ပြည်လမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းပေါ်တွင် ဈေးဆိုင်မပေးရ နယ်မြေများ သတ်မှတ်

ရန်ကုန်မြို့ရဲ့ အဓိက လမ်းမကြီးတွေဖြစ်တဲ့ ပြည်လမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းပေါ်မှာ (ခြံပေါက်ဆိုင်မပေးရ နယ်မြေ) ခြံစည်းရိုးကိုဖျက်ပြီး ဈေးဆိုင်မဆောက်ရ နယ်မြေတွေ သတ်မှတ်ပေးထားတယ်လို့ ရန်ကုန်မြို့ရဲ့ မြို့နယ်အလိုက် အဆိုပြု မြို့ပြမြေအသုံးချမှုနှင့် အဆောက်အအုံ တည်ဆောက်မှုဇုန်များ အများပြည်သူ ဆွေးနွေးပွဲမှ သိရပါတယ်။ ရန်ကုန်မြို့ရဲ့ အရှေ့နဲ့ အနောက် ဆက်သွယ်ထားတဲ့ ကမ္ဘာအေး ဘုရားလမ်းပေါ်က နဝဒေးဂျန်းရှင်းကနေ ပါရမီအထိ လမ်းရဲ့အနောက်ဘက်ခြမ်းကို ခြံစည်းရိုးကိုဖျက်ပြီး ဈေးဆိုင်မဆောက်ရတဲ့ နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။ ရန်ကုန်မြို့ရဲ့ တောင်နဲ့ မြောက်ကို ဆက်သွယ်ထားတဲ့ ပြည်လမ်းမကြီးပေါ်က အလုံလမ်းမှ ဓမ္မစေတီလမ်း၊ ဟံသာဝတီအဝိုင်းမှ လှည်းတန်းလမ်းဆုံ (တက္ကသိုလ်ဝင်း)၊ လှည်းတန်းလမ်းဆုံမှ အင်းလျားလမ်း (တက္ကသိုလ်ဝင်း)အထိ အရှေ့ဘက်ခြမ်းကို ခြံစည်းရိုးကိုဖျက်ပြီး ဈေးဆိုင်ဆောက်ခွင့် မပေးဘူးလို့ ဆိုပါတယ်။ ပြည်လမ်းမပေါ်က ဓမ္မစေတီလမ်းမှ ဗားကရာလမ်းအထိ ပုဒ္ဒမာကွင်း နေရာကိုလည်း ခြံစည်းရိုးကိုဖျက်ပြီး ဈေးဆိုင်ဆောက်ခွင့် မပေးဘူးလို့ သိရပါတယ်။ မြို့ပြမြေ အသုံးချမှုဇုန်များ သတ်မှတ်ရတာက ရန်ကုန်မြို့ကို ရေရှည်တည်တံ့ဖွံ့ဖြိုးဖို့၊ မြို့နေလူထု လူမှုဘဝ ပတ်ဝန်းကျင် တင့်တယ်ဖို့၊ မြို့ပြဆောင်တာများ ဟန်ချက်ညီညီ လည်ပတ်နိုင်ဖို့နဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားမှုကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ ဖြစ်ပါတယ်။ ခြံစည်းရိုးကိုဖျက်ပြီး ဈေးဆိုင်ဆောက်ခွင့် မပေးတဲ့ နေရာသတ်မှတ်တာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေကို ချပြဆွေးနွေးခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။