတစ်ဦးကတော့ ထိုင်းနှင့် မြန်မာသည် အိမ်ငှားခ ဈေးနှုန်း နှစ်ဆ ကွာသည်ဟု ဆို သည်။ ထိုင်း၏ မြို့လယ်မြို့ထဲShopping Mall များနှင့် နီးကပ်သည့်နေရာကောင်း များ သည် ထိုင်းဘတ်လေးထောင်၊ လေးထောင့် ငါးရာသာ ပေးရပြီး မြန်မာ ငွေနှင့် တွက် ကြည့်ပါက တစ်သိန်းနှစ် သောင်းလောက်သာ ရှိသည်။ အဆိုပါ ဈေးနှုန်းရှိသော အခန်းသည် အသင့် နေထိုင်ရန် အနေအထားတွင် ရှိပြီး ပရိ ဘောဂပစ္စည်းများလည်း ပါဝင်သည်။ မြို့ထဲမှ ဆိုင်ကယ်ဖြင့် ၁ဝ မိနစ်ခန့် သွားရသည့်နေရာရှိ တိုက်ခန်းများသည် ဘတ်သုံးလေးထောင် ဈေးရှိ၍ ထိုနေရာ ရှိ လုံးချင်းသန့်သန့် ကောင်းကောင်း အခန်းသည် ထိုင်းဘတ်ငါးထောင်နှင့် ရသည်ဟု ပြောသည်။ ထို့ပြင် ထိုင်းတွင် အိမ်ငှားရသည် မှာ ကြားပွဲစားမရှိ။ အကျိုးဆောင်မရှိ ဘဲ နှစ်လစာ ငွေကြေးရှိရုံဖြင့် အခန်းစ တင် ငှားနိုင်ပြီး နောက်ထပ်ငှားမည့် လများအတွက် တစ်လ ချင်းပေးသွားနိုင် သောကြောင့် ထိုင်း၏အိမ်ငှားများမှာ ငွေကြေးအတွက် ဝန်ထုပ်ဝန်ပိုး သိပ် မဖြစ်ကြရကြောင်း ထိုင်းနှင့် မြန်မာ အိမ်ငှားမှုနှင့် ဈေးကွက်ကို ပြောသည်။ ”မြန်မာပြည် ပြန်ရောက်တော့ အဲ ဒီလို မဟုတ်တော့ဘူး။ ဒီက တစ်သိန်းခွဲ အခန်းဆိုတာ အစ်မတို့ ဘယ်လိုမှ နေ လို့မရဘူး။ အခန်းတွေကလည်း မသန့် ရှင်းဘူး။ နံရံတွေကလည်း ညစ်ပတ်နေ တယ်။ အိမ်သာဆိုရင်လည်း ရေအလွယ် ချလို့ မရဘူး။ ဒီတော့ နှစ်သိန်းတန် လောက် အခန်းရှာရပြီ။ ပြီးတော့ ခြောက်လ အနည်းဆုံး ချုပ်ရတာဆို တော့ ပွဲစားခနဲ့ ပေါင်းရင် ၁၃ သိန်း လောက်အရင် ရှာရတယ်” ဟု မြန်မာ ပြည်ရန်ကုန်နှင့် ထိုင်းအိမ်ငှားမှု စနစ် အပြောင်းအလဲ ကွာခြားချက်ကို ဆိုပါ သည်။ ရန်ကုန်မြို့ကြီး၏ မြို့ကြီးခြောက် မြို့နယ်တွင်တော့ တစ်သိန်းနှစ်သောင်း ဆိုသည့် ငွေကြေးသည် ရယ်မောစရာ ဖြစ်သည်။ ဒီခြောက်မြို့နယ်တွင်တော့ တစ်လစာအတွက် အနည်းဆုံး နှစ်သိန်း လောက်ရှိမှ အဆင်ပြေမည် သို့သော် အငှားဈေးကွက် ယဉ်ကျေးမှုအရ အနည်းဆုံး ခြောက်လစာနှင့် ပွဲစားခ ဆောင်ထားရဦးမည် ဖြစ်သည်။ စမ်းချောင်း၊ လှိုင်၊ ကမာရွတ်ကဲ့သို့ နေရာများတွင်တော့ အထပ်မြင့်များ၏ အငှားဈေးနှုန်းသည် နှစ်သိန်းအောက် အနည်းငယ်ဆင်းပါက ရနိုင်သည်။ သို့ သော် တစ်သိန်း သာ တတ်နိုင်သေး သည့် မနွယ်နီကတော့ သူမရည်ရွယ် ထားသော လှည်းတန်းဘက်မှ ခြောက် လွှာအခန်းကို စိတ်ဖြတ်လိုက်ရပြီ။ ထို့ ထက် ဝေးသော နေရာတစ်ခု ကို ရွေး ချယ်လိုက်ရသည်ဟု ဆိုပါသည်။ ”အကျိုးဆောင်က အင်းစိန်ဘက် မှာတော့ တစ်သိန်းတန် အခန်းရမယ် ပြောတယ်။ ဒါပဲ ရွေးလိုက်တော့မယ်။ လှည်းတန်းဘက်လာပြီး သင်တန်း တက်ဖို့လည်း အဆင်ြေ ပနိုင်သေးတယ်။ မြို့ထဲကို ရုံးသွားတက်ဖို့လည်း လိုင်း ကားတွေ ပေါပါတယ်လေ” ဟုသူမကိုယ် သူမ နှစ်သိမ့်ရင်း မနွယ်နီကဆိုပါသည်။ ထိုသို့ ရန်ကုန်၏ အိမ်၊ ခြံ၊ မြေ အငှားဈေးနှုန်းများ ပုံမှန်မြင့်တက်နေ ခြင်းသည်Demand နှင့် Supply မမျှ တခြင်းကြောင့်ဖြစ်ကာ အငှားလိုချင် သည့် ငွေကြေးနှင့် အခန်း အနေအထား ကိုက်ညီမှု မရှိဖြစ်နေပြီး အိမ်အငှား များ၍ ငှားလိုသည့် အိမ်ရှင်မှာလည်း နည်းပါးနေသည်ဟု အိမ်၊ ခြံ၊ မြေအကျိုး ဆောင်အချို့က ရန်ကုန်၏ အငှားဈေး နှုန်း ကို သုံးသပ်ကြသည်။ ထိုသို့ ပုံမှန်မြင့်တက်နေသည့် အိမ်အငှားဈေးနှုန်းများသည် မနွယ်နီကဲ့ သို့ရန်ကုန်တွင် အိမ်ငှားနေရသည့် သူ များအတွက် စိန်ခေါ်နေမှု တစ်ရပ် ဖြစ်နေသည်။ သူမ ငှားမည့် အင်းစိန် မှ အခန်းသည် ခြောက်လပြီးဆုံးပါက ဈေးနှုန်းမည်မျှ မြင့်တက်လာဦးမည် လဲ မသိရသေး။ ”ရန်ကုန်ရဲ့ အိမ်၊ ခြံ၊ မြေအငှား ဈေးနှုန်းက ကျွန်မအတွက်တော့ လက် မထောင်စိန်ခေါ်နေသလို ခံစားရတယ်” ဟု မနွယ်နီက မချိပြုံးပြုံး၍ ဆိုလိုက် သည်။ အိမ်စည်စိုးစံ၊ မြတ်စုငြိမ်း အိမ်၊ ခြံ၊ မြေ ဂျာနယ်

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် မြေအသုံးချမှု ပိုမိုထိရောက်ရန် ယခင်သတ်မှတ်ထားသည့် နယ်နိမိတ် သတ်မှတ်ချက်ကို ပြင်ဆင်လျှော့ချ

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် မြေအသုံးချမှု ပိုမိုထိရောက်ရန် ယခင်သတ်မှတ်ထားသည့် နယ်နိမိတ် သတ်မှတ်ချက်ကို ပြင်ဆင်လျှော့ချခဲ့ကြောင်း သတင်းရရှိသည်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း နယ်မြေဧရိယာ စတုရန်း ကီလိုမီတာ ၂၀၄ ဒသမ ၅၀၈၈၂၁၂၊ ဧရိယာ အကျယ်အ၀န်း ၅၀၅၃၅ ဒသမ ၀၂၃၃ ဧကအား ထားဝယ်အထူးစီးပွားရေး ဇုန်အဖြစ် သတ်မှတ်ထားရာမှ လူမှုရေးဆိုင်ရာ သက်ရောက်မှုများ လျော့ပါးစေရေးအတွက် လည်းကောင်း၊ စီမံကိန်းအတွက် မြေအသုံးချမှုကို ပိုမိုထိရောက် စေရေးအတွက် လည်းကောင်း၊ ထားဝယ်အထူး စီးပွားရေးဇုန် နယ်နိမိတ် သတ်မှတ်ချက်ကို နယ်မြေစတုရန်း ကီလိုမီတာ ၁၉၅ ဒသမ ၉၉၉၉၇၉၀၊ ဧရိယာ အကျယ်အ၀န်းအားဖြင့် ၄၈၄၃၂ ဒသမ ၄၅၁၂ ဧကအဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ထားဝယ် အထူးစီးပွားရေး ဇုန်အတွင်း ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူသည် ငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့် ရရှိသောမြေ၏ မြေပေါ်မြေအောက်၌ ခွင့်ပြုသည့် လုပ်ငန်းနှင့် မသက်ဆိုင်သည့် မူလစာချုပ်တွင် မပါဝင်သော ရှေးဟောင်း ၀တ္တုပစ္စည်းများ တွေ့ရှိလျှင် ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီသို့ ချက်ခြင်းအကြောင်းကြား ရမည်ဖြစ်ကြောင်း၊ ငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့် ရရှိသောမြေ၏ မြေပေါ်မြေအောက်၌ ခွင့်ပြုသည့် လုပ်ငန်းနှင့် မသက်ဆိုင်သည့်အပြင် မူလစာချုပ်တွင် မပါဝင်သော သဘာဝ သယံဇာတ တွင်းထွက်ပစ္စည်းများကို တွေ့ရှိလျှင် ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီသို့ ချက်ချင်းအကြောင်းကြား ရမည်ဖြစ်ကြောင်း သိရသည်။ ထားဝယ်အထူး စီးပွားရေးဇုန်ကို ယခင်က မြန်မာ-ထိုင်းနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားပြီး ယခုအခါတွင် ဂျပန်နိုင်ငံကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ထားဝယ်အထူး စီးပွားရေးဇုန် အပါအ၀င် သီလ၀ါ၊ ကျောက်ဖြူစသည့် အထူးစီးပွားရေး ဇုန်များကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး အဆိုပါ စီးပွားရေးဇုန် စီမံကိန်းများကြောင့် လယ်ယာမြေ သိမ်းဆည်းခံရမှုများ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ၊ လူမှုစီးပွား ထိခိုက်မှုများ ရှိနေကြောင်း ဝေဖန်မှုများ၊ ကန့်ကွက်မှုများ၊ ဆန္ဒဖော်ထုတ်မှုများကို ဒေသခံများက ပြုလုပ်ခဲ့ကြောင်း သိရသည်။ အိမ်၊ ခြံ၊ မြေ ဂျာနယ်

