သီလဝါရဲ့ ဟက်တာ ၄၀၀ ထဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်လာအောင် ဂျပန်က ဖိတ်ခေါ်မည်

သီလဝါအထူးစီးပွားရေးဇုန်ရဲ့ ပထမအဆင့် ဟက်တာ ၄၀၀ ထဲကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင် ဂျပန်နိုင်ငံက ဖိတ်ခေါ်သွားမယ်လို့ သိရတယ်။ “မြန်မာ-ဂျပန် ပူးပေါင်းလုပ်ဆောင်တဲ့ နေရာမှာ ဂျပန်က မာကက်တင်းပိုင်း လုပ်သွားမယ်၊ အဓိက သူတို့က နိုင်ငံတကာ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်သွားမယ်၊ ဥပမာ စင်ကာပူနိုင်ငံက လုပ်ငန်းရှင်တစ်ဦးက လုပ်ချင်တယ်ဆိုရင် အန်တီတို့ဆီကို တင်ပြပြီး စိစစ်ပေးမယ်။ ပြီးရင် ချက်ချင်း သူတို့ကို လုပ်ကိုင်ခွင့်ပေးမယ်” လို့ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာဒေါ်သန်းသန်းသွယ်က ပြောပါတယ်။ ဟက်တာ ၄၀၀ အတွင်း နေထိုင်တဲ့သူတွေကို သန်လျင်-ကျောက်တန်း လမ်းမကြီး ဘယ်ဘက်အခြမ်းက မြိုင်သာယာ တိုးချဲ့ ရပ်ကွက်သစ်ကို ပြောင်းရွှေ့ပေးခဲ့ပြီး အခုတည်ဆောက်ရေး လုပ်ငန်းတွေလုပ်ဖို့ မြေနေရာ စတင်တိုင်းတာနေပြီ လို့ သိရတယ်။ အခြေခံတည်ဆောက်ရေး လုပ်ငန်းတွေကို ၂၀၁၃ ခုနှစ် နှစ်အကုန်မှာ စလုပ်မယ်လို့ သိရတယ်။ အခြေခံအဆောက်အအုံတွေကို တည်ဆောက်ဖို့ ဂျပန်နိုင်ငံရဲ့ ကုမ္ပဏီ ပန်ဒါအိုးရှင်းနဲ့ မြန်မာကုမ္ပဏီ ဆန်းတစ်တို့ ပူးပေါင်းပြီး အဆောက်အအုံတွေ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ “စီးပွားရေးနဲ့ ပတ်သက်လို့ ဆူဇူကီးကားစက်ရုံတွေ လာဖို့ရှိတယ်။ နောက်တခြား နိုင်ငံတကာက ကမ်းလှမ်းထားတဲ့ စက်ရုံတွေ လာလုပ်ဖို့အတွက် နိုင်ငံတကာကို ဖိတ်ခေါ်သွားမယ်” လို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင် ဒေါ်မီမီအောင်က ပြောပါတယ်။ ရန်ကုန်မြို့ရဲ့ အနီးတစ်ဝိုက်နားမှာ ပေါ်လာမယ့် သီလဝါအထူးစီးပွားရေးဇုန်ဟာ အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ စီးပွားရေးဇုန်တစ်ခုလည်း ဖြစ်တယ်လို့ သိရတယ်။ စီးပွားရေးဇုန်ထဲမှာ ပရိုမိုးရှင်းဇုန်နဲ့ ဖရီးဇုန်ဆိုပြီး နှစ်ခုပါဝင်ပါတယ်။ ဖရီးဇုန်လို့ခေါ်တဲ့ အခွန်ကင်းလွတ်ခွင့် ဇုန်အတွင်း စက်ရုံတွေ တည်ဆောက်မှာဖြစ်ပြီး ပရိုမိုးရှင်းဇုန်မှာတော့ လူနေအိမ်၊ လေ့ကျင့်ရေးကျောင်း၊ ဆေးရုံဆေးခန်းတွေ ပါဝင်မယ်လို့ သိရကြောင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။