ယခုနှစ်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ စက်မှုဇုန် မြေများကို နိုင်ငံသား အမည်ခံများဖြင့် ဂျပန်နှင့် တရုတ်နိုင်ငံများမှ အများဆုံး လာရောက်ဝယ်ယူ

ရန်ကုန်မြို့ရှိ စက်မှုဇုန် မြေများကို ယခုနှစ်ပိုင်းအတွင်း နိုင်ငံသား အမည်ခံကာ ဂျပန်နှင့် တရုတ်နိုင်ငံတို့မှ လုပ်ငန်းရှင်များက အများဆုံး လာရောက်ဝယ်ယူနေပြီး ငှားရမ်းမှုလည်း မြင့်တက်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများထံမှ သိရသည်။ "စက်မှုဇုန်တွေမှာတော့ လောလောဆယ် ရွှေပြည်သာ စက်မှုဇုန်တွေမှာ တရုတ်လူမျိုးတွေ အငှားများပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေ အနေနဲ့ကတော့ အရောင်းအ၀ယ် ပုံမှန်ပါပဲ။ တစ်ပေပတ်လည် မြေဈေးနှုန်း သတ်မှတ်ပြီး နောက်ပိုင်းမှာ ၀ယ်ရောင်းသမားတွေ မရှိသလောက် နည်းသွားတယ်။ တကယ်လုပ်ငန်း လုပ်မယ့်သူတွေပဲ ၀ယ်ကြတယ်။ နိုင်ငံခြားသား လုပ်ငန်းရှင်တွေ အနေနဲ့ကျတော့ တရုတ်နိုင်ငံက ယမန်နှစ်ကထက်စာရင် အငှားများလာတယ်။ သူတို့အနေနဲ့ အထည်ချုပ် လုပ်ငန်းတွေ၊ စက်ပစ္စည်းတွေ သိုလှောင်ဖို့အတွက် ငှားကြတယ်။ မြန်မာနိုင်ငံ အနေနဲ့ တံခါးဖွင့်လိုက်တာလည်း ပါတာပေါ့" ဟု ဗဟိုအိမ်၊ ခြံ၊ မြေ၊ စက်မှုဇုန် ၀န်ဆောင်မှု လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ အလားတူ ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက်အတွင်း မြေဈေးမြင့်တက် နေသည့်နည်းတူ စက်မှုဇုန် မြေဈေးမှာလည်း မြင့်တက်လျက်ရှိကာ ၀ါးတစ်ရာကဲ့သို့ စက်မှုဇုန်များ၌ပင် ယခင်က ကျပ်သိန်း ၁၀၀၀ ခန့်သာရှိသည့် မြေကွက်များသည် ယခုအခါ ကျပ်သိန်း ၁၄၀၀၊ ၁၅၀၀ ၀န်းကျင်အထိ မြင့်တက်လာကြောင်း သိရသည်။ "အစ်မတို့ ကုမ္ပဏီမှာတော့ ဂျပန်၊ တရုတ်နိုင်ငံတို့က နိုင်ငံခြားသားတွေ အငှားများပါတယ်။ ရွှေလင်ဗန်း စက်မှုဇုန်မှာ အလုပ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ အနေနဲ့က စက်မှုဇုန်တွေကို လာရောက်စုံစမ်းတာလည်း များတယ်။ အငှားလည်း ဒီနှစ်အတွင်းမှာ သိသိသာသာကို များလာပါတယ်။ ဈေးတွေကတော့ ၂၀၁၂ ခုနှစ်ကထက်စာရင် အတက်ချည်းပဲ" ဟု အောင်သမာဓိ ကုမ္ပဏီလီမိတက်မှ မဇင်ဝေထွန်းက ပြောကြားသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် မြေကွက်များ ရယူထားပြီး လုပ်ကိုင်ခြင်း မရှိသည့် ကုမ္ပဏီများထံမှ ပြန်လည်သိမ်းဆည်းပြီး အမှန်တကယ် လုပ်ကိုင်မည့် လုပ်ငန်းရှင်များအား ချထားပေးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသိန်းအောင်က အောက်တိုဘာ ၂၉ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မေးခွန်းဖြေကြားရာတွင် ပြောကြားသည်။ ထို့နောက် ရန်ကုန်မြို့ရှိ စက်မှုဇုန် အချို့၌ မြေကွက်ဝယ်ယူ ထားသူများကို အမြန်ဆုံး စက်ရုံဆောက်ကြရန် သတိပေးထားကြောင်း ရန်ကုန်စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီမှ သိရသည်။ ရန်ကုန်မြို့ရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီမှ စက်မှုဇုန်များကို လာမည့်ဒီဇင်ဘာတွင် ကွင်းဆင်းစစ်ဆေး သွားမည်ဖြစ်ကြောင်းနှင့် စက်မှုဇုန်ရှိ မြေယာကိစ္စများကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။ "စက်မှုဇုန်မြေဈေးက တက်တောင်တက်နေတယ်။ စက်မှုဇုန်တွေမှာ မြေကွက်တွေယူထားပြီး အကောင်အထည် မဖော်ရင် သိမ်းမယ်ဆိုပြီး ၀န်ကြီးပြောသွားတာ ရှိတယ်။ အမှန်တော့ အဲဒီလို သိမ်းနေတာတွေက အယောင်ပြလုပ်နေတာ တော်တော်ကြာပြီ။ ဒုသမ္မတ လှိုင်သာယာ လာတုန်းကလည်း သိမ်းမယ်ဘာညာ ပြောသွားတယ်။ အခုလည်း SME တွေကို တွန်းအားပေးမယ် ဘာညာပြောနေကြတယ်။ အမှန်က တကယ် အကောင်အထည် မဖော်တဲ့ မြေတွေကို အမှန်တကယ် သိမ်းလိုက်ရမှာ။ အဲဒီလို သိမ်းလိုက်ရင် စက်မှုဇုန်မြေဈေးဆိုတာ ပြုတ်ကျသွားမှာ။ ဒီနေ့ ဒီအချိန်မှာ ခြံစည်းရိုး ခတ်တာတောင် မစောင့်နဲ့။ မြေကွက်တွေ ချပေးထားတာ နှစ် ၂၀ တော င်ရှိနေပြီ။ အခုထိ ခြံစည်းရိုးတောင် မခတ်တာတွေ ရှိနေသေးတယ်။ မျက်နှာတွေ ထောက်နေတော့ အရေးယူမှုတွေ မလုပ်ကြဘူး" ဟုလည်း လှိုင်သာယာ စက်မှုဇုန်မှ လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးသန်းစိုးက ပြောကြားသည်။ စက်မှုဇုန်မြေများ၏ လက်ရှိအငှား ဈေးနှုန်းများမှာ တစ်ပေပတ်လည်လျှင် ကျပ် ၂၀၀၊ ၂၅၀ ရှိပြီး အရောင်းဈေးနှုန်းမှာ တစ်ဧကလျှင် ကျပ်သိန်း ၃၀၀၀ မှ ၃၅၀၀ ၀န်းကျင်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ စက်မှုဇုန်အလိုက် အရောင်းနှင့် အငှားဈေးနှုန်းများ စဉ် မြို့နယ် အကြောင်းအရာ ဈေးနှုန်း (ကျပ်သိန်း) ၁။ တ/ဒဂုံစက်မှုဇုန် မြေ (80'x 120'၊ ဂို (40'x 80') 3RC ၈၉၀၀ ၂။ သာကေတစက်မှုဇုန် မြေ (60'x 130'၊ ဂို (50'x 120') PW ၂၅ ၃။ ရွှေလင်ဗန်းစက်မှုဇုန် မြေ (၈ဧက) မြေသီးသန့်(အုတ်တံတိုင်းခတ်ပြီး) ၂၄၀၀၀ ၄။ ရွှေလင်ဗန်းစက်မှုဇုန် မြေ (၁.၈၅ဧက) မြေသီးသန့် (ခြံခတ်ပြီး) ၁၅(တစ်ဧက) ၅။ ဒဂုံဆိပ်ကမ်းစက်မှုဇုန် မြေ (၆.၇၅ဧက) ဂို (S.S) သုံးဧက 500 KVA ဂရန် ၆၅၀၀၀ ၆။ ၀ါးတစ်ရာစက်မှုဇုန် မြေ (၆.၁၄၅ဧက) ပါမစ် ၂၅၀၀၀ ၇။ လှိုင်သာယာစက်မှုဇုန် မြေ (၂.၉မတ်) ဂို (100'x 100') ဂို (60'x 80') 33KVA ၁၈၀၀၀ ၈။ ရွှေပြည်သာစက်မှုဇုန် မြေ (၂.၀၄ဧက) ဂို (100'x 310') 315 KVA, Office ၂၁၀၀၀