အငှားအကြောင်းသိကောင်းစရာ


ငှားရမ်းခြင်းနှင့် သက်ဆိုင်သောဥပဒေ တစ်ရပ်ရှိပေသည်။ယင်းမှာ ၁၉၆၀ ပြည့်နှစ်မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးဥပဒေ ဖြစ်သည်။
အဆိုပါဥပဒေသည် တစ်နိုင်ငံလုံးနှင့် အကျုံးမ၀င်ပေ။သတ်မှတ်ပြဋ္ဌာန်းပါရှိသော မြို့ပြများနှင့်သာ အကျုံးဝင်သည်။
အဆိုပါဥပဒေနှင့်အကျုံးမ၀င်သော ဒေသများတွင်မူ ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေ အရဆောင်ရွက်ရပေသည်။
၁၉၆၀ပြည့်နှစ် ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေ သည် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ မြစ်ကြီးနား၊ မြင်းခြံ၊ မကွေး၊ ပဲခူး၊ ပြည်၊ စစ်တွေ၊ တောင်ငူ၊ ရွှေဘို၊ စသည့် မြို့နယ်များရှိ မြို့နယ်ဦးစီးမှူး (ယခုမြို့နယ်အုပ်ချုပ်ရေးမှူး) များအား အာဏာအပ်နှင်းခံရသည့် မြို့နယ်များသာ အာဏာသက်ရောက်မှုရှိပေသည်။
၁၉၆၀ ပြည့်နှစ်မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ဥပဒေကိုကြည့်ပါက အုပ်ချုပ်ရေးနှင့်ဆိုင်သော အပိုင်းနှင့် တရားရေးနှင့်ဆိုင်သောအပိုင်း ဟူ၍တွေ့ရမည်ဖြစ်သည်။
တရားစီရင်ရေးနှင့်ဆိုင်သည့် အပိုင်း
အိမ်ငှားကိုတရားစွဲနှင်သည့်ပုဒ်မများ
အိမ်ငှားကိုတရားစွဲနှင်မယ်ဆိုရင် ပုဒ်မ - ၁၂ နဲ့အကျုံးဝင်ပါတယ်။
ပုဒ်မ ၁၂ (၁) (က) ။ အိမ်ငှားကလခမပေးသည့်အတွက် နှင်သည့်ပုဒ်မဖြစ်သည်။ ပုဒ်မ ၁၂ (၁) (က) ဒုတိယအပိုင်းက သဘောတူထားသည့် စည်းကမ်းချက်ကိုဖောက်ဖျက်သည့်အတွက် နှင်သည့်ပုဒ်မဖြစ်သည်။
ပုဒ်မ ၁၂ (၁) (ဂ) ။ အိမ်ငှားက အိမ်ရှင်နှင့်အနီးပတ်ဝန်းကျင်ကိုစိတ်အနှောက်အယှက်ဖြစ်စေအောင် ပြုမူသည့်အတွက်နှင့်သည့်ပုဒ်မဖြစ်သည်။
ပုဒ်မ ၁၂ (၁) (ဃ) ။ မြေငှားခြင်းဖြစ်ပြီး မြေငှားကိုနှင်ထုတ်သည့် ပုဒ်မဖြစ်သည်။
ပုဒ်မ ၁၂ (၁) (င) ။ ငှားရမ်းထားသည့် အဆောက်အဦးကိုပြုပြင်ရန် လိုအပ်သည့်အတွက် ဖယ်ရှားပေးပြီးမှသာ ပြုပြင်နိုင်သဖြင့် အိမ်ငှားကိုနှင်သည့် ပုဒ်မဖြစ်သည်။
သို့သော် ပြင်ပြီးပြန်ထားပါ့မည်ဆိုသည့် ၀န်ခံချက်ပြုရသည်။
ပုဒ်မ ၁၂ (၁) (စ) ။ အဆောက်အဦးပိုင်ရှင်က မိသားစုများပြားလာသည့်အတွက် အခြားတွင် နေစရာမရှိတော့၍ မိမိပြန်လည်နေထိုင်ဖို့ အိမ်ငှားကိုတရားစွဲနှင်သည့် ပုဒ်မဖြစ်သည်။
[ သို့သော် ၄င်းပုဒ်မအရ စွဲမည်ဆိုလျှင် အဆောက်အဦးကို ၁၉၄၅ ခုနှစ်၊ မေလ (၁)ရက်မတိုင်မီ ပိုင်ဆိုင်သည့် ဥပစာပိုင်ရှင်ဖြစ်ဖို့လိုသည်။ ]
အုပ်ချုပ်ရေးနှင့်ဆိုင်သည့် အပိုင်း
ပုဒ်မ ၁၁ (၁) ။ အိမ်ရှင်ကငှားရမ်ထားသည့် ဥပစာကိုပြုပြင်ပေးခြင်းမျိုး မရှိသည့်အတွက် ပြုပြင်ပေးရန် လျှောက်ထားသော ပုဒ်မဖြစ်သည်။
ပုဒ်မ ၁၆ (၁) ။ အိမ်ငှားကအိမ်လခ ပေးပါလျက်အိမ်ရှင်က အိမ်ငှားကိုလက်မခံသည့်အတွက် ငှားရမ်းခပေးသွင်းသည်ကို လက်ခံပေးရန် လျှောက်ထားသည့်ပုဒ်မဖြစ်သည်။
ပုဒ်မ ၂၇ (၃) ။ အိမ်ရှင်ကဖြစ်စေ၊ အိမ်ငှားကဘဲဖြစ်စေ (စံငှားရမ်းခ) သတ်မှတ်ပေးပါရန် လျှောက်ထားသည့်ပုဒ်မဖြစ်သည်။ အုပ်ချုပ်ရေးနှင့်ဆိုင်သော ကိစ္စရပ်တွေအတွက် လျှောက်ထားပါက ငှားရန်းခကြီးကြပ်ရေး ၀န်ရုံးတွင်လျှောက်ထားရသည်။
ငှားရမ်းခကြီးကြပ်ရေးဝန် ဆိုသည်မှာ တစ်ခြားမဟုတ်ပါ။ မြို့နယ်ရှိအထွေထွေအုပ်ချုပ်ရေးမှူးရုံးက အုပ်ချုပ်ရေးမှူးပင်ဖြစ်သည်။၎င်းထံသို့ သွားရောက်လျှောက်ထားရမှာဖြစ်သည်။အမှုပုံစံအတိုင်း ရေးသားလျှောက်ထားရမှာဖြစ်သည်။

ဦးကျော်ဇေယျ