ရန်ကုန်မြို့လယ်ရှိ ရဲစခန်းများ ရှစ်ထပ် သံကူကွန်ကရစ်အဆောက်အအုံဆောက်လုပ်မည်


ရန်ကုန်မြို့လယ်ရှိ ရဲတပ်ဖွဲ့စခန်းလေးခုကို ရှစ်ထပ်သံကူကွန်ကရစ် အဆောက်အအုံအဖြစ် ပြန်လည် ဆောက်လုပ် သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။ ရန်ကုန်မြို့လယ်ရှိ ကျောက်တံတားရဲစခန်း၊ ပန်းဘဲတန်းရဲစခန်း၊ လသာရဲစခန်းနှင့် ဗိုလ်တထောင် ရဲစခန်းတို့ကို (၁၀၀ ပေ x ၆၀ ပေရှိ) ရှစ်ထပ် သံကူကွန်ကရစ်အဖြစ် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ် သွားမည်ဖြစ်ပြီး ဆောက်လုပ်မည့် အဆိုပါ ဘက်ဂျက်ငွေကို လာမည့် ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း တောင်းခံရန် စီစဉ်ထားပြီဖြစ်ကြောင်း ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ရှင်းပြသည်။ ရန်ကုန်မြို့လယ်ရှိ ရဲစခန်းများသည် အိုမင်းဟောင်းနွမ်းနေပြီ ဖြစ်သောကြောင့် ပြုပြင်တည်ဆောက်ရန်ကိစ္စကို ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ကိုယ်စားလှယ် ဦးစိုးဝင်က အောက်တိုဘာ ၁၁ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မေးမြန်းရာ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့လယ်ရှိ အဆိုပါ ရဲစခန်းများသည် အန္တရာယ်ရှိ အဆောက်အအုံ စာရင်းတွင်ပါဝင် နေပြီဖြစ်ပြီး ယခုအခါ ပန်းဘဲတန်း ရဲစခန်းနှင့် ကျောက်တံတားရဲစခန်းမှ ဝန်ထမ်းများကို ပြောင်းရွှေ့နေရာချထားခြင်းများ ပြုလုပ်နေရကြောင်း ရန်ကုန်တိုင်းဒေသကြီးမှ ဒုတိယရဲမှူးတစ်ဦးက ပြောကြားသည်။ ရဲစခန်း အဆောက်အအုံအတွင်းမှ လက်နက်တိုက်များ၊ စာရွက်စာတမ်းနှင့် မှတ်တမ်းများသည် ပြည်သူနှင့်နိုင်ငံ လုံခြုံရေးအတွက် အလွန်အရေးကြီးသော အချက်အလက်များ ဖြစ်နေသောကြောင့် ပြင်ဆင်ဆောက်လုပ်ပေးပါက ပိုမိုကောင်းမွန်သော ရလဒ်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ အစိုးရအဖွဲ့အစည်းများ၏ ဘတ်ဂျက်တောင်းခံငွေသည် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပေးရခြင်း ဖြစ်သောကြောင့် တကယ်လိုအပ်သော ကိစ္စရပ်များအတွက် အတည်ပြု သွားနိုင်လိမ့်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက လာမည့် ဘဏ္ဍာရေးနှစ်အတွက် မှတ်ချက်ပြု ပြောဆိုသည်။ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် (ယခုနှစ်) တွင် လမ်းမတော်မြို့နယ်နှင့် မင်္ဂလာ တောင်ညွှန့်မြို့နယ်တို့မှ ရဲစခန်းများကို ပြန်လည်တည်ဆောက်ခဲ့ပြီး ဖြစ်ကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ဗိုလ်တထောင်မြို့နယ်မှ ရဲတပ်ဖွဲ့မှူးရုံးကိုပါ ပြင်ဆင်ဆောက်လုပ်ရန် လျာထားကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်တွင် ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။