အိမ်၊ ခြံ၊ မြေစံနှုန်း သတ်မှတ်အပြီး ကိုးရက်အတွင်း လူ ၉၀ ကျော် အခွန်ဆောင်


ရန်ကုန်မြို့တွင်း၊ မြို့ပြင် တစ်ပေပတ်လည် အိမ်၊ ခြံ၊ မြေ အခွန်စံနှုန်းများ သတ်မှတ်အပြီး ကိုးရက်အတွင်း အခွန်ပေးဆောင်ရန် တင်သွင်းသူ ၉၃ ဦး ရှိကြောင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အထက်ပါ ဦးရေသည် အခွန်စံနှုန်း စတင်သတ်မှတ်သည့် အောက်တိုဘာလ ၁ ရက်နေ့မှ ၉ ရက်နေ့ထိ အခွန်ပေးဆောင်ရန် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးရုံး (ရန်ကုန်) သို့ လာရောက် တင်သွင်းသူများ ဖြစ်ကြောင်း၊ ယင်းစာရင်းများကို အောက်တိုဘာလ ၁၆ ရက်နေ့ ထုတ်ပြန်မည် ဖြစ်၍ ယင်းရက် အရောက်တွင် အခွန်ဆောင်သူ ဦးရေသည် ၁၄၀ ဝန်းကျင်ခန့်ထိ ရှိလာနိုင်ကြောင်း ၎င်းက ပြောကြားသည်။ အဆိုပါ အခွန်ပေးဆောင်ရန် လာရောက် တင်သွင်းသူများ စာရင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မှ အများဆုံး လာရောက် တင်သွင်းကြောင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးရုံးထံမှ သိရသည်။ “သတ်မှတ်ပမာဏ နည်းတဲ့နေရာက များများလာဆောင်တယ်။ များတဲ့သူတွေကလည်း စောင့်ကြည့်နေကြတယ်။ ဒီပမာဏက နည်းတယ်လို့တော့ ထင်စရာရှိတယ်။ ဒါကပုံမှန် ပြန်ဖြစ်လာတာပါ” ဟု ယင်းရုံးတာဝန်ရှိသူက ပြောဆိုသည်။ ရန်ကုန် မြို့တွင်းမြို့ပြင် စံနှုန်း သတ်မှတ်ချက်များကို စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက ကြိုတင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှ ယင်းသတ်မှတ်ချက် စတင်သက်ရောက်ကြောင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးရုံးထံမှ သိရသည်ဟု ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။