အဆောက်အအုံများ တည်ဆောက်ပြုပြင်ရာတွင် သတ်မှတ်ချက်အတိုင်း အခွန်ပေးဆောင်ရမည်


ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်နယ်နိမိတ်အတွင်း အဆောက်အအုံသစ်များ တည်ဆောက်ခြင်းနှင့် ပြုပြင်ရေးများ ဆောင်ရွက်ရာတွင် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့၏ သတ်မှတ်ချက်အတိုင်း အခွန်ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ အရင်ကတည်းက ဒီလိုပဲ အခွန်ကောက်ခံပါတယ်။ နောက်ပိုင်းတော့ ခေတ်နဲ့တစ်ပြေးညီအခွန်နှုန်းထားတွေ ပြန်လည်ပြင်ဆင်သတ်မှတ်လိုက်တာပါ။ အခွန်ကောက်ရာမှာ ကျွန်တော်တို့က တည်ဆောက်ပြီးစီးတဲ့ အချိန်ကျမှ စစ်ဆေး တွက်ချက်ပြီး အခွန်ကောက်တာပါ။ စည်ပင်က ခွင့်ပြုမိန့်နဲ့ ဆောက်တဲ့အဆောက်အအုံတွေကိုပဲ စိစစ်ပြီး အခွန်ကောက်ခံ ရတာပါ။ အခွန်မဆောင်တဲ့သူတွေလည်း ရှိပါတယ် ဟု ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆောက်အအုံတည်ဆောက်ခြင်းအတွက် တည်ဆောက်တန်ဖိုးသတ်မှတ်ရာတွင် တစ်စတုရန်းပေလျှင် သံကူကွန်ကရစ်အဆောက်အအုံအတွက် ပထမတန်းစား ၂၅၀၀၀ကျပ်နှုန်း၊ ဒုတိယတန်းစား ၂၀၀၀၀ကျပ်နှုန်း၊ အုတ်ညှပ် အဆောက်အအုံအတွက် ကျပ် ၁၅၀၀၀နှုန်း၊ ဂိုဒေါင်၊ စတီးအဆောက်အအုံများအတွက် ကျပ် ၁၂၀၀၀နှုန်းဖြင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အဆောက်အအုံဟောင်းများ ပြန်လည်ပြုပြင်ရာတွင်လည်း အဆိုပါနှုန်းထားအတိုင်းသာ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

အကျိုးဆောင်ဂျာနယ်