မြေဈေးစံနှုန်းထုတ်ပြန်ချက် ရန်ကုန် အိမ်၊ ခြံ၊ မြေ ဈေးကွက် အရောင်းအဝယ်ပြန်ကောင်းနိုင်

ရန်ကုန်မြို့တွင်း၊ မြို့ပြင် တစ်ပေပတ်လည် အိမ်၊ ခြံ၊ မြေဈေးစံနှုန်း သတ်မှတ်ချက် ထုတ်ပြန်လိုက်ခြင်းကြောင့် အရောင်းအဝယ် အေးစက်နေသော ဈေးကွက်ပြန်လည် ကောင်းမွန်လာနိုင်ကြောင်း ရန်ကုန် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။ အိမ်၊ ခြံ၊ မြေ စံနှုန်းသတ်မှတ်မည်ဟု သတင်းထွက်ပေါ်စ စက်တင်ဘာလ ဒုတိယပတ်မှစ၍ အရောင်းအဝယ်များ အေးစက်ခဲ့ခြင်းဖြစ်ပြီး ယခုစံနှုန်း ထွက်ပေါ်လာသဖြင့် ပြန်လည် ကောင်းမွန်လာနိုင်ခြင်း ဖြစ်ကြောင်း ၎င်းတို့က သုံးသပ်သည်။ “စံနှုန်းသတ်မှတ်တဲ့ အခြေအနေကို စောင့်ကြည့်နေလို့ ဒီလိုအေးစက်နေတာပါ။ ဈေးကွက်က ပြန်ကောင်းလာမှာပါ။ ဈေးနှုန်းတော့ တက်လာမှာ မဟုတ်ပါဘူး” ဟု အိမ်ကမ္ဘာအိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဦးနေမျိုးအောင်က ပြောကြားသည်။ ယင်းစံနှုန်း သတ်မှတ်ချက်များသည် လက်ရှိ မြေဈေးကို ထိန်းချုပ်ရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ အခွန်အပြည့်အဝ ရရန်အတွက်သာ ရည်ရွယ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်က ပြောကြားသည်။ လတ်တလော အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်း အရောင်းအဝယ် အေးစက်၍ ဈေးနှုန်းမှာလည်း ရပ်တန့်နေပြီး ဒလမြို့နယ် တစ်ခုသာ တံတားစီမံကိန်း အကောင်အထည်ဖော်မည် မဟုတ်ဟု အတည်ပြုလိုက်ခြင်းကြောင့် ဈေးထိုးကျသွားခဲ့ကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။ ရန်ကုန်မြို့တွင်း၊ မြို့ပြင် တစ်ပေပတ်လည် စံနှုန်း သတ်မှတ်ချက်များသည် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ယင်းသတ်မှတ် နှုန်းထားများအတိုင်း အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။