အာဏာပြ မြေသိမ်းမှုများကို စစ်ဆေးတော့မည်ဟု ဦးအောင်သိန်းလင်းပြော

ပြည်ထောင်စုလွှတ်တော်၏ လယ်သိမ်းစုံစမ်းရေးကော်မရှင်က အခြားမြေများသိမ်းဆည်းမှုများ စုံစမ်းမှုပြု ရာတွင် ယခင်အစိုးရအဆက်ဆက်မှ ရောင်တော်ပြန်နှင့် ရောလွှတ် အသိမ်းခံရမှု၊ အာဏာပါဝါပြ အသိမ်း ခံရမှုများကို အဓိကထား စုံစမ်းမှုများပြုလုပ်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းစစ်ဆေးရေးကော်မရှင် (ရန်ကုန် တိုင်းဒေသကြီး)အဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကပြောသည်။ “အခြားမြေထဲမှာ အဓိကကတော့ အရင်ခေတ်တွေတုန်းက ရောင်တော်ပြန်နဲ့ ရောလွှတ်ခဲ့တာတွေ၊ ပါဝါ ပြပြီး သိမ်းခဲ့တာတွေ ဒီလိုမျိုးသိမ်းတာတွေမှာ ပြည်သူတွေ နစ်နာခဲ့တာတွေကို စိစစ်ပြီးရင် ငါတို့ရန်ကုန် တိုင်းကလည်း အစီရင်ခံစာတင်မယ်။ ဒီအစည်းအဝေး နားတဲ့အချိန်မှာ အခြားမြေသိမ်းဆည်းခံရမှုနဲ့ ပတ် သက်တဲ့ တိုင်စာတွေကို အဓိကထား စိစစ်သွားမယ်။ ငါတို့ရန်ကုန်တိုင်းကတော့ အခြားမြေ သိမ်းဆည်း ခံရတာတွေနဲ့ပတ်သက်ပြီး အမျိုးစားအလိုက် စာရင်းပြုစုနေပြီး စပြီး ကွင်းဆင်း စုံစမ်းနေပြီ။ရန်ကုန်တိုင်း မှာတော့ အခြားမြေနဲ့ပတ်သက်ပြီး တိုင်စာတွေ အများကြီးပဲ”ဟု ပြောသည်။ ပြည်ထောင်စုလွှတ်တော်၏ လယ်ယာမြေသိမ်း စုံစမ်းရေးကော်မရှင်က ပြည်ထောင်စုလွှတ်တော်တွင် သုံးကြိမ်တိုင် အစီရင်ခံစာ တင်သွင်းပြီဖြစ်သော်လည်း အခြားမြေများ သိမ်းဆည်းခံရမှုများနှင့် ပတ်သက် ပြီး အစီရင်ခံစာတွင် မပါရှိသည့်အတွက် ယခုလွှတ်တော် အစည်းအဝေးနားချိန်တွင် လယ်ယာမြေကိစ္စ ထက် အခြားမြေ သိမ်းဆည်းခံရမှုကိစ္စများကို အဓိကထား စုံစမ်းမှုများ ပြုလုပ်သွားရမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင်များမှ မဇ္ဈိမကို တညီတညွတ်တည်း အတည်ပြု ပြောသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် န၀မ ပုံမှန်အစည်းအဝေးတွင် အခြားမြေများ သိမ်းဆည်းခံရမှု များနှင့်ပတ်သက်၍ နစ်နာခဲ့သည့် ပြည်သူများအတွက် ကော်မရှင်မှ တိုင်ကြားလာသည့်စာများကို အဋ္ဌမ ပုံမှန်အစည်းအဝေး ရပ်နားချိန်တွင် လေ့လာစုံစမ်းမှုပြုပြီး တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အစီရင်ခံစာ များ ကော်မရှင်ဥက္ကဋ္ဌထံသို့ တင်ပြပြီး ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ အပိုင်း(၄)အဖြစ် တင်ပြ သွားမည်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ပြည်သူ့ကိုယ်စားလှယ်ဦးမင်းသူက “အခု အစည်းအ ဝေးနားချိန်မှာ အခြားမြေသိမ်းဆည်းတာတွေကို စုံစမ်းဖို့ ပြည်ထောင်စုလွှတ်တော်ကို တင်ခဲ့တဲ့ အစီရင်ခံ မှာ ထည့်သွင်း အတည်ပြုထားတယ်။ အခြားမြေဆိုတာမှာ မိုးကုတ်ဘက်မှာဆိုရင် ရွှေလုပ်ကွက်၊ သတ္တု တွင်းလုပ်ကွက်တွေနဲ့ ကြေးနီလုပ်ကွက်တွေ ပတ်သက်ပြီး ၀န်ကြီးဌာန လွဲပြောင်းယူတဲ့အခါမှာ ဒေသခံ တွေရဲ့မြေတွေပါတာ၊ ခြံမြေတွေပါသွားတာ၊ လယ်မြေ၊ ယာမြေတွေ ပါသွားတာရှိတယ်။ သာသနိက အဆောက်အအုံတွေ၊ ဘုရားတွေ၊ အများသုံးရေကန်တွေ ပါသွားတာတွေရှိတယ်။ ပြဿနာက မြေပုံအ ညွှန်းနဲ့ လွှဲပြောင်းယူကြတာကြောင့် အခုလိုအငြင်းပွားမှုတွေ ဖြစ်နေရတာဖြစ်တယ်။ ဒီတစ်ခေါက် အခြား မြေကိစ္စကို စုံစမ်းပြီး အစီရင်ခံစာတင်ရမှာပါ”ဟု ပြောသည်။ မကွေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲခေါင်းဆောင်ဦးလှဆွေက“မကွေးတိုင်းမှာတော့ အခြားမြေသိမ်း ခံရတာတွေနဲ့ပတ်သက်ပြီး တိုင်စာတွေကို စုံစမ်းပြီးပြီ။ ကော်မရှင်ဥက္ကဋ္ဌဆီလည်း တင်လိုက်ပြီး လွှတ် တော်မှာတင်တဲ့ အစီရင်ခံစာ နံပါတ်(၃)မှာ မမီခဲ့လို့ပါ။ မကွေးမှာတော့ အခြားမြေကိစ္စ (၁၈)မှု ရှိတယ်။ အများစုကတော့ တာဝန်ကျေ စပါးစိုက်တဲ့အချိန်တုန်းက တာဝန်မကျေလို့ ငါးနှစ်သိမ်းထားတာတွေကို ပြန်မပေးဘဲ တစ်သက်လုံးသိမ်းလိုက်ပြီး နောက်တော့ မ.ရ.က က ရောင်းစားလိုက်တာမျိုးတွေ ပါတယ်။ ဧကအများဆုံးက ၁၂ ဧကထိ ပါတယ်။ စုံစမ်းစိစစ်ပြီးလို့ ကော်မရှင်ဥက္ကဋ္ဌဆီ ပြီးခဲ့တဲ့အပတ် (နိုဝင်ဘာ ဒု တိယပတ်)ထဲက အစီရင်ခံစာ တင်လိုက်ပါပြီ”ဟု ပြောသည်။ အဆိုပါ အခြားမြေများသိမ်းဆည်းခံရမှုများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်စာများ ကို လေ့လာရာတွင် ယခင် မြေလွတ်၊မြေရိုင်း စီမံခန့်ခွဲမှုကော်မတီ၏ စိစစ်မှု အားနည်းချက်များကြောင့် မြေပြင်နှင့်မြေပုံ ကွာခြားချက်များရှိခဲ့ပြီး ယခုကဲ့သို့ အခြားမြေများနှင့်ပတ်သက်၍ နစ်နာမှုများရှိခဲ့ခြင်းဖြစ် သည်ဟု ဦးအောင်သိန်းလင်းက သုံးသပ်ကြောင်း ပြောသည်။ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းစစ် ဆေးရေးကော်မရှင်ကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ဖွဲ့စည်းခဲ့သည်။ ဥပဒေကျွမ်းကျင်ပညာရှင်များအပါအ၀င် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့် ကော်မရှင်အဖွဲ့ဝင် ၆၀ ဦး နှင့် ဖွဲ့စည်းထားသော်လည်း အဋ္ဌမပုံမှန်အစည်းအဝေးတွင် တိုင်ကြားစာများ များပြားသည့်အတွက် ကော်မရှင်အဖွဲ့ဝင် အင်အားများ ထပ်မံဖြည့်တင်းထားသည်။ ပြည်ထောင်စုလွှတ်တော်သို့ လယ်ယာမြေသိမ်းဆည်းခံရမှုများနှင့် ပတ်သက်၍ တိုင်ကြားစာပေါင်း၅၄၄၁ မှုကို စုံစမ်းစိစစ်မှုများပြုလုပ်ခဲ့ပြီး အစီရင်ခံစာ သုံးစောင် တင်ပြခဲ့ပြီးဖြစ်သည်။ NIB-အိမ်၊ ခြံ၊ မြေ ဂျာနယ်

စုပေါင်းပိုင် အဆောက်အအုံ ဥပဒေကြမ်းမှာ ပိုင်ဆိုင်မှုစာချုပ်စာတမ်း ထုတ်ပေးခွင့် ပါဝင်

မြေအပါအဝင် အဆောက်အအုံကြီး တစ်ခုလုံးကို နေထိုင်သူ တစ်ဦးချင်းစီအတွက် အိမ်ခန်းမှတ်ပုံတင်လက်မှတ် ထုတ်ပေးတာကို စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ စုပေါင်းပိုင်သူဆိုတာက စုပေါင်းပိုင် အဆောက်အအုံရဲ့ အိမ်ခန်းကို ပိုင်ဆိုင်တဲ့ အိမ်ခန်းမှတ်ပုံတင် လက်မှတ်ရရှိတဲ့သူကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါ့အပြင် စုပေါင်းပိုင်သူရဲ့ အမွေဆက်ခံသူလည်း ပါဝင်မှာ ဖြစ်ပါတယ်။ နာမည်ကြီး ဆောက်လုပ်ရေးလုပ်ငန်းမှ ဒါရိုက်တာတစ်ဦးက “စီးပွားရေးအဆောက်အအုံ တစ်ခုလုံးလဲ တိုးတက်သွားမှာ၊ ပိုင်ဆိုင်မှုလဲ ခိုင်မာပြီးတော့ အိမ်ဂရန်လို စာရွက်စာတမ်း အထောက်အထား တစ်ခုခုရလာရင် ပိုင်ဆိုင်မှုတွေ ပိုခိုင်လာမယ်၊ အခွန်ကိစ္စတွေကိုပါ တိတိကျကျလုပ်ပြီး ပိုင်ဆိုင်မှု ခိုင်ခိုင်မာမာနဲ့ ဖြစ်သွားရင် ပိုကောင်းမယ် ထင်တယ်” လို့ ပြောပါတယ်။ စုပေါင်းပိုင် အဆောက်အအုံ ဆောက်မယ်ဆိုရင် စုပေါင်းပိုင်မြေအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှာ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်တဲ့မြေဟာ တည်ဆဲဥပဒေတစ်ရပ်အရ လူနေအိမ်ရာအဖြစ် ဆောက်လုပ်ခွင့်ရရှိရမှာ ဖြစ်တဲ့အပြင် ပိုင်ဆိုင်ခွင့် လွှဲပြောင်းနိုင်တဲ့ မြေအမျိုးအစား ဖြစ်ရမှာ ဖြစ်ပါတယ်။ လက်ရှိ ပိုင်ဆိုင်သူက စုပေါင်းမြေအဖြစ် ပိုင်ဆိုင်ခွင့် လွှဲပြောင်းပေးပြီးလည်း ဖြစ်ရပါမယ်။ မြို့ပြစီမံကိန်းအရ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ အချက်တွေနဲ့လည်း ညီညွတ်ရပါမယ်။ ဒါ့အပြင် မြေဧရိယာ တစ်ဧကနဲ့အထက် ရှိရမှာဖြစ်ပြီး မြေဧရိယာ တစ်ဧကအောက် ဖြစ်ပါက ဝန်ကြီးဌာနရဲ့ သီးခြားခွင့်ပြုချက် ရရှိပြီး ဖြစ်ရမယ်လို့ သိရပါတယ်။ အောင်မြင်ပြည့်စုံ ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက “တစ်ဧကဆိုတာ ကြီးလွန်းတယ်။ ဒါက အစိုးရမြေလို ဖြစ်နေတယ်။ ယူနစ် ၃၀၊ ၄၀ လောက်ဆိုရင်လဲ စဉ်းစားစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဧကဆိုတာ မြို့ထဲဒေါင်းတောင်းမှာ လုံးဝမရှိတော့ဘူး။ နောက်တစ်ဆင့် အိမ်ခန်း ၂၀ ကျော် ၃၀ ကျော်လောက် အတွက်လဲ ဖြစ်စေချင်တယ်” လို့ ပြောပါတယ်။ အိမ်ခန်းလွှဲပြောင်းတဲ့ စာချုပ်စာတမ်းကို မှတ်ပုံတင်ပြီးတဲ့အခါ အိမ်ခန်းကို တရားဝင် ပိုင်ဆိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။ အိမ်ခန်းကို နိုင်ငံသားအား ရောင်းချခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့်၊ စွန့်လွှတ်ခွင့်၊ ငှားရမ်းခွင့်၊ ပေါင်နှံခွင့်ရှိတယ်လို့ သိရပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးစိုးဝင်းစိုးက “မြေပိုင်ဆိုင်မှုက နောက်မှ အရှုပ်အရှင်း ဖြစ်နိုင်တယ်။ ဝန်ကြီးဌာနရဲ့ တာဝန်ယူ ဆောင်ရွက်ပေးမှုက အရေးကြီးတယ်၊ နိုင်ငံခြားသား ပိုင်ဆိုင်မှုလဲ ပါနေလို့ ပိုအရေးကြီးတယ်” ဟု ဆိုပါတယ်။ ဥပဒေကြမ်းမှာ စုပေါင်းပိုင်မြေနဲ့ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ စာချုပ်စာတမ်းနဲ့ စာတမ်းအမှတ်အသားတွေကို မှတ်ပုံတင်ပေးဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ခန့်အပ်ထားတဲ့ မှတ်ပုံတင်အရာရှိက တာဝန်ယူ ဆောင်ရွက်ပေးရမယ်လို့ ပါဝင်ကြောင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ အိမ်၊ ခြံ၊ မြေ ဂျာနယ်

ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ကုန်းလမ်းပို့ဆောင်ရေး အဆောက်အအုံအား သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အကျိုးတူ ဆောင်ရွက်သွားမည်

ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ကုန်းလမ်းပို့ဆောင်ရေး အဆောက်အအုံအား သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အကျိုးတူ ဆောင်ရွက်သွားမည် ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ကုန်းလမ်းပို့ဆောင်ရေး အဆောက်အအုံအား သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အကျိုးတူ လုပ်ဆောင်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များကို နိုဝင်ဘာ ၁၈ ရက်က စတင် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။ ယင်းကုန်းလမ်း ပို့ဆောင်ရေး အဆောက်အအုံမှာ ၀ ဒသမ ၁၁ ဧက ကျယ်ဝန်းပြီး ငါးထပ်အဆောက်အအုံ တစ်လုံးဖြစ်ကာ လက်ရှိတွင် မြေညီထပ်တွင် ဆိုင်ခန်းများ ဖွင့်လှစ်ထားကြောင်း သိရသည်။ သို့သော် နိုဝင်ဘာ ၂၇ ရက်မှာ စတင်ကာ သယ်ယူပို့ဆောင်ရေး ကဏ္ဍနှင့် ဆက်စပ်သော လုပ်ငန်းများ အကျိုးတူပူးပေါင်း လုပ်ကိုင်လိုသည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ အနေဖြင့် တင်ဒါတင်သွင်းရမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ အဆောက်အအုံတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း လုပ်ဆောင်ရာတွင် ကား Service Centre များနှင့်ကား Show Room များ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တင်ဒါစိစစ်ရေး အဖွဲ့ထံမှ သိရသည်။ တင်ဒါစိစစ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ''၂၁ ရက်မှာတော့ တင်ဒါလျှောက်လွှာ ပုံစံတွေကို အခုအကျိုးတူလုပ်မယ့် ရုံးမှာ လာလျှောက်လို့ရတယ်။ အဓိကတော့ ကား Service Centre တို့ ကား Show Room တွေ ပြုလုပ်ဖို့ပါ'' ဟု ပြောကြားသည်။ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်တွင် လက်ရှိ ရန်ကုန်ဘူတာကြီးကိုလည်း ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ရန် ပြင်ဆင်နေပြီး ရထားကဏ္ဍတွင်လည်း ၀န်ဆောင်မှုနှင့် ကြေညာမှု အပိုင်းတို့တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဖိတ်ခေါ်မှု ပြုလုပ်ထားကြောင်း သိရသည်။ EMGအိမ်၊ ခြံ၊ မြေ ဂျာနယ်

