အိမ်ရာ အခက်အခဲ ရှိသူများ နေထိုင်ခွင့် ရရှိရေး ရည်ရွယ်သည့် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများဆိုင်ရာ ဥပဒေကို စတင်ရေးဆွဲ

အိမ်၊ ခြံ၊ မြေ ဂျာနယ် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အိမ်ရာအခက်အခဲ ရှိသူများ အမှန်တကယ် နေထိုင်ခွင့် ရရှိရေး ရည်ရွယ်သည့် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများဆိုင်ရာ ဥပဒေ တစ်ရပ်ကို စတင်ရေးဆွဲနေကြောင်း အဆိုပါ ဥပဒေကို ရေးဆွဲနေသူ ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။ အဆိုပါ ဥပဒေတွင် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတ အိမ်ရာများ ရောင်းချရေး ကော်မတီကို ဖွဲ့စည်းရန်၊ ရောင်းချရေး ကော်မတီတွင် ပါဝင်သည့် သူများ၏ ဆွေမျိုးသားချင်းများအား အိမ်ရာများ ၀ယ်ယူခွင့် မပေးရန်၊ မည်သည့်လူမျိုးများ အိမ်ရာဝယ်ယူခွင့် သတ်မှတ်ပေးရန် စသည့်အသေးစိတ် အချက်အလက်များ ထည့်သွင်းရေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းဥပဒေ ရေးဆွဲရာတွင် လိုအပ်သည့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အိမ်ခန်းများ ချထားပေးခြင်းဆိုင်ရာ စည်းကမ်းချက်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ တောင်းခံထားကြောင်း၊ ယင်းဥပဒေ ရေးဆွဲပြီးပါက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ "ဥပဒေနဲ့ ပတ်သက်တဲ့ အိမ်ခန်းချထားပေးခြင်းဆိုင်ရာ စည်းကမ်းချက်တွေကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေဆီက အန်တီတောင်းထားတယ်။ သူတို့ကလည်း အထက်လူကြီးတွေဆီက သဘောထားမှတ်ချက် တောင်းထားတယ်လို့ ပြောတယ်။ အဲဒီ အချက်အလက်တွေ ရရင်တော့ အန်တီဥပဒေကို မြန်မြန်ရေးဆွဲနိုင်မှာ ဖြစ်ပါတယ်။ အန်တီတို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနကနေ ဥပဒေအရ အချက်အလက်တွေ ရယူပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ အခုဟာက အထက်က သဘောထား တောင်းခံနေတယ် ဆိုတော့လည်း စောင့်ရမှာပေါ့။ ဥပဒေ ဆွဲပြီးရင် လွှတ်တော်ကို တင်မယ်။ တစ်ခု စိုးရိမ်တာက လွှတ်တော်ကိုတင်မှ သက်ဆိုင်ရာ ၀န်ကြီးဌာနက သူတို့ရေးဆွဲ ထားပါတယ်လို့ ပြောတော့လည်း မတတ်နိုင်ဘူးပေါ့။ ဘယ်သူပဲဆွဲဆွဲ ဒီဥပဒေ ထွက်လာရင်တော့ ၀မ်းသာရမှာပေါ့" ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ယခင်တဲပေါ်မှ တိုက်ပေါ်တင် စီမံချက်ဖြင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများက အိမ်ရာ စီမံကိန်းများကို အကောင်အထည် ဖော်ခဲ့သော်လည်း ယခုနောက်ပိုင်း အကောင်အထည် ဖော်နိုင်ခြင်း မရှိတော့ကြောင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့ နယ်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက တည်ဆောက်လျက်ရှိသော ဧရာဝဏ်နှင့် ရတနာ စီမံကိန်းများကိုလည်း ၂၀၁၅ မတိုင်မီ အပြီးတည်ဆောက်မည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ကျပ်သိန်း ၁၀၀ နှင့် ၂၀၀ အကြား ရှိနိုင်ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်မှ ဒဂုံမြို့သစ်မြောက်ပိုင်း ၄၈ ရပ်ကွက်နှင့် ၄၂ ရပ်ကွက်တို့တွင် တည်ဆောက်နေသည့် ဗိုလ်မင်းရောင် တန်ဖိုးမျှအိမ်ရာ စီမံကိန်းများကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရောင်းချပေးမည်ဖြစ်ရာ တန်ဖိုးအနည်းဆုံး ကျပ်သိန်း ၂၀၀ ကျော် ရှိနိုင်ကြောင်း ခန့်မှန်းထားရာ အခြေခံ လူတန်းစားများ ၀ယ်ယူနိုင်မည့် အနေအထား မရှိနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ "အခု အကောင်အထည် ဖော်နေတဲ့ တန်ဖိုးနည်းနဲ့ တန်ဖိုးမျှတဆိုတဲ့ အိမ်ရာစီမံကိန်းတွေကလည်း အစိုးရ အဖွဲ့ရဲ့ ရန်ပုံငွေနဲ့ ဆောက်တာဖြစ်လို့ သူတို့ပြောနေကြတဲ့ ဈေးနှုန်းတွေကိုတော့ ပြင်ဆင်ဖို့ ခက်ပါတယ်။ ဒါပေမဲ့ အဲဒီ အိမ်ရာတွေကို အသက်သာဆုံး နည်းလမ်းနဲ့ ၀ယ်ယူခွင့် ရရှိဖို့ပဲ လုပ်ရမှာပါ" ဟု ဒေါက်တာညိုညိုသင်းက ဆက်လက်ပြောကြားသည်။