ရန်ကုန်မြို့တော်အတွင်း အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်ဧရိယာအား စိမ်းလန်းစိုပြည်ရေး ဧရိယာအနေဖြင့် ထပ်မံတိုးချဲ့

ရန်ကုန်မြို့တော်အတွင်း အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်ဧရိယာကို စိမ်းလန်းစိုပြည်ရေး ဧရိယာအနေဖြင့် ထပ်မံတိုးချဲ့ထားရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ သိရသည်။ အဆိုပါအထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်ဧရိယာကို စိမ်းလန်းစိုပြည်ရေး ဧရိယာအနေဖြင့် ထပ်မံတိုးချဲ့ထားရှိသည့် နေရာများမှာ ရွှေတိဂုံစေတီတော် အနီးရှိ ကန်တော်ကြီးနှင့် တိရစ္ဆာန်ဥယျာဉ်တို့ ဖြစ်ကြောင်း သိရပြီး အခြားစိမ်းလန်းစိုပြည်ရေး ဧရိယာများ အနေဖြင့် အင်းလျားကန်၊ လှော်ကားဥယျာဉ် စသည်ဖြင့် အများပြည်သူများ အပန်းဖြေနေရာများကို စိမ်းလန်းစိုပြည်ရေး ဧရိယာအဖြစ် သတ်မှတ်ထားရှိသည်။ ''မြင်ကွင်းလမ်းကြောင်းမှာ ဗဟန်း (၃) လမ်းကို ခွင့်မပြုပါဘူး။ ရွှေတိဂုံ ဘုရားလမ်း မြင်ကွင်းလမ်းကြောင်းမှာ ဆိုရင်တော့ ခွင့်မပြုပါဘူး။ မြင်ကွင်းလမ်းကြောင်းမှာ မကျရင် စည်း Level (၁၉ဝ)ထိ ခွင့်ပြုမှာပါ၊ အဲဒီမှာ ပေ ၉ဝ ဖြစ်ရင်လည်း ဖြစ်မယ်၊ ပေ ၁ဝဝ ဖြစ်ရင်လည်း ဖြစ်သွားလိမ့်မယ်၊ စည်း Level ကို စုံစမ်းပြီးမှ ခွင့်ပြုတာပါ၊ အဆောက်အအုံ ဆောက်လုပ်မယ့် သူတွေက မြေတိုင်းနဲ့ လိုအပ်ရင် တင်ပြရပါမယ်။ စည်း Level က တချို့နေရာတွေဆို လမ်းဆုံ၊ လမ်းခွတွေမှာ ရှိတယ်၊ အခုက အဆင့်မြင့်လာပြီ ဆိုတော့ GPS နဲ့တိုင်းပြီး တိုက်ရိုက်ပေါ်ပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ တာဝန်ရှိသူက ရှင်းပြသည်။ ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာ အတွင်း အထပ်မြင့် ဆောက်လုပ်ခွင့်များကို အမြင့်ပေ ၆၂ ပေထက် မပိုရကြောင်းနှင့် ယခုထပ်မံ တိုးချဲ့လိုက်သည့် စိမ်းလန်းစိုပြည်ရေး ဧရိယာများဖြစ်သော ကန်တော်ကြီးနှင့် တိရစ္ဆာန်ဥယျာဉ်တို့ မတိုင်မီ ရွှေတိဂုံစေတီတော်၏ မြောက်ဘက်တွင် ဓမ္မစေတီလမ်းနှင့် ရှင်စောပုလမ်း၊ တောင်ဘက်တွင် မင်းရဲကျော်စွာ လမ်း-မြို့ပတ်ရထားလမ်း-ရွှေတိဂုံဘုရား လမ်းဆုံမှ ယောမင်းကြီး ဦးဖိုးလှိုင်လမ်း၊ အရှေ့ဘက်တွင် အလံပြ ဘုရားလမ်း-တိရစ္ဆာန်ဥယျာဉ်လမ်း-ကန်လမ်း-စက်ရုံလမ်း-နတ်မောက်လမ်း-ကမ္ဘာအေး စေတီလမ်း၊ အနောက်ဘက်တွင် ဗဟိုလမ်းတို့အထိ သတ်မှတ်ထားရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ စုံစမ်းသိရှိရသည်ဟု ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ အိမ်၊ ခြံ၊ မြေ ဂျာနယ်