မန္တလေးအိမ်ခြံမြေ ကာလတန်ဖိုး စိစစ်သတ်မှတ်ချက် ဈေးကွက်ပေါက်ဈေးထက် မြင့်ပါက အထောက်အထားဖြင့် တင်ပြနိုင်

မန္တလေးတိုင်းအတွင်းရှိ အိမ်ခြံမြေကွက်ဈေးနှုန်းများကို ကာလတန်ဖိုး စိစစ်သတ်မှတ်ပြီး စံဈေးနှုန်းများ သတ်မှတ်ရာတွင် နေရာအချို့၌ ပြင်ပပေါက်ဈေးထက် မြင့်မားနေသည်ဟု အိမ်ခြံမြေအကျိုးတော်ဆောင် များက ဆိုကြရာ အဆိုပါကိစ္စရပ်များ မှန်ကန်ပါက စိစစ်ဆောင်ရွက်ပြီး တိုင်းအစိုးရသို့ ပြန်လည် တင်ပြ ပေးမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန၊ မန္တလေးတိုင်း အခွန်ဦးစီးမှူး ဦးသန်းဇော်ဝင်းက ဆိုသည်။ “ကာလတန်ဖိုးစံဈေးနှုန်းတွေကို သတ်မှတ်ရာမှာ သက်ဆိုင်ရာ မြို့နယ်အလိုက် မြို့နယ်ဦးစီးမှူးတွေ ကိုယ်တိုင် မြေပြင်အနေအထားအတိုင်း ကွင်းဆင်း လေ့လာဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ သက်ဆိုင် ရာ မြို့နယ်တွေက တက်လာတဲ့ ဈေးနှုန်းတွေကို စိစစ်ဆောင်ရွက်ပြီး တိုင်းဒေသကြီးအစိုးရက မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ညှိနှိုင်းဆုံးဖြတ်ပြီးမှ အတည်ပြုပေးတဲ့ စံဈေးနှုန်းတွေ ဖြစ်ပါတယ်။ စံဈေးနှုန်းသတ်မှတ်ပေးရခြင်း ရည်ရွယ်ချက်ကို အခွန်စည်းကြပ်ခံရမယ့်ပြည်သူတွေ အမှန်တကယ်ထမ်း ဆောင်နိုင်တဲ့ နှုန်းထားဖြစ်အောင်၊ အခွန်ရှောင် ရောင်းဝယ်ခြင်း မပြုလုပ်ရင် နိုင်ငံတော်မှ ရသင့်ရထိုက် တဲ့ အခွန်ဘဏ္ဍာရရှိဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ အခုသတ်မှတ်ထားတဲ့ ဈေးနှုန်းတွေဟာ ပြင်ပမှာ တ ကယ်တန်း မပေါက်တဲ့ ဈေးနှုန်းတွေ ဖြစ်နေတယ်ဆိုရင် လိပ်စာနဲ့တကွ လာရောက် တင်ပြနိုင်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း တိုင်းဒေသကြီးအစိုးရကို ပြန်လည်တင်ပြ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ တယ်”ဟု ဦးသန်းဇော်ဝင်းက ဆိုသည်။ နိုဝင်ဘာလ ၁၅ ရက်မှ စတင်၍ ကာလတန်ဖိုး စိစစ်သတ်မှတ်ချက် စံဈေးနှုန်းများ အတည်ပြုပြီး နောက် တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြေ ကာလတန်ဖိုးသတ်မှတ်ရေးအဖွဲ့သို့ တန်ဖိုးသတ်မှတ်ပေးရန် လာရောက် လျှောက်ထားသည့် အရေအတွက် ၅၀ ကျော်ရှိပြီဖြစ်ကြောင်း သိရ သည်။ မန္တလေးတိုင်းအတွင်းရှိ အိမ်ခြံမြေကွက် စံဈေးနှုန်းများ သတ်မှတ်ရာတွင် ပြင်ပ ပေါက်ဈေးအတိုင်းနှင့် အ ချို့နေရာများတွင် ပြင်ပပေါက်ဈေးများထက် မြင့်မားနေသဖြင့် အိမ်ခြံမြေ အကျိုးတော်ဆောင်များမှ အိမ် ခြံမြေအရောင်းအ၀ယ် ဈေးကွက်ကိုသာ ထိခိုက်လာနိုင်ပြီး မြေဈေးနှုန်းကျဆင်းရန်နှင့် နိုင်ငံတော် အခွန် ရရှိမှုကို တိုးတက်နိုင်မည်မဟုတ်ဟု ဆိုကြသည်။ “၃၅ လမ်း၊ ရဲမွန်တောင်အပိုင်းမှာဆိုရင် တစ်ဧကကို အမြင့်ဆုံး သိန်းကိုးသောင်းလို့ စံသတ်မှတ်ထားပါ တယ်။ တကယ်တန်း အရောင်းအ၀ယ်က သိန်းလေးသောင်းခွဲလောက်ပဲ ဖြစ်ပါတယ်။ မန္တလေး တစ်မြို့ လုံးကို စံဈေးနှုန်းသတ်မှတ်ထားတာကို လေ့လာကြည့်ရာမှာ အများစုက ပြင်ပပေါက်ဈေးတွေထက် မြင့် နေပြီး တချို့ကတော့ ပြင်ပပေါက်ဈေး၊ တချို့တစ်ဝက်ကတော့ ပြင်ပပေါက်ဈေးထက် နိမ့်ပါတယ်။ အောင်မြေသာစံမြို့နယ်တစ်ခုပဲ နိမ့်တယ်လို့ ထင်ပါတယ်။ ဒီလိုစံဈေးနှုန်းတွေ သတ်မှတ်ပြီး အခွန်ကို ပေါက်ဈေးအတိုင်း ဆောင်ရမယ်ဆိုတော့ တကယ်တမ်းနေထိုင်ဖို့ ၀ယ်လိုတဲ့ ပြည်သူပြည်သားတွေအ တွက် အခွန်ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ အမှန်တကယ် ဆောင်လိုပေမယ့် သိန်း၂၀၀၀ တန် မြေကွက် ၀ယ်ရင် အခွန်က သိန်း ၇၄၀ ကျော် ဖြစ်နေပါပြီ။ မြေဈေးမှာ အခွန်နှုန်းတွေက ထပ်ပေါင်းပြီး မြေဈေးတွေ ပိုကြီးလာနိုင်တယ်”ဟု မန္တလေးမြို့မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။

မန္တလေး အိမ်၊ ခြံ၊ မြေဈေးစံနှုန်းများ ထုတ်ပြန်

မန္တလေးမြို့ပေါ် အိမ်၊ ခြံ၊ မြေဈေးစံနှုန်းများ နိုဝင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ရာ အများဆုံးဈေးနှုန်းမှာ တစ်ဧကလျှင် ကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်းနှုန်း သတ်မှတ်ထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန မန္တလေးတိုင်းဒေသကြီး တိုင်းဦးစီးမှူးက ပြောကြားသည်။ အဆိုပါဈေးနှုန်းများသည် အရောင်းအဝယ်ဖြစ်သည့် မန္တလေးမြို့လယ်ကောင် အဓိကနေရာများနှင့် စီးပွားရေးအရ အချက်အချာကျသည့် နေရာများတွင် သတ်မှတ်ထားခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။ မန္တလေးစက်မှုဇုန်တွင် တစ်ဧကလျှင် ကျပ်သိန်းပေါင်း ခုနှစ်သောင်းကျော် သတ်မှတ်ထားပြီး မြို့နယ်အလိုက် အစွန်အဖျားရပ်ကွက်များတွင် အိမ်၊ ခြံ၊ မြေဈေးစံနှုန်း သတ်မှတ်မှု လျော့နည်းမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ ထပ်မံသိရသည်။ မန္တလေးတိုင်းဒေသကြီး မြို့နယ်များတွင် အိမ်၊ ခြံ၊ မြေဈေး သတ်မှတ်ချက်မှာ အချို့နေရာများတွင် ပေါက်ဈေးဖြင့် တန်းတူရှိပြီး အချို့နေရာများမှာ အရောင်းအဝယ်ဖြစ်သည့် ဈေးထက်များနေကြောင်း မန္တလေးမြို့တော်ရှိ ဝါရင့်အိမ်၊ ခြံ၊ မြေအကျိုးဆောင် တစ်ဦးက သုံးသပ်ပြောကြားသည်။ ပေါက်ဈေးနှင့်တန်းတူ အခွန်ဆောင်ရန် သတ်မှတ်ခြင်းသည် အခွန်ဆောင်သူများအတွက် အခက်အခဲတွေ့ကြောင်း ၄င်းက ထပ်မံ ပြောကြားသည်။ “မန္တလေး အိမ်၊ ခြံ၊ မြေဈေးနှုန်း သတ်မှတ်တာ ရန်ကုန်က သတ်မှတ်ဈေးထက် များနေတယ်။ ရန်ကုန်မြို့လယ် ဧရိယာဈေး အဲဒီလောက် မသတ်မှတ်ဘူး။ မန္တလေးမြို့သစ်ဘက် ၆၄ လမ်းပေါ်ဆိုရင် ပေါက်ဈေးက သိန်း ၄၅၀၀ လောက် ပေါက်နေတာကို ရာဖြတ်အဖွဲ့က သိန်းငါးထောင် သတ်မှတ်ထားတယ်။ အဲဒီတော့ အခွန်ဆောင်တာ ဘယ်လိုဆောင်တော့မလဲ” ဟု မန္တလေးမြို့တော်ရှိ ဝါရင့်အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ထပ်မံပြောဆိုသည်။ မန္တလေးမြို့တော် ဓလေ့အရ ဧကဖြင့် တိုင်းတာလေ့ရှိသဖြင့် စံနှုန်းများကို ဧကကွက်ဖြင့် သတ်မှတ်ထားသော်လည်း အရောင်းအဝယ် ဖြစ်သည့် ပေအကျယ်ပေါ် မူတည်ကာ အဆိုပါစံနှုန်းဖြင့် တွက်ချက်ကာ အခွန်ပေးဆောင်ရမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန တိုင်းဦးစီး ဌာနမှူးက ထပ်လောင်း ပြောကြားသည်။ အိမ်၊ ခြံ၊ မြေဈေးနှုန်းများကို သက်ဆိုင်ရာ မြို့နယ်အလိုက် အရောင်းအဝယ် ဖြစ်သည့် ပမာဏကို ကွင်းဆင်းလေ့လာပြီး မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ညှိနှိုင်းကာ တိုင်းဒေသကြီး အစိုးရအဖွဲ့က အတည်ပြု သတ်မှတ်ထားသော ဈေးနှုန်းများဖြစ်ကြောင်း ၄င်းက ဆိုသည်။ မန္တလေးမြို့ပေါ်တွင် အိမ်၊ ခြံ၊ မြေဈေး စံနှုန်းများ သတ်မှတ်ထားပြီး ဖြစ်ရာ နိုဝင်ဘာ ၁၅ ရက်နေ့မှ စတင်ကာ အဆိုပါ ဈေးနှုန်းများအတိုင်း တန်ဖိုးဖြတ်မည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။ စံသတ်မှတ် ဈေးနှုန်းအရ အခွန်ဆောင်ရာတွင် တံဆိပ်ခေါင်းခွန် ၇ ရာခိုင်နှုန်းနှင့် အခွန်ဆောင်ပြီးငွေဖြင့် ဝယ်ယူခြင်း မဟုတ်ပါက ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း၊ အဆိုပါ အိမ်၊ ခြံ၊ မြေစံနှုန်းများနှင့် ပတ်သက်၍ သိလိုပါက မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနသို့ လာရောက် မေးမြန်းနိုင်ကြောင်း ၄င်းက ဆက်လက် ရှင်းပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် The Voice Saturday သတင်းစာတွင် ဖော်ပြထားပါသည်။ အိမ်၊ ခြံ၊ မြေ ဂျာနယ်

HIV/AIDS လူနာအခမဲ့ တည်းခိုဆောင် မြေအငှား မြို့တော်စည်ပင်ချမပေး..

