ရန်ကုန်တိုင်း ဒေသကြီး၌ အိမ်ခြံမြေဈေးများ သတ်မှတ်လိုက်သော်လည်း လက်တွေ့ အရောင်းအဝယ် ပြုလုပ်ရာတွင် အကျိုးသက်ရောက်မှု မရှိ

အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက်နေသည်ကို ထိန်းချုပ်နိုင်ရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အိမ်ခြံမြေ ဈေးနှုန်းများကို ဒေသအလိုက် သတ်မှတ်လိုက်သော်လည်း လက်တွေ့ အရောင်းအဝယ် ပြုလုပ်ရာတွင် အကျိုးသက်ရောက်မှု မရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူများက သုံးသပ် ပြောကြားခဲ့သည်။ ရန်ကုန်မြို့ရှိ အိမ်ခြံမြေ ဈေးနှုန်းများကို နေရာဒေသအလိုက် သတ်မှတ်လိုက်ချိန်တွင် အိမ်ခြံမြေ အရောင်း အဝယ် ဈေးကွက်မှာ အေးစက်နေကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အိမ်ခြံမြေ ဈေးနှုန်းများကို သတ်မှတ်လိုက်သော်လည်း လက်တွေ့ အရောင်းအဝယ် ပြုလုပ်ရာတွင် ရောင်းချလိုသူ အိမ်ပိုင်ရှင်များ၏ ရောင်းချလိုသည့် ဈေးနှုန်းကိုသာ အတိုး၊ အလျှော့ ပြုလုပ်၍ အရောင်းအဝယ် ပြုလုပ်နေရသည်။ ''အိမ်ခြံမြေ ဈေးနှုန်းတွေ သတ်မှတ်တယ်။ ဒါက အကျိုးသက်ရောက်မှု မရှိဘူး၊ အဓိပ္ပာယ် မရှိဘူး။ ဘာလို့လဲ ဆိုတော့ ရန်ကုန်မှာ အိမ်ခြံမြေဆိုတာက လူတိုင်းအတွက် လိုအပ်ချက် ဖြစ်လာတာ။ နေရာ ကောင်းတွေက ရှားလာတယ်။ အဲဒီတော့ ရောင်းချလိုသူတွေက ကြိုက်ဈေး ခေါ်တယ်။ ဝယ်မယ့်သူက ကြိုက်ရင် ကြိုက်ဈေး ပေးဝယ်တယ်။ အဲဒီလိုပဲ အရောင်းအဝယ် လုပ်နေတာ'' ဟု ဝါရင့် အိမ်ခြံမြေ အကျိုးဆောင် ဒေါ်နုနုရီက ပြောကြားခဲ့သည်။ အကယ်၍ အိမ်ခြံမြေ ဈေးနှုန်းများကို သတ်မှတ်ပါကလည်း တိုက်ခန်းနှင့် ကွန်ဒို ဈေးနှုန်းများကိုသာ သတ်မှတ် နိုင်ဖွယ်ရှိပြီး လုံးချင်းအိမ် ဈေးကွက်နှင့် အချက်အချာကျသည့် နေရာများမှ ဈေးကွက်များကိုမူ သတ်မှတ်နိုင်ဖွယ် မရှိကြောင်း ပညာရှင်များက သုံးသပ်ခဲ့သည်။ အိမ်၊ ခြံ၊ မြေ ဂျာနယ် Mizzima