ဒေါ်လာသန်း ၂၂၀ တန် ဟိုတယ်စီမံကိန်း ကိုရီးယားကုမ္ပဏီလေးခု ရန်ကုန်တွင် အကောင်အထည်ဖော်မည်

ကိုရီးယားအခြေစိုက် နာမည်ကျော် စီးပွားရေးလုပ်ငန်းကြီး တစ်ခုဖြစ်သော Daewoo International အပါအဝင် ကုမ္ပဏီလေးခု ပူးပေါင်း၍ ရန်ကုန်မြို့တော် အထင်ကရနေရာ အင်းလျားကန် အနီးတွင် အမေရိကန်ဒေါ်လာ သန်း ၂၂၀ ရင်းနှီး မြှုပ်နှံ၍ ဟိုတယ်နှင့် မိုးမျှော် အဆောက်အအုံ စီမံကိန်းတစ်ခု တည်ဆောက်မည် ဖြစ်ကြောင်း ကိုရီးယား မီဒီယာများတွင် ဖော်ပြသည်။ POSCO Trading ၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သော Daewoo International က အခြား ကိုရီးယားကုမ္ပဏီ သုံးခုနှင့် ပူးပေါင်း၍ အဆင့်မြင့် မိုးမျှော် အဆောက်အအုံ နှစ်လုံး တည်ဆောက်မည် ဖြစ်ပြီး ၁၄ ထပ် အဆောက်အအုံကို ဇိမ်ခံဟိုတယ် တစ်လုံး အဖြစ် ဖန်တီးမည် ဖြစ်ကြောင်း၊ ကျန် ၂၉ ထပ် အဆောက်အအုံကို ရုံးခန်းများ၊ လူနေအခန်းများ အဖြစ် ဖွဲ့စည်းတည်ဆောက်မည် ဖြစ်ပြီး အဆိုပါ အဆောက်အအုံသည် ၂၁၈၃ စတုရန်းမီတာ အကျယ်အဝန်း ရှိမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ အရာရှိတစ်ဦးက ဆိုသည်။ "အဆောက်အအုံ နှစ်ခုလုံးကို ၂၀၁၆ မှာ ဖွင့်နိုင်ဖို့ မျှော်မှန်းထား ပါတယ်" ဟု အဆိုပါ အရာရှိက ဆိုသည်။ Daewoo International နှင့် ပူးပေါင်းဆောင်ရွက်မည့် အခြားမိတ်ဖက် ကုမ္ပဏီများမှာ POSCO Engineering & Construction၊ Lotte Hotel နှင့် KDB Daewoo Securities တို့ဖြစ်ကြပြီး POSCO အုပ်စုဝင် ကုမ္ပဏီများ ဖြစ်ကြသည်။ အဆိုပါ စီမံကိန်းကို KDB Daewoo Securities က ရှယ်ယာ ၃၉ ရာခိုင်နှုန်းဖြင့် အများဆုံး ပိုင်ဆိုင်မည် ဖြစ်ပြီး Daewoo International က ၃၀ ရာခိုင်နှုန်း၊ POSCO E & C က ၂၁ ရာခိုင်နှုန်းနှင့် Lotte Hotel က ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်ကြမည် ဖြစ်သည်။ Voice