ရန်ကုန်မြို့နယ်များကို မြေအသုံးချမှုအလိုက် ဇုန်ခွဲခြား သတ်မှတ်မည်

အိမ်၊ ခြံ၊ မြေ ဂျာနယ် ရန်ကုန်မြို့တော်ကို မြို့ပြပုံစံနှင့်အညီ ဟန်ချက်ညီစွာ လည်ပတ်နိုင်ရန်နှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို ရေရှည်ရရှိနိုင်ရန်အတွက် ရန်ကုန်မြို့၏ မြို့ပြမြေအသုံးချမှုကို ဇုန်အလိုက် ခွဲခြားသတ်မှတ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (Y.C.D.C) ၏ အကြံပေးအရာရှိ ဒေါက်တာကျော်လတ်က ပြောကြားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမတွင် ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ကျင်းပခဲ့သော မြို့နယ်အလိုက် အဆိုပြုမြေ အသုံးချမှုနှင့် အဆောက်အအုံ တည်ဆောက်မှုဇုန်များ အများပြည်သူ ဆွေးနွေးပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားသည်။ အဆိုပါဇုန်များကို စီမံကိန်းများချကာ အဆောက်အအုံ၏ ကြမ်းခင်းဧရိယာနှင့် တည်နေရာ မြေကွက်အချိုး (FAR)၊ အဆောက်အအုံနှင့် သက်ဆိုင်သော တိုင်းတာနည်းများဖြင့် တွက်ချက်ကာ မြေအသုံးချမှု ဇုန်အမျိုးအစား ၁၁ မျိုး ခွဲခြားသတ်မှတ်ကာ ရန်ကုန်မြို့တွင်း မြို့နယ် ၆ ခုအပါအဝင် မြို့နယ် ၁၈ ခုတွင် ဇုန်အမျိုးအစား သတ်မှတ်မည်ဖြစ်ကြောင်း ဒေါက်တာကျော်လတ်က ဆက်လက် ပြောကြားသည်။ သို့သော် ၄င်းအနေနှင့် အချိန်ကာလ အတိအကျကိုမူ ထည့်သွင်းပြောကြားခြင်း မရှိပေ။ မြို့ပြမြေ အသုံးချမှုဇုန်များကို ဆိပ်ငြိမ်ရပ်ကွက် (သို့မဟုတ်) လူနေသိပ်သည်းမှု နည်းသော လူနေရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှု အသင့်အတင့်ရှိသော လူနေရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှု များသော လူနေရပ်ကွက်ဇုန်၊ မြို့ပြအသုံးချမှု မျိုးစုံပါဝင်သောဇုန်၊ ကုန်သွယ်မှုနှင့် စီးပွားရေးဇုန်၊ စက်မှုနှင့် ကုန်လှောင်ရုံများဇုန်၊ ဆိပ်ကမ်းနှင့် ဆိပ်ကမ်းဆက်စပ် ဝန်ဆောင်မှုဇုန်၊ စိမ်းလန်းမြေနှင့် ရေပြင်ဇုန်၊ အစိုးရ အဖွဲ့အစည်းနှင့် အခြေခံအဆောက် အအုံများဇုန်၊ မြို့ပြအမွေအနှစ်များ ထိန်းသိမ်းမှုဇုန်နှင့် ကမ်းနားအထူးဖွံ့ဖြိုးရေးဇုန်များ ခွဲခြားသတ်မှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) ထံမှ သိရှိရသည်။ ဇုန်အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ရာတွင် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ဖြစ်သော ကျောက်တံတား၊ ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ လမ်းမတော်၊ လသာ၊ ပုဇွန်တောင်မြို့နယ်များ အပါအဝင် အလုံ၊ ဗဟန်း၊ ဒဂုံ၊ လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ မင်္ဂလာတောင်ညွန့်၊ ဆိပ်ကမ်း၊ တာမွေနှင့် ရန်ကင်းမြို့နယ်များတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း YCDC ၏ ထုတ်ပြန်ချက်အရ သိရသည်။ အိမ်၊ ခြံ၊ မြေဈေး မြင့်မားနေပြီး လူဦးရေသိပ်သည်းဆ များလာသော ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံများ သီးသန့်ဆောက်လုပ်ရန် ဇုန်တစ်ခု သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ မြို့ပြစီမံကိန်း ရေးဆွဲပညာရှင် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာမှူးကြီး ဒေါ်လှိုင်မော်ဦး (ဗိသုကာ) က ပြောသည်။ အဆိုပါစီမံကိန်း စတင်လုပ်ဆောင်ရန်အတွက် ပညာရှင်များနှင့် အများပြည်သူတို့၏ အကြံဥာဏ် တောင်းခံသွားမည်ဖြစ်ပြီး အများပြည်သူ သဘောထား ရယူပြီးပါက လွှတ်တော်သို့ တင်ပြကာ အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။