မြေဈေးနှုန်းများကို ရန်ကုန်သာမက တစ်နိုင်ငံလုံး၌ပါ သတ်မှတ်မည်
ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး ကောင်စီက ရန်ကုန်တိုင်းဒေသကြီး၏ မြေဈေးနှုန်းများကို စိစစ်သတ်မှတ်ရုံသာမက မြန်မာတစ်နိုင်ငံလုံး၏ မြေဈေးနှုန်းများကိုပါ သတ်မှတ်ပေးသွားရန်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ၅-၁၀-၂၀၁၃ ရက်တွင် ပြောသည်။ ထိုကဲ့သို့ မြေဈေးနှုန်းများကို စိစစ်သတ်မှတ်ခြင်းမှာ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်များ မဆုံးရှုံးစေရန်အတွက်လည်း ဖြစ်ကြောင်း သိရသည်။ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက “အခု ရန်ကုန်က မြေဈေးနှုန်းတွေ သတ်မှတ်ပြီးရင် နောင်တဖြည်းဖြည်း တခြားတိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေက မြေဈေးတွေကိုလည်း သတ်မှတ်ပေးသွားမယ်။ လောလောဆယ် ရန်ကုန်မှာ စမ်းသပ်ပြီး လုပ်နေပြီဆိုတော့ စမ်းသပ်ကာလကတော့ အနည်းဆုံး တစ်နှစ်တော့ ဖြစ်မှာပေါ့။ ဒါတွေက ချက်ချင်း လုပ်လို့မရဘူးလေ။ မြေဈေးနှုန်း သတ်မှတ်တာက အခွန်ဆောင်ရာမှာ အခြေခံဖို့ သတ်မှတ်တာ။ ဒီလောက်နဲ့ ရောင်းရမယ်။ ဒီလောက်နဲ့ ဝယ်ရမယ်လို့ သတ်မှတ်တာ မဟုတ်ပါဘူး” ဟု ပြောသည်။ ထို့ပြင် အဆိုပါ မြေဈေးနှုန်း သတ်မှတ်ချက်များအား ဈေးကွက် အပြောင်းအလဲအရ ဈေးနှုန်း အတက်အကျပေါ်မူတည်ပြီး အချိန်ကာလတစ်ခုပေါ်တွင် ပြန်လည်ပြင်ဆင် သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။ မြေဈေးနှုန်း သတ်မှတ်လိုက်ခြင်းကြောင့် အရောင်းအဝယ် ကဏ္ဍတွင် ထူးထူးခြားခြား ပြောင်းလဲခြင်း မရှိသော်လည်း အိမ်ခြံမြေအမည်ပေါက် ပြောင်းလဲခြင်းများ သိသိသာသာ လျော့နည်းသွားကြောင်း ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။