ရန်ကုန်မြို့တော်၏ အထင်ကရ မြို့လယ်ဧရိယာကို ၂၀၁၄ ခုနှစ် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များ စောင့်ကြည့် စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များ ရန်ပုံငွေအဖွဲ့ (World Monument Fund-WMF) က အောက်တိုဘာလ ၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။ ရန်ကုန်မြို့လယ် ဧရိယာကို စောင့်ကြည့်ရမည့် မြို့ပြတစ်ခုအဖြစ် ၂၀၁၄ ခုနှစ် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များ စောင့်ကြည့် စာရင်းတွင် ထည့်သွင်းထားပြီး ကမ္ဘာပေါ်တွင် နာမည်ကျော်ကြားလှသော အီတလီနိုင်ငံ ဗင်းနစ်မြို့၊ ဟောင်ကောင်မှ မထင်မရှား ပေါ့ခ်ဖူလန်ကျေးရွာ (Pokfulam) စသည့် နေရာများ ပါဝင်ကြောင်း WMF က ဖော်ပြထားသည်။ ယခု ထုတ်ပြန်လိုက်သည့် ၂၀၁၄ ခုနှစ် စောင့်ကြည့်စာရင်းသည် အနာဂတ် မျိုးဆက်သစ်များအတွက် ယဉ်ကျေးမှု အမွေအနှစ်များကို ဆန်းသစ်သည့် စိတ်ကူးစိတ်သန်းများနှင့် စီးပွားရေး အရင်းအမြစ် အသစ်များ အဖြစ် မည်သို့ ထိန်းသိမ်းသင့်ကြောင်းကို တစုတဝေးတည်း စုစည်း ဖော်ပြထားခြင်းဖြစ်ကြောင်း WMF ၏ ဥက္ကဋ္ဌ Bonnie Burnham က ပြောကြားသည်။ ရန်ကုန်မြို့ကို ပိုမိုခေတ်မီ တောက်ကြွားသည့် ၂၁ ရာစု ရန်ကုန်မြို့အဖြစ် မျှော်မှန်းရာတွင် မြို့၏ သူမတူ ထူးခြားသော လက်ရှိ ဗိသုကာလက်ရာ အခင်းအကျင်းကို မဖြစ်မနေ ပေါင်းစပ်ထည့်သွင်းရန် လိုကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ (Yangon Heritage Trust-YHT) တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးက ပြောကြားသည်။ “ကျွန်တော်တို့အနေနဲ့ ရန်ကုန်မြို့ကို အာရှမှာ အလှပဆုံးမြို့တွေထဲက တစ်မြို့ ဖြစ်စေနိုင်မယ့် အကောင်းဆုံး အခွင့်အလမ်းတွေ ရှိနေပါတယ်။ မြို့ရဲ့ ဗိသုကာ အမွေအနှစ်ဟာ မြို့အနာဂတ်အတွက် အကောင်းဆုံး ပိုင်ဆိုင်မှု သာမက ခရီးသွားလုပ်ငန်း၊ စီးပွားရေး လုပ်ငန်းတွေနဲ့ မြို့လယ်မှာ နေထိုင်အလုပ်လုပ်နေတဲ့ ထောင်ပေါင်းများစွာသော လူတွေအတွက် အထူးအရေးကြီးပါတယ်” ဟု ၎င်းက ဆိုသည်။ သမိုင်းမတင်မီ ခေတ်မှ ၂၀ ရာစု အတွင်းရှိ ကမ္ဘာ့နိုင်ငံ ၄၁ နိုင်ငံမှ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်နေရာ ၆၇ ခုကို ၂၀၁၄ ခုနှစ် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များ စောင့်ကြည့်စာရင်းတွင် ထည့်သွင်းထားကြောင်း WMF က ထုတ်ပြန်ထားသည်။ ယင်းတို့အနက် ပြည်တွင်းစစ် ပဋိပက္ခ ဖြစ်နေသော ဆီးရီးယားနိုင်ငံ အလက်ပိုမြို့မှ အလက်ပိုရဲတိုက်၊ Qa'lat al-Mudique ခံတပ်၊ ရှေးဟောင်းယဉ်ကျေးမှု ဗိသုကာ လက်ရာများနှင့် နာမည်ကျော်သော အီတလီနိုင်ငံ ဗင်းနစ်မြို့တို့ကို WMF က ထည့်သွင်း စာရင်းပြုစုထားခြင်း ဖြစ်သည်။ “ကျွန်မတို့က မြို့ရဲ့မူလ လက္ခဏာကို တန်ဖိုးထား ထိန်းသိမ်းချင်တာ ဖြစ်ပါတယ်။ အခုခေတ်လို တိုင်းပြည်ကလည်း ပိုမိုပွင့်လင်းလာ၊ အိမ်မြေဈေးတွေ ကောင်းလို့ ဆောက်လုပ်ရေး လုပ်ငန်းတွေ အထူးသဖြင့် မြို့လယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာတာက ဒါကို ခြိမ်းခြောက်နေတာကြောင့် အခုလို နိုင်ငံတကာရဲ့ အသိအမှတ်ပြု တွန်းအားပေး ခံရတာက အများကြီး အရေးပါပါတယ်” ဟု YHT ၏ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ဆိုသည်။ အဆောက်အအုံ တစ်ခုချင်းကို ထိန်းသိမ်းသည်ထက် ကျယ်ဝန်းသည့် မြို့ကွက်တစ်ခုလုံးကို ထိန်းသိမ်း စောင့်ရှောက်ခြင်းသည် မြို့ပြအမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းကို ပိုမိုအရာရောက်စေကြောင်း ဗိသုကာ ပညာရှင်လည်းဖြစ်သူ ၎င်းက ပြောဆိုသည်။ ကမ္ဘာ့အမွေအနှစ်များ စောင့်ကြည့်စာရင်းကို ၁၉၉၆ ခုနှစ်မှ စတင်ကာ ၂ နှစ် တစ်ကြိမ် ထုတ်ပြန်ပြီး အဆိုပါ စောင့်ကြည့်စာရင်းတွင် လက်နက်ကိုင် ပဋိပက္ခများ၊ စီးပွားရေး ဖွံ့ဖြိုးလာမှု၊ သဘာဝဘေးဒဏ်နှင့် ရာသီဥတု အပြောင်းအလဲ စသည့်တို့၏ ခြိမ်းခြောက်မှု ခံနေရသော ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များ ပါဝင်ပြီး စောင့်ကြည့်စာရင်း စတင်ထုတ်ပြန်ချိန်မှစ၍ နိုင်ငံပေါင်း ၁၃၃ နိုင်ငံမှ အမွေအနှစ်နေရာ ၇၄၀ ကျော်ကို ထုတ်ပြန်ပြီးဖြစ်ကြောင်း WMF ၏ အောက်တိုဘာ ၈ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ WMF သည် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် အကျိုးအမြတ် မယူသည့် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ကမ္ဘာတစ်လွှားရှိ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ၊ ဗိသုကာများ ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်လျက် ရှိသည်ဟု ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။
ရန်ကုန်မြို့လယ် ၂၀၁၄ စောင့်ကြည့် ကမ္ဘာ့ မြို့ပြယဉ်ကျေးမှု အမွေအနှစ် စာရင်းပါဝင်