ဟံသာဝတီအဝိုင်းကို ဖြိုဖျက်၍ မီးပွိုင့်တပ်ဆင်မည်

လှည်းတန်းခုံးကျော်တံတား ဖွင့်လှစ်ချိန်မှစ၍ ယာဉ်ကြောကျပ်တည်းမှု ပိုမိုများပြားလာခဲ့သော ပြည်လမ်းရှိ ဟံသာဝတီ အဝိုင်းအား ဖြိုဖျက်၍ မီးပွိုင့်အဖြစ် ပြုလုပ်ရန် လေ့လာနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းနှင့်တံတားဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောကြားသည်။ ၄င်းက “ကျွန်တော်တို့ ဆာဗေးဆင်းနေတာ တစ်ပတ်လောက် ရှိပါပြီ။ မနက်ခြောက်နာရီကနေ ညရှစ်နာရီအထိပေါ့။ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းနိုင်ရန် မီးပွိုင့်တွေ တပ်ဆင်သွားမှာပါ” ဟု ဒီဇင်ဘာ ၁၁ ရက်က ပြောကြားခဲ့သည်။ ယာဉ်ကြောစနစ်၌ အဝိုင်းပတ်မောင်းခြင်းသည် ယာဉ်အန္တရာယ် အကင်းဆုံးဖြစ်ကြောင်း “အဝိုင်းပတ်ယာဉ် ဦးစားပေးဆိုတာ ကမ္ဘာပေါ်မှာ အန္တရာယ်အကင်းဆုံးပါ။ ဒါပေမယ့် ယာဉ်ကြောပိတ်ဆို့ပြီ ဆိုရင် စနစ်တကျ မီးပွိုင့်တပ်ဆင်ရတာပါ” ဟု ၄င်းက ပြောကြားခဲ့သည်။ လက်ရှိ ဟံသာဝတီအဝိုင်းအား ရက်သတ္တတစ်ပတ်ခန့် လေ့လာနေပြီဖြစ်ကြောင်းနှင့် အနည်းဆုံး ရက်သတ္တပတ် နှစ်ပတ်ကြာ လေ့လာရဦးမည်ဟု ပြောကြားခဲ့သည်။ ယင်းဟံသာဝတီ အဝိုင်းအား ဖြိုဖျက်၍ မီးပွိုင့်တပ်ဆင်ပြီး ယာဉ်ကြော ကျပ်တည်းမှု လျှော့ပါးပါက ယာဉ်ကြောကျပ်တည်းမှု ရှိသည့် အခြားသော အဝိုင်းပတ်လမ်းများအား ဆက်လက် လေ့လာမှုများ ပြုလုပ်ပေးမည်ဟု ဆိုသည်။ ယင်းနှင့်ပတ်သက်၍ “အဝိုင်းတိုင်းကိုတော့ မဖြိုပါဘူး။ ယာဉ်ကြောကျပ်တဲ့ အဝိုင်းတွေကိုတော့ လေ့လာပြီးမှ လုပ်မှာပါ” ဟု ပြောကြားခဲ့သည်။ ဧပြီ ၁ ရက်နေ့ လှည်းတန်းခုံးကျော်တံတား ဖွင့်လှစ်ပြီးချိန်မှစ၍ တံတားနေရာတွင် ယာဉ်ကြောကျပ်တည်းမှု နည်းပါးသွားသော်လည်း စိုက်ပျိုးရေးမှတ်တိုင်၊ ဟံသာဝတီအဝိုင်းနှင့် မြေနီကုန်းမီးပွိုင့်များတွင် ယာဉ်ကြော ကျပ်တည်းမှု နေ့စဉ်ကြုံတွေ့နေရကြောင်း နေ့စဉ် ခရီးသွားသူများနှင့် ယာဉ်မောင်းများထံမှ သိရသည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။