မန္တလေးအိမ်၊ ခြံ၊ မြေစံနှုန်း ဘတ်ဂျက်နှစ်အလိုက် တစ်နှစ်တစ်ခါပြောင်းလဲသတ်မှတ်မည်

မန္တလေးတိုင်း ဒေသကြီးအတွင်း အိမ်၊ ခြံ၊ မြေဈေး စံနှုန်းသတ်မှတ်ရာတွင် အိမ်၊ ခြံ၊ မြေပေါက်ဈေးပေါ် မူတည်၍ ဘတ်ဂျက်နှစ်အလိုက် တစ်နှစ်တစ်ခါ ပြောင်းလဲ သတ်မှတ်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားသည်။ “ခုသတ်မှတ်ထားတဲ့ ဈေးနှုန်းက များနေတယ်ဆိုရင် လာမယ့်နှစ် သတ်မှတ်တဲ့ ဈေးနှုန်းမှာ ပြောင်းလဲနိုင်တယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ လက်ရှိ ၂၀၁၃-၂၀၁၄ ဘတ်ဂျက်နှစ်အတွက် အိမ်၊ ခြံ၊ မြေစံနှုန်းများကို နိုဝင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ရာ အမြင့်ဆုံးစံနှုန်းဈေး မြေတစ်ဧက ကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်းကျော် သတ်မှတ်ရာ အဆိုပါ ဈေးနှုန်းမှာ ပြင်ပပေါက်ဈေးထက် များနေကြောင်း မန္တလေးမြို့တော် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက တညီတညွှတ်တည်း ပြောကြားသည်။ “ဈေးနှုန်းတွေ ပေါက်ဈေးထက် များနေတယ် ဆိုရင် နေရာနဲ့ ဈေးနှုန်းနဲ့ အခွန်ဦးစီးဌာနကို complain တက်လို့ ရပါတယ်။ ကျွန်တော်တို့ ကွင်းဆင်းစိစစ် စစ်ဆေးပြီးတော့ ဈေးနှုန်းပြန်ပြင်ဖို့ အသင့်ပါပဲ” ဟု ဝန်ကြီးဒေါက်တာမြင့်ကြူက ဆိုသည်။ ရန်ကုန်မြို့တော် အိမ်၊ ခြံ၊ မြေ ပေါက်ဈေး သတ်မှတ်ရာတွင် ပြင်ပပေါက်ဈေးအောက် လေးပုံတစ်ပုံ လျှော့ကာ သတ်မှတ်ထားသော်လည်း မန္တလေးမြို့တော် အချို့နေရာများ၏ စံဈေးနှုန်း သတ်မှတ်ချက်မှာ ပေါက်ဈေးထက် များနေကြောင်း မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ပြောကြားသည်။ “အခွန်စံနှုန်း သတ်မှတ်တာ တချို့နေရာတွေများ နေတယ်ဆိုတာ ဟုတ်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အသင်း အစည်းအဝေးမှာ တင်ပြဖို့တော့ရှိတယ်။ ဘယ်လို ဆက်လုပ်မယ်ဆိုတာ အတိအကျတော့ မပြောနိုင်သေးပါဘူး” ဟု ထက်မြက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဦးနိုင်မျိုးထက်က ဆိုသည်။ မန္တလေး အိမ်၊ ခြံ၊ မြေစံနှုန်းများကို တစ်ဧက ဈေးနှုန်းဖြင့် စံနှုန်းသတ်မှတ်ထားပြီး အရောင်းအဝယ်ဖြစ်သည့် ပေအကျယ်ပေါ် မူတည်ကာ ပြန်လည်တွက်ချက် အခွန်ဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန (မန္တလေး)ထံမှ သိရသည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။