ရန်ကုန်တိုင်း ဒေသကြီးအတွင်း တစ်ပေပတ်လည် အိမ်ခြံမြေ ဈေးနှုန်းများ သတ်မှတ်ပြီး ဖြစ်သော်လည်း ကြိုက်ရောင်း ကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအ၀ယ် ပြုလုပ်ဆဲဖြစ်


ရန်ကုန်တိုင်း ဒေသကြီးအတွင်း တစ်ပေပတ်လည် အိမ်ခြံမြေ ဈေးနှုန်းများကို ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ ရန်ကုန်တိုင်း ဒေသကြီးက စက်တင်ဘာလ နှောင်းပိုင်းက သတ်မှတ်ခဲ့သော်လည်း လက်ရှိတွင် အိမ်ခြံမြေ အရောင်းအ၀ယ် ဈေးကွက်တွင် ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအ၀ယ် ပြုလုပ်နေကြောင်း အိမ်ခြံမြေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

တစ်ပေပတ်လည် မြေဈေးနှုန်းများကို ကာလပေါက်ဈေးအလိုက် သတ်မှတ်ပေးထားသော်လည်း ယင်းသတ်မှတ်ချက်အတိုင်း အရောင်းအ၀ယ် ပြုလုပ်သူမရှိဘဲ ကြိုက်ရောင်း၊ ကြိုက်ဝယ် ဈေးများဖြင့်သာ အရောင်းအ၀ယ် ပြုလုပ်နေကြောင်း သိရသည်။ ထိုသို့သတ်မှတ်ပြီး နောက်ပိုင်းတွင် အိမ်ခြံမြေ ဈေးကွက်အတွင်း တွင်လည်း အရောင်းအ၀ယ် အေးလာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ''အရောင်းအ၀ယ် လုပ်တဲ့အခါမှာ ဈေးနှုန်းသတ်မှတ် ပေးပေမယ့်လည်း အရင်တုန်းက အတိုင်းပဲ ရောင်းဝယ်ကြတယ်။ ရောင်းတဲ့သူက ကြိုက်ဈေးခေါ်ပြီး ၀ယ်တဲ့သူကလည်း ကြိုက်ရင် ၀ယ်လိုက်ကြတယ်'' ဟု Estate Myanmar အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဟိန်းမိုးမြင့်လွင်က ပြောပြခဲ့သည်။

လက်ရှိ သတ်မှတ်ထားသော အိမ်ခြံမြေ အရောင်းအ၀ယ်များ အတွက် ၀င်ငွေခွန် ရာခိုင်နှုန်း ၃၀ နှင့် တံဆိပ်ခေါင်းခွန် ခုနစ်ရာခိုင်နှုန်း စုစုပေါင်း ၃၇ ရာခိုင်နှုန်း ပေးဆောင်နေရကြောင်း သိရသည်။ ထိုသို့ သတ်မှတ်ထားသော်လည်း ၀ယ်ယူသူများမှာ အခွန်ကို အတိအကျ ပေးဆောင်ရမည် စိုးသောကြောင့် အမည်ပေါက် မပြောင်းဘဲ နားလည်မှုဖြင့် အရောင်းအ၀ယ် ပြုလုပ်နေကြ ကြောင်းလည်း သိရသည်။

ယင်းသို့ ဖြစ်ပေါ်နေခြင်းများနှင့် ပတ်သက်ကာ စီးပွားရေး ပညာရှင် ပါမောက္စ ဒေါက်တာအောင်ထွန်းသက်က ''နိုင်ငံတော် အစိုးရကို အခွန်ပေးဆောင် ရတာကို ပြည်သူတွေ အနေနဲ့လည်း နားလည်သင့်ပါတယ်။ အဲဒီကရတဲ့ အခွန်တွေနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးတွေမှာ ပြန်လည်ပြီးတော့ လုပ်ဆောင်ပေးတယ်။ မြန်မာနိုင်ငံရဲ့ အခွန်ပေးဆောင်မှုဟာ ၀င်ငွေနဲ့အခွန် ယှဉ်လိုက်မယ်ဆိုရင် အနိမ့်ဆုံးလို့ ထင်တယ်။ ပြည်သူတွေ အနေနဲ့ အခွန်မပေးကြဘူး ဆိုတာတွေလည်း ကြားရတယ်။ အဲဒီလို အခွန်ပေးဆောင် လာဖို့ အတွက်လည်း အစိုးရအနေနဲ့ ပြည်သူတွေကို မက်လုံးတစ်ခု ပေးသင့်တယ်။ ၀င်ငွေများတဲ့ လူတွေကို များသလို ကောက်ပြီး ၀င်ငွေနည်းတဲ့ သူတွေကို အခွန်နည်းနည်း ကောက်သင့်တယ်။ တချို့နိုင်ငံတွေမှာဆိုရင် အခွန်ပေးရတာများလို့ အလုပ်မလုပ်ချင် ကြတာတွေတောင် ရှိတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အဲဒီလိုတော့ မရှိသေးပါဘူး'' ဟု သုံးသပ် ပြောကြားခဲ့သည်။

အလားတူ အိမ်ခြံမြေ ဈေးနှုန်းများ ကျဆင်းရန် အတွက်ကိုမူ ရောင်းလိုအား၊ ၀ယ်လိုအား အားပြိုင်မှုတွင် ၀ယ်လိုအား များနေခြင်းကြောင့် ဈေးနှုန်းတက်ရခြင်း ဖြစ်ကြောင်း၊ အချို့မြေနေရာ များတွင်မူ အမည်ပေါက်များဖြင့် ၀ယ်ယူထားသော်လည်း အသုံးပြုခြင်း မရှိသည့် မြေနေရာများပင် ရှိနေကြောင်း၊ ယင်းနေရာများသည် သိမ်းဆည်းထားရန် မဟုတ်ဘဲ ၀ယ်သူကို ကြိုဆိုရမည့် နေရာများ ဖြစ်ကြောင်း ယင်းကသုံးသပ် ပြောကြားသည်။

Eleven Media