လားရှိုးမြို့ ရှောင်လမ်းဖောက်လုပ်မှုနှင့် အဝေးပြေး ယာဉ်ရပ်နားစခန်း ဆောက်လုပ်မှုကြောင့် ဆက်စပ်အိမ်ခြံမြေများ ဈေးနှုန်းမြင့်တက်
မန္တလေး-လားရှိုး-မူဆယ်မြို့သို့ အဓိက ဆက်သွယ်သွားလာနိုင်မည့် လားရှိုးမြို့ ရှောင်လမ်းဖောက်လုပ်မှုနှင့် လားရှိုးမြို့အ၀င်တွင် အဝေးပြေး ယာဉ်ရပ်နားစခန်း တည်ဆောက်နေမှုများကြောင့် ၎င်းနှင့် ဆက်စပ်လျှက်ရှိသော အိမ်ခြံမြေများ ဈေးအဆမတန် မြင့်တက်လျှက် ရှိနေကြောင်း သိရသည်။
''ကျွန်မတို့က ဒီခြံကို ၂၀၀၈ တုန်းက ရှစ်သိန်းနဲ့ ၀ယ်ထားတာပါ။ ခုဒီနားမှာ အဝေးပြေး ယာဉ်ရပ်နားစခန်း ဆောက်လုပ်နေပြီဆိုတော့ မြေကွက်ဈေးတွေ အဆမတန် မြင့်တက်လာပြီး အခုဒီမြေကွက်ကို သိန်း ၄၀၀ ထိ ဈေးလာပေးတယ်''ဟု အဝေးပြေး ယာဉ်ရပ်နားစခန်းအနီး၊ နားမခေါ် ရပ်ကွက်တွင် မြေကွက်ဝယ်ယူထားသူ တစ်ဦးက ဆိုသည်။
အဝေးပြေး ယာဉ်ရပ်နားစခန်းနှင့် အနီးဆုံးနေရာတွင် တည်ရှိပြီး ပြည်ထောင်စု ကားလမ်းမကြီးဘေးရှိ မြေကွက်နှင့် အိမ်ခြံများ၏ ဈေးနှုန်းမှာလည်း သိန်းထောင်ချီထိ မြင့်တက်သွားပြီး အရောင်းအ၀ယ်ဖြစ်လျှက် ရှိနေကြောင်း မြေအရောင်းအ၀ယ် ဈေးကွက်အတွင်းမှ ကြားသိရသည်။
''လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဒီအဝေးပြေး ယာဉ်ရပ်နားစခန်း ဆောက်လုပ်မယ့် မြေနေရာတစ်ဝိုက်နား မခေါ်ကွက်သစ်မှာ မြေကွက် ပေ ၆၀ ပတ်လည်လောက်ဆိုရင် ငါးသိန်းနဲ့ ၁၀ သိန်းလောက်ပဲ ဈေးရှိတယ်။ ခုအဝေးပြေး ယာဉ်ရပ်နားစခန်းနားမှာ ပြီးခဲ့တဲ့နှစ်လောက်က ပေ ၆၀ ပတ်လည် နှစ်ကွက်တွဲကို သိန်း ၁၈၀၀ လောက်နဲ့ အရောင်းအ၀ယ် ဖြစ်သွားတယ်''ဟု နားမခေါ် ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
အဝေးပြေး ယာဉ်ရပ်နားစခန်းအား အမှီပြု၍ ဟိုတယ်၊ တည်းခိုခန်း ဆောက်လုပ်လိုသူများ၊ ဈေးဆိုင်ခန်း ဖွင့်လိုသူများနှင့် အခြားစီးပွားရေး အမြင်ရှိသူများက မြေကွက်များ လိုက်လံ ၀ယ်ယူလျှက်ရှိကြပြီး၊ မြို့ရှောင်လမ်းနှင့် ဆက်စပ်လျှက်ရှိနေသော အောင်စေတနာ ရပ်ကွက်၊ နမ့်ပါချီး၊ မယ်ဟန်ကျေးရွာ၊ ဟိုပိတ်ကျေးရွာ အနီးတွင်လည်း မြေအရောင်းအ၀ယ် ဖြစ်လျှက်ရှိနေကြောင်း သိရသည်။
Eleven Media