ရန်ကုန်မြို့တော် တိုးချဲ့မှုမှာ စီးပွားရေးဇုန်နဲ့ လူနေအိမ်ရာတွေ ပါဝင်မည်

ရန်ကုန်မြို့တော် ဧရိယာတိုးချဲ့မှုမှာ စီးပွားရေးဇုန်နဲ့ လူနေအိမ်ရာတွေ အဓိကတိုးချဲ့ ပါဝင်မယ်လို့ ဂျိုက်ကာ လေ့လာမှုစစ်တမ်းအရ သိရပါတယ်။ သည်လိုနေရာသစ်တွေ တိုးချဲ့ရတာဟာ လူဦးရေကျပ်တည်းမှုကို ဖြေရှင်းနိုင်ဖို့နဲ့ မြို့သစ်တွေမှာ အိမ်ရာ၊ စီးပွားရေး အဆောက်အအုံနေရာ သီးသန့်ထားရှိပြီး မြို့နေလူတွေ သွားလာမှု အချိုးအစား မျှတအောင် အဓိက လုပ်ဆောင်တာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ ဧရိယာတိုးချဲ့မှုနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၊ မြို့ပြစီမံကိန်း ရေးဆွဲရေး ပညာရှင် ဒေါ်လှိုင်မော်ဦးက “အဖွဲ့အစည်းကတော့ ဂျိုက်ကာ team နဲ့ တွဲလုပ်ထားတယ်၊ ဂျိုက်ကာ စစ်တမ်းစာအုပ်ထဲမှာတော့ ဘယ်လိုချဲ့သွားမယ်ဆိုတာ ပါတယ်။ ဥပမာ-ဒလဘက်ဆို အထပ်မြင့်တွေ အများကြီး ဆောက်နိုင်အောင် ရေးဆွဲပေးထားတယ်၊ အခုလုပ်တာ အားလုံးက Long term plan တွေတွက်တာ လူတွေထင်သလို တံတားဆောက်တယ်ဆိုရင် ချက်ချင်းအကောင်အထည် ဖော်လို့ရတာ မဟုတ်ဘူး၊ လေ့လာမှု အပိုင်းတွေမှာတင် အချိန်က နှစ်နှစ်လောက်ကြာတယ်၊ အခုက တခုခုလုပ်မယ်ဆိုရင် ဈေးတွေက ခုန်တက်လာတော့ အလုပ်လုပ်လို့ မရတော့ဘူး။ ဒါတွေတော့ ရှိတယ်” လို့ ပြောပါတယ်။ CBD (ဒေါင်းတောင်း) ဧရိယာနောက်ထပ် တိုးချဲ့သွားမယ့် မြို့နယ်တွေအဖြစ် သီလဝါစက်မှုစီမံကိန်း၊ သန်လျင်၊ လှိုင်သာယာ၊ မင်းဓမ္မ၊ ဒဂုံမြို့သစ်၊ ဒလနဲ့ တွံတေး အစရှိတဲ့ မြို့နယ်တွေကို ဂျိုက်ကာလေ့လာမှုစစ်တမ်းမှာ ဖော်ပြထားပါတယ်။ မြို့ဧရိယာ ထပ်မံတိုးချဲ့သွားမယ့် မြို့နယ်တွေမှာ လက်ရှိလုပ်ဆောင်နေတာ တွေကတော့ လှိုင်သာယာမြို့နယ်မှာ ကျန်စစ်မင်းအိမ်ရာနဲ့ ရွှေလင်ပန်းအိမ်ရာ စီမံကိန်း၊ သီလဝါဆိပ်ကမ်း စီမံကိန်း၊ သန်လျင်မြို့မှာ ကြယ်စင်အိမ်ရာ စီမံကိန်း၊ မင်းဓမ္မမှာ မင်းဓမ္မစီမံကိန်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမှာ ရတနာနဲ့ ဧရာဝဏ် အိမ်ရာစီမံကိန်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းမှာ ဗိုလ်မင်းရောင်၊ ဗိုလ်ဗထူးနဲ့ မင်းရဲကျော်စွာ စီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။