ရွှေပြည်သာ မြို့နယ်တွင် ဖွင့်လှစ်ထားသည့် HIV/AIDS လူနာများ အခမဲ့ တည်းခိုဆောင်ကို ပြောင်းရွှေ့ ဖွင့်လှစ်ရန် မြေအငှား ချပေးရန် အတွက် ရွှေပြည်သာမြို့နယ် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြခဲ့ရာ အဆိုပါ မြေနေရာသည် စီမံကိန်းဖြစ်၍ ချမပေးခဲ့ကြောင်း နိုဝင်ဘာ ၁၃ ရက်တွင် ဆည်းဆာရောင်ခြည် HIV/AIDS အခမဲ့ တည်းခိုဆောင်၏ တာဝန်ခံ ကိုကျော်နိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။ ဆည်းဆာရောင်ခြည် HIV/AIDS အခမဲ့ တည်းခိုဆောင်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှ စတင်၍ (အမှတ် ၁၀(က) မေတ္တာ ၂လမ်း၊ မေတ္တာပန်းခြံ ၈ ရပ်ကွက်၊ ရွှေပြည်သာတွင်) ဖွင့်လှစ်ခဲ့ပြီး အနယ်နယ် အရပ်ရပ်မှ ဆေးကုသရန် ရောက်ရှိလာသည့် လူနာများအတွက် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်သည်။ ယခုအခါ လူနာဦးရေ ပျမ်းမျှ ၃၅ ဦး ခန့်သာ တည်းခို နိုင်သဖြင့် အနယ်နယ် အရပ်ရပ်မှ လာရောက် တည်းခို နိုင်စေရန် ယင်း တည်းခိုဆောင်ကို တိုးချဲ့ကာ ပြောင်းရွှေ့ ဖွင့်လှစ်နိုင်ရန် ရွှေပြည်သာမြို့နယ် အတွင်းရှိ မီးတား မြေကွက်လပ်မှ မြေနေရာ တချို့ကို မြေအငှား ချပေးပါရန် တင်ပြခဲ့သည်။ ရွှေပြည်သာမြို့နယ် စည်ပင် သာယာရေး ကော်မတီမှ အဆိုပါ မြေနေရာသည် ရွှေပြည်သာ မြို့နယ် စီမံကိန်း မြေနေရာ ဖြစ်သဖြင့် ပေး၍ မရကြောင်းကို စာတင်ပြီး ၂ လ အကြာတွင် ပြန်လည် အကြောင်းပြန်ခဲ့သည်။ … အဆိုပါ မြေနေရာ လျှောက်ထားမှုနှင့် စပ်လျဉ်း၍ ““ကျွန်တော်တို့ လျှောက်တော့ စီမံကိန်း ဆိုပြီး မပေးဘူး။ ဒါပေမဲ့ အခု အဲဒီမြေပေါ်မှာ လူနေဆိုင်ခန်းတွေ ငှားထားတယ်။ အခုတခြားမြေ နေရာ ပြောင်းလျှောက် ထားတယ်။ နှစ်ပတ်ရှိပြီ။ အကြောင်းတော့ မပြန်သေးဘူး။ ကျွန်တော်တို့ အခုလက်ရှိ နေရာက လူဦးရေ သိပ်မဆံ့တော့ တိုးချဲ့ ဖွင့်လှစ်ချင်လို့ ငှားတာပါ”” ဟု တာဝန်ခံ ကိုကျော်နိုင်က ပြောသည်။ ဆည်းဆာရောင်ခြည် အခမဲ့ တည်းခိုဆောင်သည် ယခုလူဦးရေ ၃၅ ဦးထက် ပို၍ တိုးချဲ့ လက်ခံနိုင်ရန် မြေအငှား လျှောက်ထားခြင်း ဖြစ်သည်။ လာရောက် တည်းခိုမည့် လူနာများသည် ဆက်သွယ်ပြီးမှသာ လာရောက်ခြင်း ဖြစ်သော်လည်း တစ်ဦးလျှင် ၃ လ မှ ၆ လကြာ တည်းခိုခြင်း ဖြစ်သဖြင့် ဆက်သွယ်ပြီး တည်းခိုခွင့် မရရှိသူများကို ထပ်မံ လက်ခံနိုင်ရန် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်သည်။ ၎င်း တည်းခိုဆောင် စဖွင့်သည်မှစ၍ ယခု အချိန်ထိ လူဦးရေ ၁၆၀ ကျော်ထိ လာရောက် တည်းခိုပြီး ဖြစ်သည်။ ဆည်းဆာရောင်ခြည် တည်းခိုဆောင်သည် မူလက HIV/AIDS ဝေဒနာ ခံစားနေရသူများကို နှစ်သိမ့် ဆွေးနွေးမှုများ လိုအပ်ပါက ဆက်သွယ်ရန် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ကြေညာခဲ့သည်။ ထို့နောက် အနယ်နယ် အရပ်ရပ်မှ လာရောက် ဆေးကုသသည့် ဝေဒနာရှင် လူနာများသည် ဆေးကုရာတွင် အချိန်မမီခြင်း၊ စောင့်ဆိုင်း ကုသရခြင်းတို့ ဖြစ်ပေါ်လာသည့်အတွက် တည်းခိုရာတွင် ငွေကြေး မတတ်နိုင်ခြင်း၊ အသိ မိတ်ဆွေ များက လက်မခံခြင်းများကြောင့် ယခုကဲ့သို့ တည်းခိုဆောင်အဖြစ် ပြောင်းလဲ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ မြေနေရာချပေးခြင်း၊ မပေးခြင်းအပေါ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းတို့ အနေဖြင့် မသိရှိကြောင်း၊ ခရိုင်အလိုက် စီမံခန့်ခွဲခြင်း ဖြစ်၍ သက်ဆိုင်ရာ ခရိုင်သို့သာ မေးမြန်း၍ မြို့ပြ စီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနမှ ဌာနခွဲမှူး ဦးဇော်ဝင်းက မြန်မာသံတော်ဆင့်သို့ ပြန်လည် ဖြေကြား ခဲ့သဖြင့် ရွှေပြည်သာမြို့နယ် ပါဝင်သည့် မြောက်ပိုင်းခရိုင်/စီမံမှ ဌာနခွဲမှူး ဒေါ်စန်းစန်းဦး ထံသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ဖုန်းပိတ်ထား၍ အတည်ပြုချက် မရရှိခဲ့ပေ။ MT Newspaper

ဂရိနိုင်ငံတွင် အိမ်ခြံမြေကဏ္ဍ ပျက်စီးလုနီးပါးဖြစ်နေဟု သိရ

အိမ်ခြံမြေဆောက်လုပ်ရေးကဏ္ဍမှာ နှစ်ပေါင်း ၂၀ လောက် အတွေ့အကြုံရှိတဲ့ ကော့စ်တက်စ်ဟာ ဂရိနိုင်ငံရဲ့ အခြေအနေဆိုးဝါး နေတဲ့ စီးပွား ရေးကဏ္ဍအတွက် မရှိမဖြစ်လိုအပ်နေတဲ့ကဏ္ဍမျိုးကို တစ်ခါမျှ မတွေ့ခဲ့ဖူးသေးပါဘူး။ "ဆောက်လုပ်ရေး လုပ်ငန်းက လုံးဝကို ရပ်ဆိုင်းနေတာပါ။ ဘေးကျပ်နံကျပ်ကာလမှာ အရာ အားလုံး ပျက်စီးသွားပါပကော" လို့ မျိုးရိုး အမည်ကို မပြောပြချင်တဲ့ အသက် ၅၀ အရွယ်ကော့စ်တက်စ်က ညည်းညည်းညူညူနဲ့ ပြောပါတယ်။ ဂရိနိုင်ငံမှာ စီးပွားရေးကျဆင်းမှုကို ခြောက်နှစ်လောက် ရင်ဆိုင်ခဲ့ရပြီး ဒေ၀ါလီခံခြင်းတွေ လည်း ကြုံတွေ့ခဲ့ရတဲ့အတွက် လူနေအိမ်တွေ ရဲ့ ဈေးနှုန်းဟာ သုံးပုံတစ်ပုံနီးပါးလောက် ထိုးကျသွားခဲ့ရပါတယ်။ ဂရိနိုင်ငံရဲ့ အိမ်၊ ခြံ၊ မြေ ကဏ္ဍဟာ လူတော်တော်များများက အငြိမ်းစားဘ၀အတွက် အိုစာမင်းစာ စုဆောင်းတဲ့ အနေနဲ့ ရင်းနှီးမြှုပ်နှံကြတဲ့ စီးပွားရေးနယ်ပယ်တစ်ခုပါ။ ဂရိနိုင်ငံရဲ့ အီးယူအိုင်အမ်အက်ဖ်ငွေကြေးအကျပ်အတည်းမှ ကယ်ဆယ်ရေး အစီအစဉ်ရဲ့ ပြဋ္ဌာန်းချက်အရ လူထုကြား ၀င်ငွေမျှတမှုရှိစေဖို့အတွက် အိမ်ပိုင်ရှင်တွေပေါ်မှာ အခွန်သစ်တွေ စည်းကြပ်ခဲ့တဲ့ အစိုးရရဲ့ မူဝါဒ ကြောင့် အခြေအနေတွေ ခုလို ပိုပြီးဆိုးဝါးလာခဲ့ရတာပါလို့ ကျွမ်းကျင်သူတွေကလည်း ပြစ်တင်ပြောဆိုနေကြပါတယ်။ "စီးပွားရေးကျဆင်းမှုရယ်၊ပြီးတော့ အိမ်ခြံမြေကဏ္ဍက အခွန်စည်းကြပ်မှုရယ်ကြောင့် အဓိက အလုပ်ရှင်ကြီးဖြစ်တဲ့ အိမ်ခြံမြေကဏ္ဍကြီး အခုလို ပျက်ပြားသွားရတာပါ" လို့ ကော့စ် တက်စ်ကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်လိုက်ရင် ဒီနှစ်ရဲ့ ပထမ သုံးလပတ်မှာ အိမ်ရာသစ် ဆောက်လုပ်မှုဟာ ၄၄ ရာခိုင်နှုန်း ထိုးကျသွားတယ်လို့ အစိုးရအဖွဲ့ ရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ ဆောက်လုပ်ရေးလုပ်ငန်းမှာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းက စပြီး အလုပ်အကိုင် ၁၈၅,၀၀၀ ကျော် လက်လွတ်ဆုံးရှုံးခဲ့ရတာကို တွေ့ရပါတယ်။ဒီနှုန်းထားဟာ အိမ်ခြံမြေကဏ္ဍ တစ်ခုလုံးမှာရှိတဲ့အလုပ်သမားအင်အားထုရဲ့ ထက်ဝက်လောက် ရှိပါတယ်။ အခုအချိန်မှာ အိမ်ရာအသစ်ဆောက်လုပ်မှု လုံးဝမရှိသေးဘဲ အသစ်ပြုပြင်ဆောက်လုပ်မှု တချို့ လောက်ပဲ ရှိပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာဖြစ်ပွားခဲ့တဲ့ ဂရိနိုင်ငံရဲ့ စီးပွားရေးကျဆင်းမှု မဖြစ်ခင်တုန်း က တစ်နှစ် ၀င်ငွေ ယူရို ၂ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၃ ဒသမ ၅ သန်း) ရရှိနေတဲ့ ဆောက် လုပ်ရေးပစ္စည်းရောင်းချရေးလုပ်ငန်းကို ကော့စ်တက်စ် က အခုအချိန်မှာ ပိတ်ထားရပါတယ်။ ပြီးတော့လည်း စီးပွားရေးအကျပ်အတည်း ကာလမတိုင်ခင်က အေသင်မှာ ချေးငွေနဲ့ဝယ် ထား တဲ့ သုံးထပ်အဆောက်အအုံကလည်း ရောင်းမထွက်သေးပါဘူး။ "ကျွန်တော့် အကြွေးတွေကိုဆပ်နိုင်ဖို့ အတွက် အဲဒီအိမ်ကို လေလံတင်ရောင်းချဖို့ ဘဏ်ကို တောင်းဆိုထားပါတယ်" လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။ အိမ်ခြံမြေကဏ္ဍ ပြန်ကောင်းလာစေဖို့ အတွက် ဂရိအစိုးရဟာ ယူရို ၂၅၀,၀၀၀ အထက် တန်ဖိုးရှိ အိမ်တွေကို အီးယူအဖွဲ့ဝင်မဟုတ်တဲ့ ရင်းနှီးမြှုပ်နှံ သူတွေကို ၀ယ်ယူခွင့် ဒါမှမဟုတ် ငှားရမ်းနေထိုင်ခွင့် ချပေးထားပါတယ်။ MMT

နယူးယော့ခ်မြို့မှ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံသစ် အမေရိကန်နိုင်ငံ၏ အမြင့်ဆုံး အဆောက်အအုံဖြစ်လာ ...

