အိမ်၊ ခြံ၊ မြေနှင့် ယာဉ်အိုယာဉ်ဟောင်း အခွန်များ သက်ဆိုင်ရာ မြို့နယ်များတွင်သာ ပေးဆောင်ရမည်


နိုင်ငံတော်အတွက် အခွန်တိုးမြှင့် ရရှိစေရန် စီမံချက်များဖြင့် လုပ်ဆောင်နေသည့် အိမ်၊ ခြံ၊ မြေနှင့် ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံခွန်များကို ပေးဆောင်ရာတွင် သက်ဆိုင်ရာ မြို့နယ်များတွင်သာ ပေးဆောင်ရမည် ဖြစ်ကြောင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းအပြင် ကုန်သည်များ အနေနှင့်လည်း အလုပ်လုပ်ကိုင်သည့် သက်ဆိုင်ရာ မြို့နယ်အခွန်ရုံးများတွင် အခွန်သွားရောက် ဆောင်နိုင်ကြောင်း မော်တော်ယာဉ်များ အခွန်စည်းကြပ်ရေး စီမံချက်လုပ်ငန်း ကော်မတီ အဖွဲ့ခေါင်းဆောင် ဦးဇော်အောင်က ပြောဆိုသည်။ “အခွန်ဆောင်ဖို့ လာတင်ထားတဲ့ သူတွေကို နှစ်ပတ်တစ်ကြိမ်လောက်တော့ ထုတ်ပြန်ပေးသွားမှာပါ” ဟု ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးရုံး တာဝန်ရှိသူက ဆိုသည်။ အောက်တိုဘာလ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ အိမ်၊ ခြံ၊ မြေ အခွန်လာရောက်ဆောင်သူ ၉၃ ဦးထိရှိပြီး အဆိုပါ အခွန်ဆောင်သူများ စာရင်းကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးရုံးမှ သိရသည်။ ယာဉ်အို၊ ယာဉ်ဟောင်းများမှာ တစ်နိုင်ငံလုံး တစ်ပြေးညီ အခွန်စံနှုန်း သတ်မှတ်ခြင်းဖြစ်၍ စံနှုန်းသတ်မှတ်ကြေး တစ်ဝက်၏ ၁၅ ရာခိုင်နှုန်း (သတ်မှတ်ချက်၏ ၇ ဒသမ ၅ ရာခိုင်နှုန်း) ပေးဆောင်ရမည် ဖြစ်ကြောင်း၊ အိမ်၊ ခြံ၊ မြေ အခွန်မှာ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့တွင် ၃၇ ရာခိုင်နှုန်းဖြစ်၍ ကျန်ပြည်နယ်နှင့် တိုင်းများတွင် ၃၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ကြေညာထားသည်။ အဆိုပါ အိမ်၊ ခြံ၊ မြေနှင့် ယာဉ်အိုယာဉ်ဟောင်း အခွန်နှုန်းထားများကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် စတင်ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အကျိုးသက်ရောက်ကြောင်း အဆိုပါရုံးများ၏ ကြေညာချက်များအရ သိရသည်ဟု ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ထုတ် The Voice Saturday သတင်းစာတွင် ဖော်ပြထားပါသည်။