အဆင့်မြင့်ငါးဈေးသစ်ကြီး ဆိုင်ခန်းများကို အရစ်ကျ ရောင်းချပေးသွားမည်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် လှိုင်မြို့နယ် ဘုရင့်နောင်လမ်း သိရိမင်္ဂလာကုန်စိမ်းဈေးသစ်နှင့် ကပ်လျက်ရှိသော အဆင့်မြင့် ချမ်းမြေ့မင်္ဂလာငါးဈေးသစ်ကြီးမှ ဆိုင်ခန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန)က ထုတ်ပြန်ကြေငြာလိုက်သည်။ ဆိုင်ခန်းအမျိုးအစား နှစ် မျိုးရှိပြီး ထောင့်ခန်းများကို ငွေကျပ် သိန်း(၃၀၀)၊ အလယ်ခန်းများကို သိန်း(၂၅၀) တို့ဖြင့် ရောင်းချမည်ဖြစ်ပြီး စတင်ဝယ်ယူစဉ်တွင် ဆိုင်ခန်းတန်ဖိုး၏ ၃၀ရာခိုင်နှုန်းကနဦး ပေးသွင်းရ မည်ဖြစ်ကြောင်း၊ ရေချိုရေငန်နှင့် ဆက်စပ်သော ငါး၊ ပုဇွန်တို့ကိုသာ ရာင်းချရန် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ "အရစ်ကျ စနစ်ကို ဘယ်ဘဏ်နဲ့ချိတ်ဆက်မယ်ဆိုတာတော့ အတိအကျ မသိသေးဘူး။ဆိုင်ခန်းတွေကို YCDC အနေနဲ့ စာချုပ်မှာ အငှားချထားတယ်လို့ပဲ ဖော်ပြမှာ ဖြစ်ပါတယ်။ရောင်းချလိုသူတွေအနေနဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါတယ်။" ဟု အဆိုပါဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက News Watch သတင်းဂျာနယ်ကို ပြောသည်။ အဆိုပါ ချမ်းမြေ့မင်္ဂလာ ငါးဈေးသစ်ကြီးကို ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီနှင့် တောက်ထွန်း ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းတည်ဆောက်ခြင်းဖြစ်ပြီး ဆိုင်ခန်းစုစုပေါင်း ၄၃၂ ခန်းပါရှိကြောင်း သိရသည်။ News Watch