နယူးယော့ခ် အမေရိကန်နိုင်ငံ နယူးယော့ခ် မြိုက၌ အသစ်ဆောက်လုပ်လိုက်သည့် ၁,၇၇၆ ပေ မြင့်သည့် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ သစ်သည် ယင်း၏အမြင့်ပေနှင့် ပတ်သက်ပြီး အငြင်းပွားမှုတစ်ရပ် ပေါ်ပေါက်ခဲ့ပြီးနောက် အနောက်ကမ္ဘာခြမ်းတွင် အမြင့်ဆုံးအဆောက် အအုံ တစ်ခုဖြစ်လာခဲ့သည်။ အဆိုပါ One World Trade Center ဟုခေါ် သော ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံသစ်ကို အမေရိကန်နိုင်ငံရှိ မိုးမျှော်အဆောက် အအုံများထဲတွင် အမြင့်ဆုံးအဆောက်အအုံအဖြစ် တရားဝင် သတ်မှတ်တော့မည်ဖြစ်ကြောင်း နိုင်ငံတကာ ဗိသုကာအဖွဲ့တစ်ဖွဲ့က နိုဝင်ဘာလ ၁၂ ရက်နေ့က ပြောကြားခဲ့သည်။ ယင်း မိုးမျှော်အဆောက်အအုံ၏ ထိပ်ပိုင်း၌ ၄၀၈ ပေအမြင့်ရှိသော အချွန်ပုံတည်ဆောက်ပါရှိခြင်း နှင့်ပတ်သက်ပြီး ယင်းမှာ အဆောက်အအုံ၏ ဧရိယာတိုင်ဖြစ်သည်ဟု အငြင်းပွားခဲ့ခြင်းဖြစ်သည်။ ရှိကာဂိုမြို့ရှိ ၀ီလီစ်အဆောက်အအုံကို အမေရိကန်နိုင်ငံ၏ အမြင့်ဆုံး အဆောက်အအုံအဖြစ် အသိအမှတ်ပြုသူများ က One World Trade Center ၏ အမြင့်မှာ ၁,၃၆၈ ပေသာ ရှိသည် ဟုဆိုခဲ့ကြသည်။ အဆောက်အအုံ၏ထိပ်၌ အချွန်သဏ္ဌာန် မပါပါက ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ သစ်၏ အမြင့်ပေမှာ ၁,၃၆၈ ပေသာရှိပြီး ယခင် ကုန်သွယ်ရေးအဆောက်အအုံဟောင်း၏ အမြင့် ပေနှင့် တူညီသွားမည်ဖြစ်သည့်အပြင် ၀ီလီစ် Willis အဆောက်အအုံနှင့် ၁,၃၉၇ ပေမြင့်သော အခြား လူနေအဆောက်အအုံ တစ်ခုတို့ထက် လည်း အမြင့်ပေ နည်းသွားမည်ဖြစ်သည်။ သို့သော်လည်း မိုးမျှော်အဆောက်အအုံများ နှင့်ပတ်သက်ပြီး လေ့လာမှတ်တမ်းတင်သည့် နိုင်ငံတကာအဖွဲ့တစ်ဖွဲ့ဖြစ်သည့် မြို့ပြအထပ်မြင့် အဆောက်အအုံများဆိုင်ရာ ကောင်စီက နယူး ယော့ခ် နှင့် ရှိကာဂိုမြို့တို့၌ တစ်ပြိုင်တည်း ပြုလုပ် ခဲ့သည့်သတင်း စာရှင်းလင်းပွဲများတွင် ထို ဆုံးဖြတ်ချက် ကို ကြေညာခဲ့ခြင်းဖြစ်သည်။ အဆောက်အအုံ၏ ထိပ်၌တည်ဆောက်ထားသောအထွတ်ကို အဆောက်အအုံ၏ စုစုပေါင်း အမြင့် တွင် ထည့်သွင်း တွက်ချက်သင့်ကြောင်း အထပ်မြင့်အဆောက်အအုံများဆိုင်ရာ ကောင်စီ က ဆုံးဖြတ်ခဲ့သည်။ "ဒါဟာ ခေါင်မိုးရဲ့ထိပ်ချွန်တစ်ခုဖြစ်ပြီး ဧရိယာ တိုင်တစ်ခု မဟုတ်ပါဘူး။ ခေါင်ချွန်းဆိုတာ အဆောက်အအုံနဲ့ အမြဲတွဲရှိနေတဲ့ အဆောက် အအုံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီ အဆောက်အအုံရဲ့ ခေါင်မိုးချွန်မှာ ဧရိယာတိုင် ပုံစံကိရိယာမျိုးတွေလည်း မရှိပါဘူး"ဟု ကောင်စီ ဥက္ကဋ္ဌနှင့် NBBJ ဗိသုကာကုမ္ပဏီမှ ဗိသုကာ ပညာရှင်တစ်ဦးဖြစ်သည့် တီမိုသီဂျွန်ဆန်က ပြောကြားခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံသစ်မှာ ၉။၁၁ တိုက်ခိုက်ခံရမှုကြောင့် ပြိုကျခဲ့သည့် အမြွှာ မျှော်စင်နှစ်ခု၏ သြမအွှ့သတနမ ဟုခေါ်သည့် မြောက်ဘက် အဆောက်အအုံနေရာတွင် ပြန် လည်တည်ဆောက်ထားခြင်းဖြစ်သည်။ MMT

ဆောက်လုပ်ဆဲကန်ထရိုက်တိုက် အုတ်ချပ်များပြိုကျ

မရမ်းကုန်း မြို့နယ်တွင် ဆောက်လုပ်ဆဲကန် ထရိုက်တိုက်၏အုတ်ချပ်များပြိုကျ သည့်အတွက် နံဘေးရှိနှစ်ထပ် ပျဉ်ထောင်အိမ်ပျက်စီးကာ လူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။နိုဝင်ဘာ ၁၃ ရက် ညနေ ၆နာရီခန့်က မြို့သစ်(၄)လမ်း အိမ် အမှတ် (၁၅၁) ဆောက်လုပ်ဆဲ ကန်ထရိုက်တိုက်၏ အမြင့်ဆုံး ငါးလွှာမှ တိုက်နံရံအုတ်ချပ်များ သည် နံဘေးရှိအိမ်အမှတ် (ခ/၁၅၀) နှစ်ထပ်ပျဉ်ထောင်အိမ်ပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်ပြီး ပြိုကျသည့် ဖြစ်စဉ်ကြောင့် ပျဉ်ထောင်အိမ် တွင်နေထိုင်သော အသက်၂၄နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး ထိ ခိုက် ဒဏ်ရာရရှိခဲ့ပြီး အိမ်အမိုး အရှေ့ဘက်ခြမ်း ပျက်စီးယိုယွင်း ခဲ့ကြောင်း ပျဉ်ထောင်အိမ်၏ အိမ် ရှင်ဖြစ်သူက ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ပြောသည်။ ပျက်ဆီးဆုံးရှုံးသွားသည့် ပျဉ် ထောင်အိမ်မှ အိမ်ရှင်ဦးအောင် ဇော်က ''ဘေးကဆောက်လက်စ တိုက်ရဲ့ငါးလွှာက ဘေးအုတ်ချပ် တွေ ပြိုကျလာတာ ၆နာရီ လောက်မှာ။ ဒဏ်ရာရတဲ့သူက ကျွန်တော့်ခယ်မပါ။ ဦးခေါင်း ပေါက်တဲ့ ဒဏ်ရာရယ်၊ ကျောနဲ့ ခြေထောက်တွေမှာ ဒဏ်ရာရ တယ်။ အခုမြောက်ဥက္ကလာပ ဆေးရုံမှာ ကုသနေတယ်။ ခေါင်း ကိုတော့ ချုပ်ထားပြီး ဒဏ်ရာအ ခြေအနေ စောင့်ကြည့်နေတယ်။ ကျန်တဲ့ဒဏ်ရာတွေတော့ မကုသ ရသေးဘူး''ဟုပြောသည်။ ယင်းကဆက်လက်ပြီး''အုတ် တွေပြိုတဲ့အရှိန်က ပြင်းတယ်။ အဲဒီအသံကြောင့် တစ်ရပ်ကွက် လုံးကလူတွေပါကြားရတယ်။ လမ်း ထဲက လူတွေလဲ အပြေးအလွှား လာကြည့်ကြတာပေါ့။ အရှိန်က လဲ ပြင်းတော့ အပေါ်ထပ်ကြမ်း ပျဉ်တွေပါပေါက်ပြဲကုန်ပြီး အောက် ထပ်အထိ အုတ်ခဲတွေပြုတ်ကျ လာတယ်။ သူတို့တိုက်ဆောက် တာလဲ သုံးလတောင်မပြည့်သေး ဘူး။ နောက်ပြီး မိုးအရမ်းရွာနေ တဲ့အချိန်မှာတောင် ကြမ်းခင်း တွေ လောင်းနေကြတာတွေ့ရ တယ်''ဟုပြောသည်။ ထိခိုက်ဒဏ်ရာရရှိသူ အ မျိုးသမီးမှာ ဆေးရုံတွင်ဆက် လက်ကုသလျက်ရှိပြီး အုတ်နံရံ ပြိုကြသည့်ဖြစ်စဉ်ကြောင့် ရပ် ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စည်ပင်သာယာရုံး၊ မြို့နယ်ရဲစခန်း များသို့ အကြောင်းကြားထားပြီး အမှုဖွင့်မဖွင့်ရသေးကြောင်း၊ လျော်ကြေးကိစ္စလည်း မညှိနှိုင်း ရသေးကြောင်း ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ အိမ်ရှင်က နိုဝင်ဘာ ၁၄ရက် ညနေ ၅နာရီ ၁၅မိနစ်တွင် ပြောသည်။ Yangon Times

အိမ်၊ ခြံ၊ မြေ ဈေးစံနှုန်းများ ပြောင်းလဲသင့်ကြောင်း တင်ပြပါက ပြောင်းလဲပေးမည်

ရန်ကုန်မြို့တွင်း မြို့ပြင်အတွက် ထုတ်ပြန်ထားသော အိမ်၊ခြံ၊မြေ ဈေးစံနှုန်း သတ်မှတ်ချက်များကို သက်ဆိုင်ရာ မြို့နယ်များရှိ ပြည်သူများနှင့် အခွန်ဦးစီးမှူးများက ပြောင်းလဲသင့်ကြောင်း တင်ပြလာပါက စံနှုန်း သတ်မှတ်ချက်များ ပြောင်းလဲပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်က The Voice သို့ ပြောကြားသည်။ “သက်ဆိုင်ရာ မြို့နယ်တွေက ပြည်သူတွေရော၊ အခွန်မှူးတွေကရော ဒီမြို့နယ်ကတော့ ပြောင်းလဲဖို့လိုပြီ ဆိုရင်တော့ ပြောင်းလဲပေးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဈေးနှုန်း တကယ်ပြောင်းလဲတယ်၊ မပြောင်းလဲဘူးဆိုတာ သူတို့က ပိုသိနိုင်လို့ပါ” ဟု ၎င်းကဆိုသည်။ အဆိုပါ စံနှုန်း သတ်မှတ်ချက်များမှာ စတင်သတ်မှတ် ကတည်းက နှုန်းသေများ မဟုတ်ဘဲ နှုန်းရှင်များသာ ဖြစ်ပြီး ပြင်ပ ပေါက်ဈေး အပြောင်းအလဲပေါ် မူတည်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ လက်ရှိတွင် မြို့နယ်အလိုက် တစ်ပေပတ်လည် စံနှုန်း သတ်မှတ်ချက်များတွင် ဗဟန်းမြို့နယ်မှာ ကျပ်သုံးသောင်း ငါးထောင်မှ ကျပ်သုံးသိန်း နှစ်သောင်း ငါးထောင်ဖြင့် အမြင့်ဆုံး ဖြစ်ပြီး ခရမ်းမြို့နယ်မှာ တစ်ပေပတ်လည်လျှင် ကျပ် ၂၀၀ မှ ၁၁၀၀ ကျပ် အထိဖြင့် အနိမ့်ဆုံး ဖြစ်ကြောင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ မန္တလေးတိုင်းဒေသကြီးရှိ မြို့တွင်း၊ မြို့ပြင် တစ်ပေပတ်လည် စံနှုန်း သတ်မှတ်ချက်များကို နိုဝင်ဘာလအတွင်း ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း ယင်းရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ MWD

ကျပ်ဘီလျံ ၁၀၀ မ, တည်ထားသည့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ယခုနှစ် ဒီဇင်ဘာ ပထမအပတ် အတွင်း ဖွင့်လှစ်မည်

ကျပ်ဘီလျံ ၁၀၀ မ, တည်ထားသည့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) အား ယခုနှစ် ဒီဇင်ဘာ ပထမအပတ် အတွင်း၌ ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနရုံး နေရာတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အဆိုပါဘဏ်မှ စုံစမ်းသိရသည်။ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် မ, တည်ငွေရင်း ကျပ်ဘီလျံ ၁၀၀ အား ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ ကြီးကြပ်မှုနှင့် မြို့ရွာနှင့် ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး အပါအ၀င် ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီများ၊ ဘဏ်လုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီများ စုပေါင်း မ, တည်ထားခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါဘဏ် အနေဖြင့် လမ်းတံတား တည်ဆောက်ရေး၊ အိမ်ရာတည်ဆောက်ရေး စသည့်တိုYအတွက် ငွေထုတ်ချေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ၊ စီမံခန့်ခွဲရေးနှင့် နည်းပညာဌာနမှ ဒုတိယဦးဆောင် ညွန်ကြားရေးမှူး ဦးကျော်ဝင်းက ''နေအိမ်မရှိသေးတဲ့သူတွေ နေအိမ်တိုက်ခန်းတွေ ရဖို့အတွက် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အနေနဲ့ အမြတ်အနည်းဆုံးနဲ့ ဆောက်နိုင်ဖို့အတွက် ထုတ်ချေးတာတွေ ဆောင်ရွက်သွားမှာပါ။ ဒီလိုလုပ်ဆောင်တဲ့ အခါမှာ ဘဏ်လုပ်ငန်းစနစ် အတိုင်းပဲ ပွင့်လင်းမြင်သာစွာနဲ့ ဆောင်ရွက်သွားပါမယ်။ ပုဂ္ဂိုလ်ကိုလုပ်ပြီး ဆောင်ရွက်ပေးတဲ့ ကိစ္စမျိုး မဟုတ်ဘဲ ပွင့်လင်းမြင်စွာနဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ကနေ ဆုံးဖြတ်ဆောင်ရွက် သွားတာမျိုး လုပ်မှာပါ။ တစ်ဦးတစ်ယောက်ရဲ့ သဘောနဲ့ ဆုံးဖြတ်တာမျိုး မရှိစေရပါဘူး'' ဟု The Daily Eleven သတင်းစာ၏ မေးမြန်းမှုအား ပြန်လည် ဖြေကြားသည်။ ''ပထမအဆင့် အနေနဲ့ ဒီဇင်ဘာလ ပထမအပတ်မှာ ဗိုလ်တထောင် ဘဏ်ခွဲကို ဖွင့်လှစ်မှာဖြစ်တယ်။ အမှန်ကတော့ ရုံးချုပ်ကို ဦးစွာဖွင့်လှစ်ဖို့ အဆောက်အအုံ မပြီးသေးတဲ့အတွက် ငွေကြေးလည်ပတ်မှုကို စတင်နိုင်ဖို့ ဗိုလ်တထောင် ဘဏ်ခွဲကို စတင်ဖွင့်မှာပါ'' ဟု ၎င်းက ပြောကြားသည်။ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့် မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေနှင့်အညီ ယခုနှစ် ဇူလိုင်လ အတွင်းက မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးထားသည့် ဘဏ်ဖြစ်ကြောင်း သိရသည်။ EMG

