စည်ပင်ရောင်းမည့်တန်ဖိုးသင့်တင့် အိမ်ခန်း ငွေပြန်သွင်းရမည့်ကာလသတ်မှတ်ချက်ထပ်မလျှော့နိုင်တော့

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်မြေများတွင် တည်ဆောက်နေသည့် တန်ဖိုးသင့်တင့်အိမ်ခန်း ၀ယ်ယူသူများ အရစ်ကျပြန်လည်ပေးသွင်းရာတွင် ၄၈လ အတွင်း အပြီးပေးသွင်းရန် မူလသတ်မှတ်ထားချက် ကို ထပ်မံ တိုးမြှင့်ပေးနိုင်တော့မည်မဟုတ်ဟု ရန်ကုန်မြိုံ့တော်ဝန် ဦးလှမြင့်က ဒီဇင်ဘာ ၉ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ပထမအကြိမ် သတ္တမပုံမှန်အစည်းအဝေးတွင်ပြောသည်။ “လုပ်ငန်းလုပ်တဲ့သူတွေက သူတို့ကပဲရင်းနှီးငွေအားလုံးကိုစိုက်ထုတ်လုပ်တဲ့အတွက်ရယ် နောက်တစ်ခုက ဘဏ်ချေးငွေယူထားတဲ့တွက် အတိုးနှုန်းတွေတက်မှာစိုးတာရယ်ကြောင့် သတ်မှတ်ကာလ(၄)နှစ်ထက် ထက်ပြီး မတိုးနိုင်ပါဘူး”ဟု ဦးလှမြင့်ကလွှတ်တော်သို့ ဖြေကြားခဲ့သည်။ယင်းနှင့် စပ်လျဉ်း၍ ကမာရွတ်မဲဆန္ဒနယ် အမှတ်(၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြငွေက မေးမြန်းခဲ့ရာတွင် မြို့တော်ဝန်က ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မြောက်ဒဂုံမြို့နယ်တွင် ဗိုလ်မင်းရောင်နှင့် ဗိုလ်ဗထူး အမည်များဖြင့် လေးခန်းတွဲရှစ်ထပ်အိမ်ယာများ တည်ဆောက်နေခြင်းဖြစ်သည်။ အဆိုပါ အိမ်ယာများရှိ တိုက်ခန်းအမျိုးအစားအလိုက် ကျပ်(၂၃၇)သိန်း၊ ကျပ်(၂၅၅)သိန်း၊ကျပ်(၂၈၉)သိန်း၊ကျပ်(၂၉၄)သိန်း၊ ကျပ်(၃၂၄)သိန်းနှင့်ကျပ်(၃၇၄) ဟူ၍ တန်ဖိုး သတ်မှတ်ရောင်းချမည်ဖြစ်သည်။ အဆိုပါ အိမ်ခန်းများကို လုပ်သက် ၂၅နှစ်အထက်ရှိသူ ၀န်ထမ်းများကို အရစ်ချရောင်းချပေးမည်ဟု မြို့တော် ၀န်ကဆိုသည်။ သတ်မှတ်အိမ်ခန်းတန်ဖိုးကို လေးနှစ်အတွင်း အကျေပေးချေရမည်ဖြစ်ပြီး စတင်ဝယ်ယူချိန်တွင် တန်ဖိုး၏ ၇၀ ရာခိုင်နှုန်းကို ဘဏ်ဝန်ဆောင်ခ တစ်ရာခိုင်နှုန်းပေး၍ လွှဲပြောင်းပေးရမည်ဖြစ်သည်။ ကျန်ငွေပမာဏကို ပထမနှစ်တွင် ၉ရာခိုင်နှုန်းပေးသွင်းရ မည်ဖြစ်ပြီး ဒုတိယနှစ်မှ တန်ဖိုးကျေသည်အထိ ၅ရာခိုင်နှုန်းစီပေးသွင်းရန် စီစဉ်ထားခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်သည် သက္ကရာဇ် ၂၀၄၀တွင်တိုးပွားလာမည့် လူဦးရေငါးသန်းအတွက် အိမ်ခန်းပေါင်းတစ်သန်း ရရှိရေး ရန်ကုန်မြို့တော်စည်ပင် စီစဉ်ဆောင်ရွက်နေမှု၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ ယင်းကို ဖြည့်ဆည်း နိုင်ရန် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကလည်း ဆောင်ရွက်လျှက်ရှိပြီး ကျပ်သိန်းတရာခန့် ကျသင့်မည်ဟု ရန်ကုန်တိုင်း သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောသည်။ အဆိုပါ အိမ်ယာများကို အစိုးရ၊ ပုဂ္ဂလိက၀န်ထမ်းများ၊ ပြည်သူနှင့်အငြိမ်းစားဝန်ထမ်းများကို ရောင်းချပေးမည်ဟု ဆိုသော်လည်း အသေးစိတ် အစီအစဉ်များကိုမူ သိရှိရခြင်းမရှိသေးပေ။