စုပေါင်းပိုင် အဆောက်အအုံ တစ်ခုတွင် နေထိုင်သူများ အနေဖြင့် ရောင်းချခွင့်၊ ငှားရမ်းခွင့်နှင့် မြေပိုင်ဆိုင်ခွင့်၊ ပေါင်နှံခွင့်များ အပါအ၀င် နိုင်ငံခြားသားအား ရောင်းချနိုင်မည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်း ပြဋ္ဌာန်း

စုပေါင်းပိုင် အဆောက်အအုံ တစ်ခုတွင် စုပေါင်းနေထိုင် သူများအနေနှင့် ရောင်းချခွင့်၊ ငှားရမ်းခွင့်နှင့် မြေပိုင်ဆိုင်ခွင့်၊ ပေါင်နှံခွင့်များ အပါအ၀င် ဆဋ္ဌမထပ်နှင့် အထက် ၄၀ ရာခိုင်နှုန်း မကျော်သော အခန်းများအား နိုင်ငံခြားသားများသို့ ရောင်းချနိုင်မည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းအား နိုဝင်ဘာ ၁၀ ရက်က ပြည်သူများ သိရှိအကြံပြုနိုင်ရန် ထုတ်ပြန်ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။ ယခု ပြဋ္ဌာန်းလိုက်သည့် ဥပဒေကြမ်းတွင် မြေပိုင်ဆိုင်သူ အနေနှင့် စုပေါင်းပိုင် အဆောက်အအုံအဖြစ် မှတ်ပုံတင်သည့်မြေသည် တစ်ဧကနှင့်အထက် ဖြစ်ရန်လိုအပ်ပြီး တစ်ဧကအောက် ဖြစ်ပါက ၀န်ကြီးဌာန၏ သီးခြားခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း သိရသည်။ မှတ်ပုံတင်ပြီးချိန်တွင် မှတ်ပုံတင်သည့် မြေအနေနှင့် မည်သည့်အဖွဲ့အစည်း၊ တစ်ဦးတစ်ယောက်၏ ပိုင်ဆိုင်မှုအဖြစ် ရှိနေမည် မဟုတ်ဘဲ စုပေါင်းပိုင်ဆိုင်သူ အားလုံးနှင့် အကျုံးဝင်သော မြေအဖြစ်သာ ရပ်တည်နေမည်ဖြစ်ကြောင်း ပုဒ်မ ၁၄ တွင် ပြဋ္ဌာန်းထားသည်။ အဆိုပါ အဆောက်အအုံအား စုပေါင်းပိုင် မြေအဖြစ်မှ ရပ်စဲခြင်း၊ ဖြိုဖျက်၍ အသစ်ပြန်လည် တည်ဆောက်ခြင်း စသည့်လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် စုပေါင်းနေထိုင်သူများ၏ သင်းလုံးကျွတ် အထူးအစည်း အဝေးများတွင် အသင်းဝင် ၇၅ ရာခိုင်နှုန်း၏ ထောက်ခံမှုဖြင့် အသစ်တည်ဆောက်ခြင်း၊ စုပေါင်းပိုင်မြေ အဖြစ်မှ ရပ်စဲခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ကြောင်း ပုဒ်မ ၃၄ တွင် ပြဋ္ဌာန်းချက်အရ သိရသည်။ မြန်မာနိုင်ငံတွင် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ (Condominium Law) မရှိသဖြင့် မြေပိုင်ဆိုင်သူနှင့် အခန်းပိုင်ဆိုင်သူများအကြား အမြဲတစေ အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့်အပြင် တိုက်ခန်းများအား လက်ဝယ်ပိုင်ဆိုင်သူ အနေနှင့် မြေပိုင်ဆိုင်ခွင့် မရှိသည့်အတွက် ဘဏ်များတွင် ပိုင်ဆိုင်သည့် တိုက်ခန်းများအား ပေါင်နှံခွင့် မရှိသည့် ပြဿနာများ၊ Condominium တစ်ခုတွင် နေထိုင်သူများ အနေနှင့် Condominium တွင် အေးချမ်းစွာနေနိုင်ရေး စီမံခန့်ခွဲနိုင်မည့် ကော်မတီ ဖွဲ့စည်းခွင့် မရှိသဖြင့် မြေပိုင်ဆိုင်သူ အလိုကျ နေထိုင်ရသည့် ပြဿနာများနှင့် ရင်ဆိုင်နေရပြီး လက်ရှိပြဋ္ဌာန်းသည့် ဥပဒေတွင် အဆိုပါ အချက်များအား ပြေလည်စေနိုင်သည့် ပုဒ်မများ ပါဝင်ပြဋ္ဌာန်းထားကြောင်း သိရသည်။ ယခု ဥပဒေအား မပြဋ္ဌာန်းမီ ဆောက်လုပ်ခဲ့သည့် စုပေါင်းပိုင် အဆောက်အအုံများ အနေနှင့် စုပေါင်းပိုင် အဆောက်အအုံအဖြစ် မှတ်ပုံတင်ရန် ပုဒ်မ ၇ တွင် ပြဋ္ဌာန်းချက်များဖြစ်သည့် ပိုင်ဆိုင်ခွင့် လွှဲပြောင်းနိုင်သော မြေဖြစ်ခြင်း၊ မြေပိုင်ဆိုင်သူမှ စုပေါင်းပိုင်မြေအဖြစ် လွှဲပြောင်းပေးအပ်ခြင်း၊ မြို့ပြစီမံကိန်းအရ သတ်မှတ်ချက်နှင့် ကိုက်ညီခြင်း၊ မြေတစ်ဧကထက် ကျော်လွန်ခြင်း၊ မကျော်လွန်ပါက ၀န်ကြီးဌာန ခွင့်ပြုချက် ရယူခြင်းနှင့် ၀န်ကြီးဌာန၏ စုပေါင်းပိုင် အဆောက်အအုံဖြစ်ရန် သတ်မှတ်သည့် လိုအပ်သော အထပ်၊ အခန်းအရေအတွက်၊ စုပေါင်းပိုင်ပစ္စည်း စသည့်သတ်မှတ်ချက်များနှင့် ကိုက်ညီရန် လိုအပ်သည်။