ဘဏ်ချေးငွေဖြင့် အိမ်၊ ခြံ၊ မြေ ရင်းနှီးမြှုပ်နှံမှု များပြား


အစိုးရအနေဖြင့် စီးပွားရေးကို ဖွင့်ပေးသည်ဆိုနေသော်လည်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသည့်ကဏ္ဍများ တုံ့ဆိုင်းနေခြင်းကြောင့် အမြတ်ရရန် သေချာသည့် အိမ်၊ ခြံ၊ မြေများတွင် ဘဏ်ချေးငွေဖြင့် ရင်းနှီးမြှုပ်နှံမှုများ များပြားလာကြောင်း အိမ်၊ ခြံ၊ မြေအကျိုးဆောင်များထံမှ သိရသည်။

ရန်ကုန်မြို့ သန်လျင်မြို့နယ် စက်မှုဇုန်ဆိပ်ကမ်းမြို့တော် စီမံကိန်းနှင့် ရွှေပြည်သာမြို့နယ် ၀ါးတစ်ရာ စက်မှုဇုန်စီမံကိန်း၊ တံတားများကြောင့် ငွေရှင်များက ရင်းနှီးမြှုမ်နှံလာကြောင်း ယင်းမြို့နယ်များရှိ အကျိုးဆောင်များက ပြောကြားသည်။

“အိမ်ကိုလည်း ရောင်းပြီးသွားပြီ တိုက်ခန်းငှားခက (၃)လအတွင်းမှာ ၃ သောင်းလောက် တက်လာတယ်။ အဲဒီတော့ ရန်ကုန်မှာတောင် မနေ ချင်တော့ဘူး။ နယ်ပြန်ပြေးချင်တယ်”ဟု ရန်ကုန်မြို့ လှည်းတန်းတွင် နေထိုင်သည့် ရုံးဝန်ထမ်းတစ်ဦးက ပြောကြားသည်။

မြေကွက်များ ဈေးမြင့်ပေးဝယ်လာသဖြင့် အိမ်ပိုင်များအားရောင်းချပြီး အိမ်ငှားဘ၀ရောက်ရှိလာခြင်းကြောင့် အိမ်ငှားခနှင့် တိုက်ခန်းငှားခများ လည်း တရှိန်ထိုး မြင့်တက်လာကြောင်း ၎င်းက ပြောကြားသည်။

“အဲဒီလို မြှုပ်နှံမှုပေမယ့် ဈေးကို အပြိုင်ပေးဝယ်တော့ဈေးတွေက မြောက်လာတယ်”ဟု သန်လျင်မြို့နယ်ရှိဝါရင့်အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဦးမောင်လွင်ကပြောကြားသည်။

သန်လျင်မြို့နယ်စက်မှုဇုန်အနီး လမ်းမတန်းတွင်တစ်စတုရန်းလျှင် ကျပ် ၁၀၀၀၀ နှင့် ကျပ် ၁၅၀၀၀ ရှိပြီးအတွင်းဘက်၌ တစ်စတုရန်းလျှင် ကျပ် ၅၀၀၀ မှ ကျပ်၆၅၀၀ အထိရှိကြောင်း အကျိုးဆောင်များထံမှ သိရသည်။

မျိုးပပစန်း