အဆောက်အအုံ ဆောက်လုပ်ခွင့် ဇန်နဝါရီမှစ၍ Online ဖြင့်လျှောက်ထားခွင့်ပြုမည်

ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အတွင်းရှိ အဆောက်အအုံ ဆောက်လုပ်ခွင့်များကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှစ၍ အွန်လိုင်းမှ လျှောက်ထားခွင့် ပြုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ သိရသည်။ “လျှောက်ထားရမယ့် ပုံစံကို မသိရင် မြို့နယ်စည်ပင် ရုံးတွေကနေတစ်ဆင့် အွန်လိုင်းနဲ့ လျှောက်ထားပေးခိုင်းလို့ ရတယ်။ အရင်ကလို အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားတဲ့အခါ အွန်လိုင်း ဝန်ဆောင်မှုနဲ့ဆိုတော့ အချိန်မကြာတော့ပါဘူး” ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အွန်လိုင်းမှ အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားမှုအပြင် အဆောက်အအုံ ပြီးစီးကြောင်း သက်သေခံလက်မှတ် လျှောက်ထားခြင်းကို အွန်လိုင်းမှ တစ်ရက်အတွင်း အပြီးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ယင်းအပြင် စည်ပင်၏ မြေစီမံမှုဆိုင်ရာ အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်းများကို မြို့နယ် ၁၂ မြို့၌ ဆောင်ရွက်ပေးလျက်ရှိပြီး မကြာမီ ကာလအတွင်း မြို့နယ်များ တိုးချဲ့ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း ထပ်မံသိရသည်။ မြေအမည်ပေါက် ကိုယ်တိုင်က မြေပုံကူးခြင်းနှင့် တိုင်းတာခြင်း လုပ်ငန်းများကို နိုဝင်ဘာ (၁) ရက်နေ့မှစ၍ အွန်လိုင်းမှ လျှောက်ထားခွင့်ပြုပေးခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် မြေပုံကူးဝန်ဆောင်မှု လုပ်ငန်းများဖြစ်သော အဆောက်အအုံဆောက်ရန် မြေပုံကူးခြင်း၊ အဆောက်အအုံ အကြီးစားပြင်ဆင်ခွင့် မြေပုံကူးခြင်း၊ ဘဏ်ချေးငွေ အတွက် မြေပုံကူးခြင်း၊ ခြံစည်းရိုးကာရန်၊ အဝီစိတွင်းတူးရန်နှင့် မှတ်တမ်းထားရှိရန် မြေပုံကူးခြင်း လုပ်ငန်းများကို လက်ရှိတွင် ရှေးဦးစီမံချက်အဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။