မန္တလေးဘူတာကြီး အပေါ်ထပ်များအား ဟိုတယ်ဖွင့်လှစ်ရန် ပုဂ္ဂလိက သို့ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ လေးသိန်းဖြင့် ငှားရမ်းခွင့်ပြု

မန္တလေးဘူတာကြီး အပေါ်ထပ်များအား ဟိုတယ်ဖွင့်လှစ်ရန်အတွက် ပုဂ္ဂလိကသို့ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ လေးသိန်းကျော်ဖြင့် ငှားရမ်းခွင့်ပြု ထားကြောင်း သိရသည်။ မန္တလေးဘူတာကြီး စတုတ္ထထပ်မှ ဆဋ္ဌမအထပ် အထိနှင့် ခေါင်မိုး လဟာပြင် အထပ်များကို နှစ်ရှည်စာချုပ်ဖြင့် ဟိုတယ်ဖွင့်လှစ်ရန် ငှားရမ်းခွင့်အား ၂၀၁၂ ခုနှစ်၊ ဇွန်လပိုင်းက တင်ဒါခေါ်ယူမှုများ ပြုလုပ်ခဲ့ပြီး လုပ်ကိုင်ခွင့် လျှောက်ထားသည့် ကုမ္ပဏီခြောက်ခု အနက်မှ ယခုနှစ် ဧပြီလ အတွင်း၌ Adventure Myanmar Group ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပြုရန် ရွေးချယ်ခဲ့ကြောင်း သိရသည်။ ''လုပ်ကိုင်ခွင့်ပြုဖို့ ရွေးချယ်ပြီးပါပြီ လုပ်ထုံးလုပ်နည်း တွေအရ ရင်းနှီး မြှပ်နှံမှု ကော်မရှင်ကို ကုမ္ပဏီကနေ လုပ်ငန်းဆိုင်ရာနဲ့ ပတ်သက်ပြီး အသေးစိတ် ပြန်လည် တင်ပြဖို့ အချက်တွေ ကျန်နေသေးတယ်။ အဲဒီအချက်တွေ တင်ပြပြီး ကော်မရှင်က ခွင့်ပြုတာနဲ့ စာချုပ်စချုပ်ပြီး လုပ်ငန်းဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာပါ'' ဟု မြန်မာ့မီးရထား တိုင်းအမှတ်(၃)မှ စီးပွားရေး မန်နေဂျာက ပြောကြားသည်။ လုပ်ကိုင်ခွင့် ရွေးချယ်ခြင်းကို ရထားပို့ဆောင်ရေး ၀န်ကြီးဌာနရုံးတွင် ပြုလုပ်ခဲ့ပြီး ကြမ်းခင်းဈေး သတ်မှတ်ခြင်းမရှိဘဲ ကုမ္ပဏီများမှ တင်သွင်းသည့် လုပ်ငန်းစဉ်၊ ဒီဇိုင်းနှင့် ငွေပမာဏများကို စိစစ်၍ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မန္တလေး ဘူတာကြီး စတုတ္ထထပ်မှ ဆဋ္ဌမအထပ်အထိ သုံးလွှာနှင့် ခေါင်မိုးပြင်မှာ စုစုပေါင်း ဧရိယာ ၁၆၀၉၄၈ စတုရန်းပေ အကျယ် အ၀န်းရှိပြီး နှစ် ၃၀ စာချုပ် ချုပ်ဆိုကာ လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အတူ မန္တလေးမြို့၌ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနပိုင် ပုပ္ပား ဟိုတယ် အမှတ် (၁) နှင့် အမှတ်(၂)ကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင် များသို့ ငှားရမ်းလုပ်ကိုင် ခွင့်ပြုရန် အတွက် တင်ဒါခေါ်ယူမှုများ ပြုလုပ်နေကြောင်း၊ အောက်တိုဘာ ၂၉ ရက်တွင် ရွေးချယ်သွားမည် ဖြစ်ကာ သုံးနှစ်စာချုပ်ဖြင့် လုပ်ကိုင်ခွင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ EMG

မြေအမျိုးအစားများ ( လယ်မြေ )

လယ်မြေ၀ယ်ယူပြီး မြေအမျိုးအစားမြှင့်တင်ပြောင်းလိုသူများအနေဖြင့် မြေအဆင့်အတန်း R1 နှင့် R2 အမျိုးအစားထက် R3 နှင့် R4 အမျိုးအစားမှာ လယ်မြေမှ R/G (သို့) ဥယျာဉ်ခြံမြေကို ပြောင်းလဲလျှောက်ထားရန်အတွက် ပိုကောင်းမွန် ပါသည်။ လယ်မြေ ၀ယ်ယူမှုအနေဖြင့်လည်း ပုံစံ (၇) ရရှိပြီးသော မြေကွက်များ ပိုမိုခိုင်မာမှုရှိပြီး တရားဝင်ရောင်းနိုင်၊ ၀ယ်နိုင်ခွင့်ရှိပါသည်။ ဥယျာဉ်ခြံမြေအမျိုးအစား၌လည်း ဥယျာဉ်ခြံမြေပြေစာ အမည်ပေါက် ရရှိပြီးသား ပိုင်ရှင်ထံမှ ၀ယ်ယူလျှင် ပိုမိုကောင်းမွန်ပါသည်။ ဥယျာဉ်ခြံမြေဟုဆိုသော်ငြားလည်း သစ်မွှေး၊ သစ်မာသာ စိုက်ပျိုးခွင့်ရသောမြေ၊ ရာဘာပင်သာ စိုက်ပျိုး၍ ရသောမြေ၊ မြေလွတ်မြေရိုင်းဥယျာဉ်ခြံမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးခွင့်ရသောမြေ ဟူ၍ ဥယျာဉ်ခြံမြေ အဆင့်အတန်းခွဲခြားထားပါသည်။ နှစ်ရှည်ပင် စိုက်ပျိုးခွင့်ရသောမြေအမျိုးအစားမှာ အကောင်းမွန်ဆုံး ဖြစ်ပါသည်။ ဥယျာဉ်ခြံမြေ အမျိုးအစားထဲမှ မြေလွတ်မြေရိုင်းဥယျာဉ်ခြံမြေ၊ သစ်မွှေး၊ သစ်မာသာ စိုက်ပျိုးခွင့်ရသောမြေတို့မှာ မြေအမျိုး အစား အဆင့်အတန်း ပြောင်းရန်ခက်ခဲပါသည်။ ၀ယ်ယူသူများအနေဖြင့်လည်း သေချာစွာ စုံစမ်းစစ်ဆေးပြီးမှ ၀ယ်ယူသင့်ပါကြောင်း အကြံပေးအပ်ပါသည်။ ကိုပြည်ဟိဏ်း

ကျေးလက်အိမ်ရာ တည်ဆောက်ရေး လုပ်ငန်းများအတွက် ကျပ်သန်းပေါင်း ရှစ်ထောင်ကျော် အသုံးပြုသွားမည်

ကျေးလက်နေ ပြည်သူများ၏ ဘ၀ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် နိုင်ငံတော်မှ စီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက်ရှိရာ ကျေးလက်အိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများ အတွက် ကျပ်သန်းပေါင်း ရှစ်ထောင်ကျော် ကို အသုံးပြုသွားမည်ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါအိမ်ရာများတည်ဆောက်မှုကို လာမည့် ၂၀၁၄-၂၀၁၅ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း လုံး၌ အိမ်ရာပေါင်း ၂၉၀၀ကျော်ကို တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ တည်ဆောက်ရာတွင် ပြီးခဲ့သည့် နှစ်များအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများ၊ ငလျင်ဒဏ်ခံဒေသများနှင့် မြစ်ရေ တိုက်စားမှုများ ကြောင့် အိမ်ရာပျက်စီးဆုံးရှုံးခဲ့သည့် ဒေသများ၌ အဓိကတည်ဆောက်သွားရန် မျှော်မှန်းထားကြောင်း သိရသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ ဘ၀မြှင့်တင်ရေးတွင် မွေးမြူရေ၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ Focal Ministry အဖြစ်သတ်မှတ်ကာ ရေရှည်မဟာဗျူဟာများ ရေးဆွဲထားပြီး လာမည့် လပေါင်း ၃၀အတွင်းတွင် ကျေးလက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် စီမံကိန်းလုပ်ငန်းစဉ်များဖြစ်သည့် ကျေးလက်အိမ်ရာများ တိုးချဲ့တည်ဆောက်ရေးအပါအ၀င် ကျေးလက်ဒေသမီးလင်းရေး၊ ကျေးလက်လမ်း၊ တံတားများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ရေရရှိရေးတို့ကို သက်ဆိုင်ရာဌာနများ၊ ပြည်တွင်း ပြည်ပ NGO အဖွဲ့အစည်းများကို ပူးပေါင်းကာ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ အကျိုးဆောင်ဂျာနယ်

မြိတ် အဝေးပြေးကားဝင်း စီမံကိန်း သတင်းကြောင့် မြေဈေး နှစ်ဆ မြင့်တက်

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ရှိ မြိတ်တောင်ကျေးရွာ အုပ်စုတွင် တည်ဆောက်ရန် လျာထားသည့် အဝေးပြေး ယာဉ်ရပ်နားစခန်းဝင်း စီမံကိန်း သတင်းကြောင့် ယင်းကျေးရွာ အုပ်စုတွင် မြေဈေး နှစ်ဆဝန်းကျင် မြင့်တက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ စီမံကိန်းကြောင့် မြိတ်တောင်ကျေးရွာ အုပ်စုရှိ ရပ်ကွက်များတွင် မြေကွက်နှင့် ခြံမြေများကို ဝယ်ယူ စုဆောင်းသူများက စိတ်ဝင်စားမှု များလာခဲ့ပြီး အမြင့်ဈေးပေး ဝယ်ယူမှု များလာကြောင်း မြိတ်တောင်ကျေးရွာ အုပ်စုမှ ရာအိမ်မှူးများက ဆိုသည်။ အဝေးပြေးကားဝင်း တည်ဆောက်မည့် စီမံကိန်း အနီးရှိ မြိတ်တောင်ကျေးရွာ အုပ်စု၊ ရွှေပြည်တန် ရပ်ကွက်၊ ကုန်းဖောက် ရပ်ကွက်၊ အင်းလေးမြိုင် ရပ်ကွက်နှင့် ရာပြည့် ရပ်ကွက်တို့တွင် ရင်းနှီးမြှုပ်နှံ သူများနှင့် လုပ်ငန်းရှင်များက မြေကွက်များ ဝယ်ယူ စုဆောင်းလာကြကြောင်း ရွှေပြည်တန် ရပ်ကွက်နေ ဦးအေးငယ်က ရှင်းပြသည်။ “တချို့ဆိုရင် မြေကွက် လေးငါးကွက်တောင် ဝယ်ထားတာ”ဟု ဦးအေးငယ်က ဆိုသည်။ ယခင်က ကျပ် ၁၀ သိန်း ပေါက်ဈေး ရှိသည့် မြေကွက် တစ်ကွက်လျှင် ယခု ကျပ် သိန်း ၂၀ ပေါက်ဈေး ရှိပြီး ကျပ် သိန်း ၅၀ ပေါက်ဈေးရှိသည့် မြေကွက်သည် ကျပ် သိန်း ၁၀၀ ကျော်အထိ ပေါက်ဈေး ရှိနေကြောင်း မြေယာ အရောင်းအဝယ် ပြုလုပ်နေသူများထံမှ သိရသည်။ လက်ရှိတွင် ဝယ်သူက များလာပြီး ရောင်းသူ နည်းသွားသည်ဟု ရာပြည့်ရပ်ကွက် ရာအိမ်မှူး ဦးသိန်းလွင်က ပြောသည်။ အထက်ပါ ယာဉ်ရပ်နားစခန်းကို မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာ အုပ်စုရှိ ကုန်းဖောက်ရပ်၊ အင်းလေးမြိုင်ရပ်နှင့် ရွှေပြည်တန် ရပ်ကွက်တို့ အကြားရှိ ဧက ၄၀ ကျော်ရှိ လယ်မြေများပေါ်တွင် တည်ဆောက်မည် ဖြစ်ပြီး မြိတ် အများပိုင် ကော်ပိုရေးရှင်းရုံးက တာဝန်ယူ တည်ဆောက်သွားမည် ဖြစ်သည်။ Dawei Watch

