ဆီးဂိမ်းကျင်းပရာ ဝန်းကျင်၌ ဈေးနှုန်းမြင့်တက်

(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ယခုအခါ အားကစားနည်းများအနက် နေပြည်တော်၌ လက်ခံကျင်းပရန်ရှိသည့် ကစားနည်းများမှ ကစားသမားများ စတင် ရောက်ရှိနေပြီ ဖြစ်သည်။ အားကစားသမားများ စတင်ဝင်ရောက်လာပြီး ပြိုင်ပွဲကျင်းပမည့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ ဇေယျာသီရိ အားကစားကွင်းနှင့် အားကစားရွာဝန်းကျင်၊ သတင်းအချက်အလက်များ ထုတ်ပြန်ပေးရာ မဏိရတနာ ကျောက်စိမ်းခန်းမ IBC, MPC တို့အနီးရှိ စားသောက်ဆိုင်များနှင့် ရွေ့လျား ဈေးဆိုင်များ၏ ဈေးနှုန်းများမှာ ပုံမှန်ထက်တစ်ဆခန့် မြင့်တက်လာခြင်းကြောင့် သတင်းရယူသူ မီဒီယာ သမားများ၊ ပြိုင်ပွဲသို့ လာရောက် အားပေးခွင့်ရသူများ အခက်တွေ့နေရကြောင်း သတင်းရရှိသည်။ ''ဈေးတွေက အဆမတန် မြင့်နေတာပါ။ မြန်မာနိုင်ငံသားတွေ ထမင်းစားတာကို ကျပ်သုံးထောင်နှုန်း ယူတယ်။ နိုင်ငံခြားသား တွေကို ထမင်းတစ်နပ် ခြောက်ဒေါ်လာအထိ ယူတယ်။ ကတ်တွေ ပေးထားပေမယ့် ထမင်းဝယ်စားရတာ ရက်ကြာမှာမို့ အဆင်မပြေပါဘူး။ ရေသန့်တွေနဲ့ coke အချိုရည်တွေကို အခမဲ့ သုံးဆောင်ခွင့် ရထားပေမယ့် အပြင်က ဆိုင်တွေရဲ့ ဈေးတွေ မတရားမြင့်တက်နေတာ တားဆီးသင့်တယ်။ ပြီးခဲ့တဲ့ စင်ကာပူဆီးဂိမ်းကို သတင်းယူခဲ့တုန်းက ဈေးနှုန်းတွေကို တမင်လျှော့ချပေးတာ ကြုံခဲ့ရဖူးတယ်'' ဟု ထိုင်းနိုင်ငံ အခြေစိုက် သတင်းဌာနတစ်ခုမှ Mr.Dinnis က ပြောကြားသည်။ ထမင်းဆိုင်များအပြင် အားကစားကွင်းများ အနီးအနားရှိ လက်ဖက်ရည် ဆိုင်ငယ်များတွင်လည်း လက်ဖက်ရည် တစ်ခွက်လျှင် ကျပ်လေးရာမှ ငါးရာအထိ ဈေးတိုးမြှင့် ကြသည့်အပြင် ဖုန်းကတ် အလွယ်တကူ ဝယ်ယူဖြည့်ကြရာ၌လည်း မူလဈေးထက် ငါးရာကျပ် ပိုမိုတောင်းခံ နေကြကာ အနီးအနားသို့ သွားလာရန်အတွက် ဆိုက်ကယ်ကယ်ရီ ငှားရမ်းစီးနင်းပါကလည်း မူလဈေးနှုန်းထက် ပိုမိုတောင်းခံနေခြင်းကြောင့် အားကစားပြိုင်ပွဲများ ထပ်မံများပြား၍ ပွဲစဉ်ကျပ်လာပါက ဈေးနှုန်း ပိုမိုမြင့်တက် မည်ကို ပရိသတ်အချို့နှင့် ပြည်တွင်းပြည်ပ မီဒီယာသမားများက စိုးရိမ်လျက်ရှိသည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။