ဝါကျွတ်ခါနီး အိမ်ခြံမြေအငှားဈေးကွက် ပုံမှန်ငှားရမ်းမှုသာရှိ မနှစ်ကထက် ငှားရမ်းရမှုနည်း


ယခုနှစ် ၀ါကျွတ်ချိန် အိမ်ခြံမြေအငှားဈေးကွက်သည် ပြီးခဲ့သည့်နှစ်ထက် ဈေးကွက်အေးနေကြောင်း အိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းများက ပြောသည်။

အိမ်ခြံမြေအငှားဈေးကွက်သည် ၀ါကျွတ်ချိန်တွင် ငှားရမ်းမှုသွက်လေ့ရှိ သော်လည်း ပြီးခဲ့သည့်နှစ် ၀ါကျွတ်ခါနီး အချိန်နှင့်နှိုင်းယှဉ်လျှင်မူ ငှားရမ်းမှုနည်းနေကြောင်း အိမ်ခြံမြေလုပ်ငန်းများက ဆိုသည်။

ယခုနှစ်တွင် အိမ်ခြံမြေငှားရမ်းခနှုန်းထားများ မနှစ်ကထက် ဈေးနှုန်းကြီးမြင့် လာလျက်ရှိရာ ငှားရမ်းသူများက အသစ် ထပ်မံငှားရမ်းခြင်းထက် ငှားပြီးသား တိုက်ခန်း၊ လုံးချင်းများကိုသာ ဆက်ငှားလာခြင်းကြောင့် ငှားရမ်းမှု ပုံမှန်သာ ရှိနေခြင်းဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းများကဆိုသည်။

လတ်တလော မတည်ငြိမ်မှုများကြောင့်လည်း အိမ်ခြံမြေအငှားဈေးကွက်မှာ အေးနေခြင်းဖြစ်သည်ဟု ယင်းတို့က ဆိုသည်။

စိုင်းခွန်နောင် အိမ်ခြံမြေ၀န်ဆောင်မှုနှင့် ဥပဒေအကြံပေးကုမ္ပဏီ၏ မန်နေဂျာ ဦးရန်အောင်က “ပုံမှန် ဆိုရင်တော့ ဒီအချိန်မှာ အငှားဈေးကွက်က သွက်လေ့ရှိတယ်။ မနှစ်က ဒီလိုအချိန်ထက် အရောင်းရော၊ အငှားရော ၅၀ ရာခိုင်နှုန်းလောက်ကို အေးနေတယ်”ဟု ပြောသည်။

ကွန်ဒို၊ တိုက်ခန်း၊ လုံးချင်း အငှားဈေးနှုန်းများမှာ မနှစ်ကထက် ဈေးမြင့် တက်လာပြီး အပြောင်းအရွှေ့နှုန်းထား သက်သာစေရန် ငှားရင်းစွဲအခန်းများ ကိုသာ ဈေးပိုပေးပြီး ဆက်လက်ငှားရမ်းလာသောကြောင့် ဈေးကွက် အေးနေဟု အိမ်ခြံမြေလုပ်ငန်းများက ပြောသည်။

မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ လုပ်ငန်းရှင်တစ်ဦးက “Local အငှားက ပုံမှန်လေးတော့ ငှားနေရ ပါတယ်။ အခန်းငှားခဈေးတွေ တက်လာလို့ တစ်နေရာနဲ့ တစ်နေရာ ပြောင်းရွှေ့ငှားမယ်ဆိုရင် ပြောင်းရွှေ့ စရိတ် တွေ၊ စပေါ်တွေက ပိုကုန်တယ်။ ဒါကြောင့် ငှားပြီးသား အခန်းကို ဈေးပိုပေးပြီးဆက် ငှားလာတာများတယ်” ဟု ပြောသည်။

ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်းအငှားဈေးနှုန်းများမှာ အနိမ့်ဆုံး ကျပ် ၁၅ သိန်းမှ သိန်း ၃၀ ၀န်းကျင်ခန့် ဈေးရှိပြီးနိုင်ငံခြားသားများသာ ငှားရမ်း မှုများပြားကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများက ဆိုသည်။

လုံးချင်းတိုက်ငှားရမ်းမှုဈေးနှုန်းများမှာ ကမ္ဘာအေး ဘုရားလမ်း ပြည်လမ်း တို့တွင် သိန်းရာချီဈေးရှိပြီး လုံးချင်း တိုက်များပြားသည့် သင်္ကန်ကျွန်းနှင့် တောင်ဥက္ကလာပ တို့ရှိ လမ်းမတန်းနေရာများတွင် ကျပ် သိန်း ၅၀ ၀န်းကျင်
ဈေးရှိကြောင်း ယင်းလုပ်ငန်းအသိုင်းအ၀ိုင်းက ဆိုသည်။

Estate Myanmar Real Estate Co., Ltd. ၏ အကျိုးဆောင် ဦးပြည်ဟိန်းက “၀ါကျွတ်ပြီးရင်တော့ တိုက်ခန်း အငှားဈေးတွေက ၀ါဝင်တုန်းကထက် ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလောက်အထိ တက်လာနိုင်တယ်”ဟု သုံးသပ်သည်။

ရန်ကုန်တိုင်းရှိ မြို့နယ်အလိုက် အိမ်ခြံမြေဈေး သတ် မှတ်နှုန်းထားများ ထွက်ရှိလာပြီးနောက်တွင် အရောင်းအ၀ယ် သမားများ ဈေးကွက်အခြေအနေ စောင့်ကြည့်နေခြင်းကြောင့် အိမ်ခြံမြေအရောင်းအ၀ယ် ဈေးကွက်မှာ အမြင့်ဈေးဖြင့်ပင် ငြိမ်နေကြောင်း အကျိုးဆောင်လုပ်ငန်းများက ဆိုသည်။

Mizzima