HIV/AIDS လူနာအခမဲ့ တည်းခိုဆောင် မြေအငှား မြို့တော်စည်ပင်ချမပေး..

ရွှေပြည်သာ မြို့နယ်တွင် ဖွင့်လှစ်ထားသည့် HIV/AIDS လူနာများ အခမဲ့ တည်းခိုဆောင်ကို ပြောင်းရွှေ့ ဖွင့်လှစ်ရန် မြေအငှား ချပေးရန် အတွက် ရွှေပြည်သာမြို့နယ် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြခဲ့ရာ အဆိုပါ မြေနေရာသည် စီမံကိန်းဖြစ်၍ ချမပေးခဲ့ကြောင်း နိုဝင်ဘာ ၁၃ ရက်တွင် ဆည်းဆာရောင်ခြည် HIV/AIDS အခမဲ့ တည်းခိုဆောင်၏ တာဝန်ခံ ကိုကျော်နိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။ ဆည်းဆာရောင်ခြည် HIV/AIDS အခမဲ့ တည်းခိုဆောင်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှ စတင်၍ (အမှတ် ၁၀(က) မေတ္တာ ၂လမ်း၊ မေတ္တာပန်းခြံ ၈ ရပ်ကွက်၊ ရွှေပြည်သာတွင်) ဖွင့်လှစ်ခဲ့ပြီး အနယ်နယ် အရပ်ရပ်မှ ဆေးကုသရန် ရောက်ရှိလာသည့် လူနာများအတွက် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်သည်။ ယခုအခါ လူနာဦးရေ ပျမ်းမျှ ၃၅ ဦး ခန့်သာ တည်းခို နိုင်သဖြင့် အနယ်နယ် အရပ်ရပ်မှ လာရောက် တည်းခို နိုင်စေရန် ယင်း တည်းခိုဆောင်ကို တိုးချဲ့ကာ ပြောင်းရွှေ့ ဖွင့်လှစ်နိုင်ရန် ရွှေပြည်သာမြို့နယ် အတွင်းရှိ မီးတား မြေကွက်လပ်မှ မြေနေရာ တချို့ကို မြေအငှား ချပေးပါရန် တင်ပြခဲ့သည်။ ရွှေပြည်သာမြို့နယ် စည်ပင် သာယာရေး ကော်မတီမှ အဆိုပါ မြေနေရာသည် ရွှေပြည်သာ မြို့နယ် စီမံကိန်း မြေနေရာ ဖြစ်သဖြင့် ပေး၍ မရကြောင်းကို စာတင်ပြီး ၂ လ အကြာတွင် ပြန်လည် အကြောင်းပြန်ခဲ့သည်။ … အဆိုပါ မြေနေရာ လျှောက်ထားမှုနှင့် စပ်လျဉ်း၍ ““ကျွန်တော်တို့ လျှောက်တော့ စီမံကိန်း ဆိုပြီး မပေးဘူး။ ဒါပေမဲ့ အခု အဲဒီမြေပေါ်မှာ လူနေဆိုင်ခန်းတွေ ငှားထားတယ်။ အခုတခြားမြေ နေရာ ပြောင်းလျှောက် ထားတယ်။ နှစ်ပတ်ရှိပြီ။ အကြောင်းတော့ မပြန်သေးဘူး။ ကျွန်တော်တို့ အခုလက်ရှိ နေရာက လူဦးရေ သိပ်မဆံ့တော့ တိုးချဲ့ ဖွင့်လှစ်ချင်လို့ ငှားတာပါ”” ဟု တာဝန်ခံ ကိုကျော်နိုင်က ပြောသည်။ ဆည်းဆာရောင်ခြည် အခမဲ့ တည်းခိုဆောင်သည် ယခုလူဦးရေ ၃၅ ဦးထက် ပို၍ တိုးချဲ့ လက်ခံနိုင်ရန် မြေအငှား လျှောက်ထားခြင်း ဖြစ်သည်။ လာရောက် တည်းခိုမည့် လူနာများသည် ဆက်သွယ်ပြီးမှသာ လာရောက်ခြင်း ဖြစ်သော်လည်း တစ်ဦးလျှင် ၃ လ မှ ၆ လကြာ တည်းခိုခြင်း ဖြစ်သဖြင့် ဆက်သွယ်ပြီး တည်းခိုခွင့် မရရှိသူများကို ထပ်မံ လက်ခံနိုင်ရန် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်သည်။ ၎င်း တည်းခိုဆောင် စဖွင့်သည်မှစ၍ ယခု အချိန်ထိ လူဦးရေ ၁၆၀ ကျော်ထိ လာရောက် တည်းခိုပြီး ဖြစ်သည်။ ဆည်းဆာရောင်ခြည် တည်းခိုဆောင်သည် မူလက HIV/AIDS ဝေဒနာ ခံစားနေရသူများကို နှစ်သိမ့် ဆွေးနွေးမှုများ လိုအပ်ပါက ဆက်သွယ်ရန် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ကြေညာခဲ့သည်။ ထို့နောက် အနယ်နယ် အရပ်ရပ်မှ လာရောက် ဆေးကုသသည့် ဝေဒနာရှင် လူနာများသည် ဆေးကုရာတွင် အချိန်မမီခြင်း၊ စောင့်ဆိုင်း ကုသရခြင်းတို့ ဖြစ်ပေါ်လာသည့်အတွက် တည်းခိုရာတွင် ငွေကြေး မတတ်နိုင်ခြင်း၊ အသိ မိတ်ဆွေ များက လက်မခံခြင်းများကြောင့် ယခုကဲ့သို့ တည်းခိုဆောင်အဖြစ် ပြောင်းလဲ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ မြေနေရာချပေးခြင်း၊ မပေးခြင်းအပေါ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းတို့ အနေဖြင့် မသိရှိကြောင်း၊ ခရိုင်အလိုက် စီမံခန့်ခွဲခြင်း ဖြစ်၍ သက်ဆိုင်ရာ ခရိုင်သို့သာ မေးမြန်း၍ မြို့ပြ စီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနမှ ဌာနခွဲမှူး ဦးဇော်ဝင်းက မြန်မာသံတော်ဆင့်သို့ ပြန်လည် ဖြေကြား ခဲ့သဖြင့် ရွှေပြည်သာမြို့နယ် ပါဝင်သည့် မြောက်ပိုင်းခရိုင်/စီမံမှ ဌာနခွဲမှူး ဒေါ်စန်းစန်းဦး ထံသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ဖုန်းပိတ်ထား၍ အတည်ပြုချက် မရရှိခဲ့ပေ။ MT Newspaper