အဆောက်အအုံများ တရားမဝင် တည်ဆောက်မှုအား တရားစွဲရာတွင်မြေရှင် သာမက ပန်းရန်၊ လက်သမား အဆင့်အထိ အရေးယူတော့မည်

အဆောက်အအုံများ တရားမဝင် တည်ဆောက်မှုအတွက် တရားစွဲဆိုရာတွင် မြေရှင် သာမကဘဲ ပန်းရန်၊ လက်သမား အဆင့်ထိ တရားစွဲဆိုမှု ဆောင်ရွက်သွားမည်ဟု ရန်ကုန်စည်ပင် အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က ပြောသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ယခုနှစ် စက်တင်ဘာလတွင် အတည်ပြုခဲ့ပြီး ဖြစ်ပြီး ယင်းဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။ တရားမဝင် အဆောက်အအုံများ၊ ဆောက်လုပ်သည့် ပန်းရန်၊ လက်သမားများအား တရားစွဲဆိုရေးနှင့် ပတ်သက်၍ “ဥပဒေပြီးရင် နည်းဥပဒေတွေ လိုပါတယ်။ ဘယ်လိုလုပ်မလဲပေါ့။ ခုက နည်းဥပဒေတွေ ရေးဆွဲနေတော့ အဲဒါပြီးရင် စတင် အကောင်အထည်ဖော်ပါမယ်” ဟု ၎င်းက ပြောသည်။ လက်ရှိတွင်မူ တရားမဝင် အဆောက်အအုံများ ဆောက်လုပ်ပါက မြေရှင်ကိုသာ တရားစွဲဆိုနေခြင်းဖြစ်ပြီး တရားမဝင် အဆောက်အအုံ ဆောက်လုပ်သည်များမှာ လိုင်စင်မဲ့ ကန်ထရိုက်များမှ ဆောင်ရွက်မှုများ ဖြစ်ကြောင်း၊ တရားမဝင် အဆောက်အအုံ ဆောက်လုပ်သည့် ကန်ထရိုက်များမှာ စည်ပင်မှ လိုင်စင်ချထားပေးသူများ မဟုတ်၍ ၎င်းတို့ကို အရေးယူ၍မရ ဖြစ်နေသည်ဟု သိရသည်။ ဥပမာအားဖြင့် ခွင့်ပြုမိန့်ဖြင့် ဆောက်လုပ်ပါက ၂၃ ပေx၄၇ ပေ သုံးထပ် အဆောက်အအုံအတွက် ရန်ကုန်စည်ပင်သို့ ငွေ ၁၁၆၇၄၈ ကျပ်သာ ပေးသွင်းရမည် ဖြစ်သော်လည်း ခွင့်ပြုချက်မဲ့ ဆောက်လုပ်ပါက ကြိုတင်ဆောက် ဒဏ်ကြေးဖြင့် ၈၁၀၇၅၀၀ ကျပ် ပေးသွားရမည်ဟု ရန်ကုန်စည်ပင်မှ သိရသည်။ ယခုနှစ်အတွင်း ရန်ကုန်စည်ပင်မှ ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၁၁၅၇ လုံးကို တရားစွဲဆို အရေးယူနိုင်ခဲ့ပြီး ခွင့်ပြုချက်ထက် ကျော်လွန်ဆောက်လုပ်သည့် အဆောက်အအုံ ၅၅ လုံးကိုလည်း တရားစွဲ အရေးယူနိုင်ခဲ့သည်ဟု သိရသည်။ အဆောက်အအုံ တည်ဆောက်မည်ဆိုပါက ရှစ်ထပ်ခွဲအထိ ရန်ကုန်စည်ပင် (အဆောက်အအုံ)ဌာနမှ စိစစ်ခွင့်ပြုပြီး ၉ ထပ်မှ ၁၁ ထပ်ခွဲထိကို ရန်ကုန်စည်ပင် ညှိနှိုင်းဆောင်ရွက်ရေး ဌာနက စိစစ်ခွင့်ပြုကြောင်း၊ ယင်းထက် ကျော်လွန်ပါက အထပ်မြင့် အဆောက်အအုံ စိစစ်ခွင့်ပြုရေး (CQHP) သို့ ထပ်မံတင်ပြရကြောင်း ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။