အဆင့်မြင့် ငါးဈေးသစ်ကြီး ဆိုင်ခန်းများ အရစ်ကျ ရောင်းချပေးမည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် လှိုင်မြို့နယ် ဘုရင့်နောင်လမ်း သီရိမင်္ဂလာ ကုန်စိမ်း ဈေးသစ်နှင့် ကပ်လျက်ရှိသော အဆင့်မြင့် ချမ်းမြေ့မင်္ဂလာ ငါးဈေးသစ်ကြီးမှ ဆိုင်ခန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (ဈေးများဌာန)က ထုတ်ပြန် ကြေညာလိုက်သည်။ ဆိုင်ခန်း အမျိုးအစား နှစ်မျိုးရှိပြီး ထောင့်ခန်းများကို ငွေကျပ်သိန်း ၃၀၀၊ အလယ်ခန်းများကို သိန်း ၂၅၀ တို့ဖြင့် ရောင်းချမည်ဖြစ်ပြီး စတင်ဝယ်ယူစဉ်တွင် ဆိုင်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ကနဦး ပေးသွင်းရမည်ဖြစ်ကြောင်း၊ ရေချိုရေငံနှင့် ဆက်စပ်သော ငါး၊ ပုစွန်တို့ကိုသာ ရောင်းချရန် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ “အရစ်ကျစနစ်ကို ဘယ်ဘဏ်နဲ့ ချိတ်ဆက်မယ် ဆိုတာတော့ အတိအကျ မသိသေးဘူး။ ဆိုင်ခန်းတွေကို YCDC အနေနဲ့ စာချုပ်မှာ အငှားချထားတယ်လို့ပဲ ဖော်ပြမှာ ဖြစ်ပါတယ်။ ရောင်းချလိုသူတွေ အနေနဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါတယ်” ဟု အဆိုပါဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါ ချမ်းမြေ့မင်္ဂလာ ငါးဈေးသစ်ကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် တောက်ထွန်းကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း တည်ဆောက်ခြင်း ဖြစ်ပြီး ဆိုင်ခန်း စုစုပေါင်း ၄၃၂ ခန်းပါရှိကြောင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။