မန္တလေးတွင် ပေ ၃၅၀ အကျယ်ရှိ အပန်းဖြေနေရာသစ် ဖော်ထုတ်မည်

မန္တလေးမြို့တော်တွင် ပြည်သူများ စုစည်းစုဝေးနိုင်သည့် ပေ ၃၅၀ အကျယ်ရှိ အပန်းဖြေ နေရာသစ်တစ်ခု ဖော်ထုတ်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းနှင့် တံတားဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ အဆိုပါ အပန်းဖြေနေရာကို မဟာအောင်မြေမြို့နယ် ၆၂ လမ်းရှိ မနော်ရမံ ဥယျာဉ်နှင့် လမ်း ၄၀ ကြားတွင် ဆောင်ရွက်မည်ဖြစ်ပြီး ပေ ၃၅၀ အကျယ်အဝန်းရှိမည့် အဆိုပါ Public Center ကို ၂၀၁၄ ခုနှစ် မတ်လကုန် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံ ပြောကြားသည်။ “အရင်ဆုံး Public Center လုပ်မယ့် ဧရိယာမှာရှိနေတဲ့ ပျိုးခြံတွေ အားလုံးရှင်းပြီးပြီ။ မနော်ရမံ ချောင်းရှေ့က ဧရိယာကိုယူပြီး တံတားအပြည့် ခင်းမယ်။ အောက်က ချောင်းကိုလည်း ရေစီးရေလာ မထိခိုက်အောင် လုပ်မယ်။ အားကစားပစ္စည်းတွေ ထားမယ်၊ မထားဘူး ဆိုတာတော့ မသိသေးဘူး။ အဓိကကတော့ ပြည်သူလူထုတွေ စုဝေးပြီး စုစည်းနိုင်အောင်ပါ” ဟု ၎င်းက ဆိုသည်။ “မန္တလေးမှာ ရန်ကုန်က ပြည်သူ့ရင်ပြင်လိုမျိုး လူသောင်းဂဏန်းဆံ့တဲ့ ရင်ပြင်မျိုး မရှိဘူး။ အဲလိုရင်ပြင်မျိုး မန္တလေးမှာ ထားပေးဖို့ လိုတယ်။ မန္တလေးမှာ အရင်တုန်းကရှိခဲ့တဲ့ ဥယျာဉ်တွေကလည်း အခုမရှိတော့ဘူး။ ကျုံးဘေးကလည်း အတွဲတွေနဲ့ဆိုတော့ အရင်ကလို မိသားစုလိုက် အပန်းဖြေဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်က ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။