မန္တလေးတိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေစံနှုန်း သတ်မှတ်ချက် နိုဝင်ဘာလ အတွင်း ထွက်ရှိမည်

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အိမ်၊ ခြံ၊ မြေများ၏ ကာလပေါက်ဈေး အလိုက် စံနှုန်းများကို မန္တလေးတိုင်းဒေသကြီး အစိုးရက သတ်မှတ် အတည်ပြုပြီးပါက ပြည်ထောင်စုအစိုး၏ အတည်ပြုချက်ဖြင့် နိုဝင်ဘာလ အတွင်း ထွက်ရှိလာမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ကြူက နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်သော ရှေးဟောင်းနှင့် အခွန်ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။ “တိုင်းဒေသကြီးအဆင့် အတည်ပြုပြီးရင် ပြည်ထောင်စုအဆင့်ကို အတည်ပြုချက် ရယူရမှာပါ။ တိုင်းဒေသကြီး အစိုးရက အတည်ပြုပြီးရင် ပြည်ထောင်စုအဆင့်က အတည်ပြုတာ များပါတယ်” ဟု ဒေါက်တာမြင့်ကြူက အဆိုပါ ရှင်းလင်းပွဲ၌ ဆိုသည်။ မန္တလေးတိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ စံနှုန်း ထွက်ရှိပြီးပါက မန္တလေး ခရိုင်မြို့နယ်များရှိ အခွန်ရုံး အသီးသီးသို့ သွားရောက် ကြည့်ရှုနိုင်ကြောင်း ဒေါက်တာမြင့်ကြူက ပြောကြားသည်။ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ပြုလုပ်မည် ဆိုပါက မန္တလေးတိုင်းဒေသကြီး တန်ဖိုး စိစစ်ဆေးရေး အဖွဲ့က အဆိုပါ အိမ်၊ ခြံ၊ မြေအတွက် ပေးဆောင်ရမည့် အခွန် တံဆိပ်ခေါင်း ၇ ရာခိုင်နှုန်းနှင့် ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်းတို့ကို သတ်မှတ်ပြီး စာအိတ်ဖြင့် ချိပ်ပိတ်ကာ မြို့နယ် တံဆိပ်ခေါင်းရုံးနှင့် မြို့နယ် စာချုပ်စာတမ်း ရုံးသို့ ပေးပို့သွားမည် ဖြစ်ကြောင်း အဆိုပါ မြို့နယ် တံဆိပ်ခေါင်းရုံးနှင့် မြို့နယ် စာချုပ်စာတမ်းရုံးက အဆိုပါ အိမ်၊ ခြံ၊ မြေ၏ ကာလပေါက်ဈေးမှ ၃၇ ရာခိုင်နှုန်းကို အခွန်ပေးဆောင်စေ၍ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၌ မြေပိုင်ဆိုင်မှု ဂရန် လျှောက်ထားနိုင်ကြောင်း၊ မြေပိုင်ဆိုင်မှု ဂရန် မလျှောက်ထား လိုသူများက စာချုပ်စာတမ်းရုံးတွင် အရောင်းအဝယ် စာချုပ် (ပတ်ကားစာချုပ်) ချုပ်ဆိုနိုင်ကြောင်း ဒေါက်တာမြင့်ကြူက ရှင်းပြသည်။ “အရင်က စာချုပ်စာတမ်း ယာယီ မှတ်ပုံတင်ထားတာတွေကို တိုင်းအခွန်ဦးစီးကို ပို့ခိုင်းထားတယ်။ လျှော့ချုပ်ထားတဲ့ စာချုပ်စာတမ်း ယာယီ မှတ်ပုံ တင်ထားတာတွေကို တွက်ချက်ပြီး ကျသင့်တဲ့ တံဆိပ်ခေါင်းခွန်နဲ့ ဝင်ငွေခွန် ငွေပြန်လည် ကောက်ခံ သွားမှာပါ” ဟု ဒေါက်တာမြင့်ကြူက အဆိုပါ ရှင်းလင်းပွဲ၌ ဆိုသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း မြင့်တက်လျက်ရှိသော အိမ်၊ ခြံ၊ မြေ ပေါက်ဈေးများကို အဆိုပါ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများက လျှော့ချနိုင်မည် မဟုတ်ကြောင်း၊ အဓိက ဝယ်လိုအားနှင့် ရောင်းလိုအား မမျှ၍ ဖြစ်ကြောင်း မန္တလေးမြို့ မန်းမြေရာဇာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်ကုမ္ပဏီမှ လုပ်သက်ရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဦးကျော်ဝင်းက ဆိုသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ရာတွင် စာချုပ်စာတမ်း ယာယီမှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုရန် နိုဝင်ဘာလ ၁ ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်မြေစာရင်းရုံး များသို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်၊ ခြံ၊ မြေများ၏ ကာလပေါက်ဈေး အလိုက် စံနှုန်း သတ်မှတ်ချက်များကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် အစိုးရက ထုတ်ပြန် ကြေညာခဲ့သည်။ အိမ်၊ ခြံ၊ မြေ ဂျာနယ် TVW

အရောင်းအ၀ယ်အေး အိမ်ခြံမြေဈေးကွက်

စက်တင်ဘာလဆန်းအထိ အရောင်းအ၀ယ်ကောင်းခဲ့သည့် ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် နိုဝင်ဘာ လဆန်းတွင် အရောင်းအ၀ယ်အအေးဆုံး အခြေအနေဖြစ်နေကြောင်း အိမ်ခြံမြေလုပ်ငန်း အသိုင်းအ၀ိုင်း က ပြောသည်။ အစိုးရအသစ် တက်လာပြီးနောက်တွင် အိမ်ခြံမြေဈေးနှုန်း မတန်တဆကြီး မြင့်မှုနှင့်အတူ အရောင်း အ၀ယ်သွက်ခဲ့သော်လည်း တစ်ပေပတ်လည် မြေဈေးနှုန်းသတ်မှတ်ပြီးနောက်တွင် ဈေးကွက်ပိုမိုအေး လာခြင်းဖြစ်သည်ဟု ယင်းတို့က ပြောသည်။ စိုင်းခွန်နောင် အိမ်ခြံမြေနှင့် ဥပဒေအကြံပေး ၀န်ဆောင်မှုကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးရန်အောင် က “တစ်ပေပတ်လည် မြေဈေးနှုန်း သတ်မှတ်ချက် မထွက်ခင်ကတည်းက စအေးလာတာ အခုဆိုပိုပြီး ဈေးကွက်ကအေးလာတယ်၊ ၀ယ်သူရောရောင်းသူပါ ဈေးကွက်အခြေအနေတွေကို ဘာဖြစ်မလဲဆိုပြီး စောင့်ကြည့်နေကြတယ်”ဟု မဇ္ဈိမသို့ပြောသည်။ စက်တင်ဘာလဆန်းက အရောင်းအ၀ယ်နှင့်ယှဉ်လျှင် ထက်ဝက်နီးပါးလျော့ကျသွားကြောင်း ဆက်ပြော သည်။ တစ်ပေပတ်လည် မြေဈေးနှုန်းသတ်မှတ်ချက်များက အချို့မြို့နယ်များရှိလမ်းများတွင် ပေါက်ဈေးထက် ဈေးပိုလျက်ရှိပြီး အချို့နေရာများတွင် ပေါက်ဈေးထက်ဈေးလျော့နည်းလျက်ရှိနေသည့်အတွက် ဈေး ကွက် ပိုမိုအေးလာသည့်အပြင် အခွန်ရရှိရန်အတွက် မြေတစ်ပေပတ်လည်သတ်မှတ်ချက် မူဝါဒကို လည်း အပြောင်းအလဲဖြစ်နိုင်ကြောင်း၊ မျှော်လင့်ပြီး စောင့်ကြည့်နေခြင်းကြောင့်လည်း ဖြစ်သည်ဟု အိမ် ခြံမြေလုပ်ငန်းရှင်များက သုံးသပ်သည်။ ရွှေလင်ပန်းစက်မှုဇုန်ရှိ အချို့မြေတစ်ပေပတ်လည်နှုန်းထားများမှာ လက်ရှိကာလပေါက်ဈေးထက် မြင့် မားနေသောကြောင့် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ကို ပြန်လည်တင်ပြရန်ရှိကြောင်း အိမ်ခြံမြေ ၀န်ဆောင်မှုအသင်းမှ တာဝန်ရှိသူများက ပြောသည်။ တစ်ပေပတ်လည်မြေဈေးနှုန်း သတ်မှတ်ချက်များသည် သတ်မှတ်ချက်ထွက်ကတည်းက ပုံသေမဟုတ် ဘဲ ကာလပေါက်ဈေးအပြောင်းအလဲအပေါ်မူတည်ကာ ပြောင်းလဲသွားမည်ဖြစ်၍ ယင်းသို့တင်ပြခြင်းဖြစ် သည်။ မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း၊ အတွင်းရေးမှူး ဒေါ်မို့မို့အောင်ကမူ လွန်ခဲ့သော နှစ်လခွဲခန့် နှင့်ယှဉ်လျှင် အရောင်းအ၀ယ် ၇၀ ရာခိုင်နှုန်းသာဖြစ်ပြီး ဈေးမှာလည်း အမြင့်ဈေးဖြစ်နေသည်ဟုဆို သည်။ အိမ်ခြံမြေအခွန်နှုန်းထား ပိုမိုရရှိနိုင်ရန် အစိုးရအနေဖြင့် တစ်ပေပတ်လည် မြေဈေးနှုန်းသတ်မှတ်ချက် ထုတ်ပြန် ဆောင်ရွက်သော်လည်း အရောင်းအ၀ယ် ဖြစ်မှုနည်းပါးသည့်အတွက် အခွန်ရရှိမှုနည်းနိုင် သည်ဟု အိမ်ခြံမြေဈေးကွက် လုပ်ငန်းရှင်များက သုံးသပ်သည်။ လက်ရှိအချိန်တွင် လိုအပ်ချက်ရှိသည့်သူများသာ အရောင်းအ၀ယ်လုပ်လျက်ရှိပြီး စက်မှုဇုန်၊ စီမံကိန်းနေ ရာ၊ များတွင် ယခင်ကကဲ့သို့ သိန်းသောင်းချီ အရောင်းအ၀ယ်ဖြစ်မှုများ မရှိတော့ကြောင်း လုပ်ငန်းရှင် များက ပြောသည်။ Estate Myanmar Real Estate Co.,Ltd ၏ အကျိုးဆောင် ဦးနိုင်မျိုးဦးက “မြေတစ်ပေပတ်လည်က မြေဈေးလည်းမကျဘူး၊ အရောင်းအ၀ယ်တွေလည်း မဖြစ်ဘူးဆိုတော့ အားလုံးက မူဝါဒတစ်ခုခု အပြောင်းအလဲလုပ်မယ်လို့ ထင်ပြီးစောင့်ကြည့်နေကြတယ်” ဟု ပြောသည်။ တစ်ပေပတ်လည် မြေဈေးနှုန်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာလမှစတင်ကာ တရားဝင်သတ်မှတ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတွင်လည်း မြေဈေးနှုန်းများ သတ်မှတ်နိုင်ရန် ဆောင် ရွက်လျက်ရှိသည်။ အိမ်၊ ခြံ၊ မြေ ဂျာနယ် Mizzima

ရန်ကုန်မြို့ ဒုတိယ စီးပွားရေး ဗဟိုဇုန်နှင့် မင်္ဂလာတောင်ညွန့် စီးပွားရေး စီမံကိန်း မြေနေရာများ ငှားရမ်းခြင်းမှ ၀င်ငွေကျပ် ၇၉ ဘီလျံကျော် ရမည်ဟု လျာထား

