မြေယာသိမ်းဆည်းခံရ၍ နစ်နာသည့် အမှုတွဲ ၇၄၅ မှုအနက် ငါးမှုကို နှစ်လအတွင်း ပြီးပြတ်အောင် ရှင်းလင်းပြီး ဖြစ်ကြောင်း သိရ

ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် ပါဝင်သော မြေယာ သိမ်းဆည်းခံရ၍ နစ်နာသည့် အမှုတွဲ ၇၄၅ မှု အနက် ၂၀၁၃ ခုနှစ် သြဂုတ် ၂၀ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ နှစ်လအတွင်း အမှုတွဲ ငါးမှု (မြေဧက ၁၉၇၃ ဒသမ ၀၃) ကို ပြီးပြတ်အောင် ရှင်းလင်းပြီး ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ကျန်အမှုတွဲများကိုလည်း စတင် ကိုင်တွယ် ရှင်းလင်းဆဲဖြစ်ပြီး တည်ဆဲဥပဒေများနှင့်အညီ ရှင်းလင်းစွာ ပြီးပြတ်စေရန်အတွက် စနစ်တကျ ဆောင်ရွက်စေလျက် ရှိခြင်းကြောင့် ကနဦးတွင် အနည်းငယ် ကြန့်ကြာခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်နာယက ထံသို့ ပေးပို့သော သ၀ဏ်လွှာတွင် ဖော်ပြထားချက်များအရ သိရသည်။ လယ်ယာမြေ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအရ မြန်မာတစ်နိုင်ငံလုံးတွင် တပ်မတော်က သိမ်းယူထားမှု ၅၆၅ မှု၊ မြို့ပြတိုးချဲ့ စီမံကိန်းနှင့် စက်မှုဇုန် စီမံကိန်းများအတွက် သိမ်းယူထားမှု ၆၃ မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအတွက် သိမ်းယူထားမှု ၁၁၇မှုနှင့် စုစုပေါင်း မြေယာအငြင်းပွားမှု ပြဿနာ ၇၄၅ မှု ရှိပြီး တစ်နှစ်အတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီအဖွဲ့ဝင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သော မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ မြေစီမံခန့်ခွဲမှုဆိုင်ရာ သတင်းထုတ်ပြန် ရှင်းလင်းပွဲတွင် ပြောကြားသည်။ လက်ရှိတွင် လယ်ယာမြေ ပြဿနာများ ဖြေရှင်းနိုင်ရန်အတွက် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း ခေါင်းဆောင်သော ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်များ၊ ဒုဝန်ကြီးများ ပါဝင်သည့် မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်းထားပြီး ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကွက် ကျေးရွာအဆင့် စီမံခန့်ခွဲမှု ကော်မတီများ ဖွဲ့စည်းထားသည်။ EMG