အခွန်စည်းကြပ်ကောက်ခံခြင်း

၁၉။ မြို့နယ်ကော်မတီနှင့် မြို့နယ်ခွဲကော်မတီသည် ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်တွင်ဖြစ်စေ၊ မြို့နယ်ခွဲစည်ပင်သာယာရေးနယ်မိတ်တွင်ဖြစ်စေ အောက်ပါအခွန်များကို စည်းကြပ် ကောက်ခံ နိုင်သည်။ (က) အဆောက်အအုံနှင့်မြေခွန်၊ (ခ) ရေခွန်၊ လမ်းမီးခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန်၊ အများသုံးအိမ်သာခွန်၊ (ဂ) ယာဉ်များ၊ လူစီးနှင့်ဝန်တင်တိရ စ္ဆာန်များ၊ (ဃ) ပြင်ပမှ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းသို့ ဖြတ်သန်း သွားလာသောယာဉ်များ၊၀င်ရောက်ရပ်နားသော ယာဉ်များ၊ လူစီးနှင့်ဝန်တင်တိရ စ္ဆာန်များအပေါ် ကောက်ခံသည့် အခွန်၊ (င) ထိုဥပဒေက ခွင့်ပြုသည့် စည်ပင်သာယာရေးဆိုင်ရာအခွန်များ။ ၂၀။ မြို့နယ်ကော်မတီသည် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အောက်ပါအချက်များအပေါ်အခြေခံ၍ အခွန်စည်းကြပ်ခြင်း၊ ကောက်ခံခြင်းပြုရမည်။ (က) အဆောက်အအုံနှင့် မြေခွန်တို့ကို စည်းကြပ်ရာတွင် တစ်နှစ်ငှားရမ်းခတန်ဖိုး၏ ၁၀ရာခိုင်နှုန်းထပ်မပိုစေဘဲ စည်းကြပ်ရန်၊ (ခ) ၀န်ဆောင်ခွန်များစည်းကြပ်ရာတွင် ၀င်ငွေနှင့် အသုံးစရိတ်မျှတစေရန်၊ (ဂ) စည်ပင်သာယာရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်စေရန် (ဃ) အဆောက်အအုံနှင့် မြေခွန်ကို ပိုင်ရှင်ထံမှ စည်းကြပ်ကောက်ခံရန်နှင့် ၀န်ဆောင်ခွန်ကိုလက်ရှိနေထိုင်သူထံမှ စည်းကြပ်ကောက်ခံရန်၊ (င) ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲသောဌာနဆိုင်ရာအဆောက်အအုံနှင့် မြေခွန်တို့ကို စည်းကြပ်ရာတွင် ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်ဖြင့်လည်းကောင်း၊ အစိုးရက စီမံခန့်ခွဲသော ဌာနဆိုင်ရာအဆောက်အအုံနှင့် မြေခွန်တို့ကို စည်းကြပ်ရာတွင် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လည်းကောင်း၊ ယင်းအဆောက်အအုံနှင့်မြေအား တစ်နှစ်ငှားရမ်းခတန်ဖိုး၏ ၅ရာခိုင်နှုန်းထက်မပိုစေဘဲ စည်းကြပ်ရန်၊ (စ) ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲသောအစိုးရပိုင်မြေတွင် ပုဂ္ဂလိက အဆောက်အအုံနှင့် ပတ်သက်၍ အဆောက်အအုံ နှင့် မြေခွန်ကို စည်းကြပ်ရာတွင် ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်ဖြင့် လည်းကောင်း၊ အစိုးရအဖွဲ့က စီမံခန့်ခွဲသော အစိုးရပိုင်မြေတွင် ပုဂ္ဂလိကအဆောက်အအုံနှင့် ပက်သက်၍ အဆောက်အအုံနှင့် မြေခွန်ကို စည်းကြပ်ရာတွင် အစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ဖြင့်လည်းကောင်း ယင်းအဆောက်အအုံနှင့်မြေမှ တစ်နှစ်ဝင်ငွေ၏ ၇ရာခိုင်နှုန်းထက်မပိုစေဘဲ စည်းကြပ်ရန်။ ၂၁။ မြို့နယ်ကော်မတီ သို့မဟုတ် မြို့နယ်ခွဲကော်မတီသည် အဆောက်အအုံနှင့် မြေခွန်၊ ၀န်ဆောင်ခွန်များစည်းကြပ် ကောက်ခံရန် အဆောက်အအုံနှင့်မြေ၏ တစ်နှစ်ငှားရမ်းခတန်ဖိုးကို အခါအားလျော်စွာသတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း ပြုနိုင်သည်။ ၂၂။ မြို့နယ်ကော်မတီ သို့မဟုတ် မြို့နယ်ခွဲကော်မတီသည် စည်ပင်သာယာရေးဆိုင်ရာလိုင်စင်ခများ၊ အဖွဲ့ပိုင်ဈေးများမှ ဈေးဆိုင်ခန်းမ၊ ဈေးကောက်များနှင့် ပုဂ္ဂလိကပိုင်ဈေးများတည်ထောင်ခွင့် လိုင်စင်ခတို့ကို အခါအားလျော်စွာ သတ်မှတ် ကောက်ခံခြင်း၊ ပြင်ဆင်ကောက်ခံခြင်း တို့ပြုနိုင်သည်။ ၂၃။ မြို့နယ်ကော်မတီ သို့မဟုတ် မြို့နယ်ခွဲကော်မတီသည် အခွန်တစ်ရပ်ရပ်ကို ဖျက်သိမ်းခြင်း၊ အခွန်ပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ လျှော်ပစ်ခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်။ (က) စည်းကြပ်သောအခွန်တစ်ရပ်ရပ်ကို ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဖျက်သိမ်းခြင်း သို့မဟုတ် နှုန်းထားပြင်ဆင်ခြင်း သို့မဟုတ် လျှော်ပစ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း။ ၂၄။ အမှုဆောင်အရာရှိ သို့မဟုတ် မြို့နယ်ခွဲအမှုဆောင်အရာရှိသည် အခွန်ကြွေးကျန်တို့နှင့် စပ်လျဉ်း၍ မြို့နယ် ကော်မတီ သို့မဟုတ် မြို့နယ်ခွဲကော်မတီ၏ သဘောတူညီချက်ဖြင့် အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်။ (က) အခွန်ကြွေးကျန်များကို မြေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့ ကောက်ခံခြင်း၊ (ခ) ပုဒ်မခွဲ (က) ပါကိစ္စ ဆောင်ရွက်ရန် အလို့ငှာ တည်ဆဲဥပဒေများအရ ကော်လိတ္တော်အရာရှိ၏ လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ခြင်း။ SSTG