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် အကောင်အထည်ဖော်မည့် ဒုတိယ စီးပွားရေး ဗဟိုဇုန် (မင်းဓမ္မ စီမံကိန်း)နှင့် မင်္ဂလာတောင်ညွန့် စီးပွားရေး အဆောက်အအုံများ စီမံကိန်းတို့ ပြုလုပ်မည့် မြေနေရာများ လုပ်ငန်းရှင်များအား ငှားရမ်းခြင်းမှ ပရီမီယံကြေး ၀င်ငွေ ကျပ် ၇၉ ဒသမ ၂၃၈ ဘီလျံ ရမည်ဟု လျာထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားသည်။ မရမ်းကုန်းမြို့နယ် ဒုတိယ ဗဟိုစီးပွားရေးဇုန် ဧရိယာ ၃၆ ဒသမ ၅၅၁ ဧကနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် စီးပွားရေး အဆောက်အုံများ စီမံကိန်းအတွက် စက်ရုံနှင့် မော်တော်ယာဉ်ဝင်း မြေဧရိယာ ၈ ဒသမ ၅၁၈ ဧကတို့ကို ငှားရမ်းခြင်းမှ ပရီယံကြေးဝင်ငွေ ကျပ် ၇၉ ဒသမ ၂၃၈ ဘီလျံ ရရှိရန် မှန်းထားခြင်း ဖြစ်သည်။ ရန်ကုန်မြို့၏ ဒုတိယစီးပွားရေး ဗဟိုဇုန် စီမံကိန်းနှင့် မင်္ဂလာတောင်ညွန့် စီးပွားရေး အဆောက်အအုံများ စီမံကိန်း မြေနေရာများအား ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ၊ ပြည်တွင်းနှင့် ပြည်ပ ဖက်စပ်လုပ်ကိုင်မည့် လုပ်ငန်းရှင်များအား ငှားရမ်းရန် တင်ဒါခေါ်ယူထားပြီး၊ လျှောက်လွှာများကို စက်တင်ဘာလလယ်မှ စတင်ရောင်းချခဲ့ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် နောက်ဆုံးထား တင်ဒါသွင်းရမည်ဖြစ်သည်။ ဒုတိယ ဗဟိုစီးပွားရေးဇုန် စီမံကိန်းအတွက် စိတ်ဝင်စား၍ လျှောက်လွှာဝယ်ယူထားသော ကုမ္ပဏီ ၂၅ ခုခန့် ရှိနေပြီး ကိုရီးယား Sae.A Trading Co. Ltd၊ ပြည်တွင်းရှိ နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် လက်ရှိရွှေဂုံတိုင် ခုံးကျော်တံတား ဆောက်လုပ်နေသော Capital Development Co .Ltd၊ A1 Construction၊ Asia Picific Construction၊ Ayeyar Hin Thar Construction၊ Yangon Engineering Group စသည်တို့ ပါဝင်ပြီး ယင်းစီမံကိန်းတွင် ဟိုတယ်၊ ကွန်ဗင်းရှင်းစင်တာ၊ ပြခန်းကြီးများ၊ ကဇာတ်ရုံများ၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်ကြီးများ၊ အီလက်ထရွန်နစ် စင်တာများ၊ အရောင်းခန်းမကြီးများနှင့် ရုံးခန်းအဆောက်အအုံများ ပါဝင်မည်ဖြစ်ပြီး ၂၀၁၄ တွင် စတင်ရန် မှန်းထားသည်။ မရမ်းကုန်းမြို့နယ် ဒုတိယ ဗဟိုစီးပွားရေးဇုန် ဧရိယာ ၃၆ ဒသမ ၅၅၁ ဧကနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် စီးပွားရေး အဆောက်အုံများ စီမံကိန်းအတွက် စက်ရုံနှင့် မော်တော်ယာဉ်ဝင်း မြေဧရိယာ ၈ ဒသမ ၅၁၈ ဧကတို့ကို ငှားရမ်းခြင်းမှ ပရီယံကြေးဝင်ငွေ ကျပ် ၇၉ ဒသမ ၂၃၈ ဘီလျံ ရရှိရန် မှန်းထားခြင်းဖြစ် . . . . . ရန်ကုန်မြို့လယ်နှင့် နီးကပ်နေသည့် မင်္ဂလာတောင်ညွန့် စီးပွားရေး အဆောက်အအုံများ စီမံကိန်းကို ဗိုလ်မင်းရောင်လမ်း ဂုဏ်ရည်လမ်းတို့တွင် အကောင်အထည် ဖော်မည်ဖြစ်ပြီး ဟိုတယ်၊ ကွန်ဗင်းရှင်းစင်တာ၊ ပြခန်းကြီးများ၊ ကဇာတ်ရုံများ၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်ကြီးများ၊ အီလက်ထရွန်နစ် စင်တာများ၊ အရောင်းပြခန်းမကြီးများ (Shopping Mall)၊ ရုံးခန်းအဆောက်အအုံများနှင့် လူနေကွန်ဒို တိုက်ခန်းများ တည်ဆောက်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းစီမံကိန်းအတွက် မြေငှားရမ်း လုပ်ကိုင်လို၍ လျှောက်လွှာဝယ်ယူထားသည့် ကုမ္ပဏီ ၂၀ နီးပါးရှိပြီး ပြည်ပနှင့် ပြည်တွင်း ဖက်စပ်ကုမ္ပဏီ အနေဖြင့် Daiwa Housing Industry Co.Ltd (Tokyo) & Shin Ye Htut Construction Management and Developer Co.,ltd၊ ပြည်တွင်းရှိ နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် Capital Development Co.,Ltd၊ A1 Construction၊ Asia Picific Construction၊ New Innovation Co., Ltd၊ Ga Mone Pwint Co.,Ltd။ IGE Co.Ltd အပြင် TDDPC Co.,Ltd ? KYAY "O" KYEE Construction၊ Electrum Construction စသည်တို့ ပါဝင်သည်။ အဆိုပါ စီမံကိန်း နှစ်ခုစလုံးတွင် မြေငှားရမ်း လုပ်ကိုင်လိုသူများ အနေဖြင့် အာမခံ စပေါ်ငွေ အမေရိကန်ဒေါ်လာ တစ်သန်း တင်ထားရမည်ဟု ထုတ်ပြန်ထားသည်။ အိမ်၊ ခြံ၊ မြေ ဂျာနယ်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ခွင့်ပြုထားသည့် အဆောက်အအုံများ ယခင်နှစ်ထက် စံချိန်တင် မြင့်တက်လာ

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနမှ ခွင့်ပြုထားသည့် အဆောက်အအုံများမှာ ယခင်နှစ်ထက် စံချန်တင် မြင့်တက်လာကြောင်း အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနမှ သိရသည်။ “အခုလက်ရှိ ဧပြီလကနေ အောက်တိုဘာလအထိ ခွင့်ပြုထားတာကတော့ အထပ်မြင့် အဆောက်အအုံ ၄၂၉ လုံး၊ လုံးချင်း သုံးထပ် အနိမ့်အဆောက်အအုံ ၁၉၅၃ လုံးနဲ့ ခြံစည်းရိုး အဆောက်အအုံ ၁၀၁ လုံး စုစုပေါင်း အရေအတွက် ၂၄၈၃ လုံး စာရင်းအရ ရှိပါတယ်။ မနှစ်က တစ်နှစ်လုံးမှ အလုံးရေ ၂၀၀၀ ကျော်ရှိတာပါ။ အခုဒီနှစ်ထဲမှာ ခြောက်လတာကာလအတွင်း ၂၄၈၃ လုံး ရှိနေပါပြီ” ဟု အဆောက်အအုံများ ယခင်နှစ်ထက် စံချိန်တင် မြင့်တက်လာမှုများနှင့် စပ်လျဉ်း၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနမှ တာဝန်ရှိသူက ရှင်းပြသည်။ ဆက်လက်၍ ကန်ထရိုက်များအား ဆောက်လုပ်ခွင့် လိုင်စင်များ ချထားပေးရာတွင် အကြီးတန်း ကန်ထရိုက် လိုင်စင်အတွက် ယခုအချိန်အထိ ၄၁၇ ဦး ရှိနေပြီဖြစ်ကြောင်းနှင့် အငယ်တန်း ကန်ထရိုက်လိုင်စင်အတွက် ၂၃ ဦး ရှိနေပြီဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။ လက်ရှိ အကြီးတန်း ကန်ထရိုက်လိုင်စင်အတွက် လျှောက်ကြသူများသည် ၎င်းတို့မှ ငွေကျပ်သိန်း ၁၅၀၀ တန်ဖိုးရှိ ပိုင်ဆိုင်မှု မြေကွက်ကို အထောက်အထားနှင့်တကွ ပြရမည်ဖြစ်ကြောင်း၊ Deposit အနေဖြင့် ငွေကျပ်သိန်း ၅၀၀ တင်ရမည်ဖြစ်ကြောင်း၊ ၎င်းတို့အတွက် လေးထပ်အောက် (အထပ်နိမ့်) အဆောက်အအုံ ၁၅ လုံးနှင့် လေးထပ် အထက်အဆောက်အအုံ ၁၅ လုံးဖြင့် အဆောက်အအုံ အရေအတွက် အလုံးရေ စုစုပေါင်း အလုံး ၃၀ တစ်ပြိုင်တည်း ဆောက်လုပ်ခွင့် ပြုထားကြောင်း၊ အငယ်တန်း ကန်ထရိုက် လိုင်စင်အတွက် လျှောက်ကြသူများမှာ Deposit အနေဖြင့် ငွေကျပ် သိန်း ၂၀၀ တင်ရမည်ဖြစ်ကြောင်းနှင့် ၎င်းတို့အတွက် လေးထပ်အောက် အဆောက်အအုံ ၁၅ လုံးကို တစ်ပြိုင်တည်း ဆောက်လုပ်ခွင့်ပြုထားကြောင်း စုံစမ်းသိရကြောင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ အိမ်၊ ခြံ၊ မြေ ဂျာနယ်

ငပလီကမ်းခြေဒေသကို ငပလီမြို့အဖြစ် သတ်မှတ်မည်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေဒေသရှိ ကျေးရွာအုပ်စုလေးခုကို ပေါင်း၍ ငပလီမြို့ အဖြစ် ပြောင်းလဲ သတ်မှတ်မည်ဖြစ်ကြောင်း သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက နိုဝင်ဘာ ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။ ယင်းသို့ သတ်မှတ်ရခြင်းမှာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဖြစ်ကာ ယင်းကမ်းခြေဒေသကို ငပလီမြို့အဖြစ် ပြောင်းလဲသတ်မှတ်ရန် ပြီးခဲ့သည့် အောက်တိုဘာလဆန်းက သမ္မတ၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ညွှန်ကြားထားခြင်းဖြစ်ပြီး ဒေသဆိုင်ရာ အာဏာပိုင်များက စတင် အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ ဦးထွန်းဝေက “ခရိုင်မှာ လိုအပ်တဲ့ အထောက်အထားတွေလုပ်ပြီး ပြည်နယ်ကို တင်ရမယ်။ အစိုးရအဖွဲ့က စစ်ဆေးပြီးရင် လွှတ်တော်ကို တင်မယ်ထင်ပါတယ်။ ပြီးရင် အတည်ပြုမှာပေါ့”ဟု ပြောသည်။ ငပလီကမ်း ခြေဒေသတွင်းရှိ ဂေါ့ကျေးရွာ၊ မဇင်ကျေးရွာ၊ လင်းသာကျေးရွာနှင့် မြပြင်ကျေးရွာ အုပ်စု လေးခုကို ငပလီ မြို့အဖြစ် သတ်မှတ်လိုက်ရန် စီစဉ်လျှက်ရှိပြီး လူဦးရေ စစ်ဆေးခြင်း၊ မြေပုံရေး ဆွဲခြင်း စသော ကိစ္စရပ်များ ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဦးထွန်းဝေ က ပြော သည်။ အောက်တိုဘာလအတွင်းက သမ္မတဦးသိန်းစိန် ရခိုင်ပြည်နယ်သို့ ရောက်ရှိပြီးနောက်ပိုင်း ငပလီ ဟိုတယ်ဇုန် ကိုလည်း ထပ်မံတိုးချဲ့လိုက်ပြီးဖြစ်ရာ ယင်းသို့ တိုးချဲ့ရာတွင် ကျေးရွာ ၁၂ ရွာကို ဟိုတယ်ဇုန်အတွင်း ထည့်သွင်းထားသည်။ ယင်းနောက် ငပလီကမ်းခြေဒေသကို ငပလီမြို့အဖြစ် ပြောင်း လဲရန် ထပ်မံ ဆောင် ရွက်ခြင်းဖြစ်သည်။ ငပလီမြို့အဖြစ် သတ်မှတ်မည့်ကိစ္စနှင့်ပတ်သက်၍ ငပလီဟိုတယ်ဇုန်ဥက္ကဋ္ဌ ဦးကျော်စွာမောင်မောင်က “ငပလီကမ်းခြေက ပြည်တွင်းခရီးသွားလုပ်ငန်းကို အားမထားဘူး ပြည်ပနိုင်ငံတွေကို အားထားတယ်။ ငပ လီမှာလာတည်းတဲ့ ခရီးသွားတွေက နိုင်ငံခြားသားတွေ များတယ်။ သံတွဲမြို့နယ်ထဲမှာရှိနေရင် တစ်ခုခု ဖြစ်တိုင်း ငပလီကမ်းခြေကိုပါ နိုင်ငံတကာက လာရမှာကြောက်သွားတယ်။ ဒါကြောင့် ငပလီကို မထိခိုက် ရအောင် ခွဲထွက်တဲ့သဘော ထင်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော သံတွဲမြို့ပဋိပက္ခများကြောင့် ငပလီကမ်းခြေ ဟိုတယ်များတွင် ကြိုတင်ဘွတ်ကင်လုပ်ထားသူများက ဘွတ်ကင်များ ပြန်ဖျက်ခဲ့ခြင်းရှိခဲ့သည်ဟုလည်း ဦးကျော်စွာမောင်မောင်က ဆိုသည်။ ငပလီကမ်းခြေဒေသတွင် အောက်တိုဘာလအတွင်းက ပုဒ်မ ၁၄၄ ရုပ်သိမ်းပြီးနောက်ပိုင်း ခရီးသွား ဧည့်သည် အ၀င်အထွက် ပုံမှန်ရှိသည်ဟု ဦးကျော်စွာမောင်မောင်က ဆိုသည်။ ယင်းအပြင် ငပလီ ဟိုတယ်ဇုန် တွင်ပါဝင်လာသော ကမ်းခြေကျေးရွာများ၏ ဈေးနှုန်းများ မှာလည်း မြင့်တက်လျက်ရှိ သည်ဟု ဒေသခံများက ဆိုသည်။ လက်ရှိတွင် ငပလီကမ်းခြေတွင် လက်ရှိလည်ပတ်လျက်ရှိသော ဟိုတယ်အရေအတွက် ၁၆ လုံးခန့် ရှိသည်။ ထို့ပြင် ငပလီကမ်းခြေတစ်လျှောက် ဟိုတယ်သစ်များ ထပ်မံ ဆောက်လုပ်လျက်ရှိသည်။ အိမ်၊ ခြံ၊ မြေ ဂျာနယ်