ဝင်ငွေရလမ်းပြနိုင်ပါက အိမ်ခြံမြေများအတွက် ရောင်းဝယ်ခွန်ပေးရန်မလို

အိမ်ခြံမြေများ ရောင်းဝယ်မှုပြုလုပ် ရာတွင် ဝင်ငွေရလမ်း ဖော်ပြဝယ်ယူပါက လက်ရှိသတ်မှတ်ထားရှိသည့် ရောင်းဝယ် ခွန်ကို ပေးဆောင်ရန်မလိုဟု မန္တလေး တိုင်း ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မင်းက ပြောသည်။ ''အိမ်ခြံမြေအပြင် တခြား ဘာကိုပဲ ဝယ်ဝယ် ဝင်ငွေရလမ်းဖော်ပြနိုင်ရင် မြို့ သုံးမြို့မှာ အခွန်ငွေ ခုနစ်ရာခိုင်နှုန်း ပေး ဆောင်ရုံနဲ့ ဝယ်ယူလို့ရပါတယ်။ ဒါ ကြောင့် အခြေပြုပစ္စည်းတစ်ခုခုကို ဝယ် ယူမယ်ဆိုရင် ဝင်ငွေရလမ်းကို သေချာ ဖော်ပြဖို့လိုပါတယ်။ ဥပမာ ပြည်ပမှာ အလုပ်လုပ်လာတဲ့သူအနေနဲ့ ရရှိခဲ့တဲ့ငွေ ကို ဌာနမှာလာပြီး ငွေကြေးကိုပေါက်ဈေး အတိုင်း လဲလှယ်မှုပြုတာမျိုးဆိုရင်လဲ ဝင်ငွေရလမ်း ဖော်ပြပြီးဖြစ်ပါတယ်''ဟု ဦးကျော်မင်းက ပြောသည်။ အခွန်ငွေများ ကောက်ခံရာတွင် နိုင်ငံတော်စီမံချက်များဖြစ်သော ကား၊ ဆိုင်ကယ်၊ လေယာဉ်၊ အိမ်ခြံမြေများ အဖြစ် ယခင်သတ်မှတ်ထားပြီး ၄င်းတို့ကို အခွန်ငွေ ၁၅ ရာခိုင်နှုန်းဖြင့် ရောင်းဝယ် ခြင်း ပြုလုပ်ခွင့်ပြုထားခဲ့သည်။ ယခုအခါ အိမ်ခြံမြေရောင်းဝယ်ခြင်း ကို ထိုစီမံချက်ထဲတွင် ထည့်သွင်းခြင်း မပြုလုပ်တော့ဘဲ ဝင်ငွေအခွန်ဥပဒေ အတိုင်း အခွန် ၃ဝ ရာခိုင်နှုန်းပေးဆောင် ခြင်း စတင်လုပ်ဆောင်စေခဲ့သဖြင့် အိမ်ခြံမြေ ဝယ်ယူလိုသည့်သူများအတွက် ဝင်ငွေရလမ်း သေချာစွာပြသလျှင် သတ် မှတ်ထားရှိသော အခွန်ငွေများကို ပေး ဆောင်ရန်မအပ်ပေ။ ''နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ တွေမှာ တံဆိပ်ခေါင်းခွန် ငါးရာခိုင်နှုန်း၊ မြို့နယ်အတွက်ပေးဆောင်ရတဲ့ အခွန် နှစ်ရာခိုင်နှုန်းကိုတော့ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အခွန်ငွေ ၃ဝ ရာခိုင်နှုန်းကို တော့ ဝင်ငွေရလမ်းပြနိုင်ရင် လုံးဝပေး ဆောင်စရာ မလိုပါဘူး။ အဲဒီသုံးမြို့က လွဲပြီး ကျန်တဲ့မြို့တွေကတော့ အဲဒီ ခုနစ် ရာခိုင်နှုန်း မပါပါဘူး''ဟု ဦးကျော်မင်းက ပြောသည်။ အခွန်ဆိုင်ရာ ရုံးများတွင်လည်း ဝန်ထမ်းအင်အားများ တိုးချဲ့ခြင်း၊ ခေတ်မီစက်ကိရိယာများ တိုးချဲ့ခြင်းတို့ ကိုလည်း လုပ်ဆောင်သွားရန် စီစဉ်လျက် ရှိနေသည်။ လက်ရှိတွင် မန္တလေးတိုင်း ပြည်တွင်းအခွန်ဦးစီးဌာနရုံး၌ ဝန်ထမ်း အင်အား ၃၆ဝ ဖြင့် လုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိသည်။ Mizzima