၁၂ ထပ်နှင့်အထက် အထပ်မြင့်အဆောက်အအုံ ၁၄ လုံးကို ကားပါကင် အလုံအလောက် တင်ပြလာခြင်းမရှိ၍ ဆောက်လုပ်ခွင့်မပြု

ရန်ကုန်မြို့တော်အတွင်း ဆောက်လုပ်ခွင့် တင်ပြလာသော ၁၂ ထပ်နှင့်အထက် အထပ်မြင့်အဆောက်အအုံ ၁၄ လုံးမှာ ကားပါကင် လုံလောက်အောင် တင်ပြလာနိုင်ခြင်း မရှိသဖြင့် ပုံစံအား ပြန်လည်ပြင်ဆင်ရေးဆွဲရန် အကြောင်းကြားထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အထပ်မြင့်အဆောက်အအုံများ စစ်ဆေးရေးကော်မတီ၏ ဒီဇင်ဘာလဆန်းပိုင်း ထုတ်ပြန်ချက်အရ သိရသည်။ လူနေအိမ်ခန်းဖြစ်ပါက တစ်ခန်းလျှင် အနည်းဆုံး ကားတစ်စီး ရပ်နားနိုင်သည့်နေရာ ပါရှိရမည်ဟု တရားဝင် ထုတ်ပြန်ထားပြီးဖြစ်သော်လည်း ကားပါကင် လုံလောက်အောင် တင်ပြနိုင်ခြင်းမရှိ၍ ဆောက်လုပ်ခွင့်ပေးရန် တင်ပြမှုအပိုင်းတွင် ကြန့်ကြာနေကြောင်း . . . ဆောက်လုပ်ခွင့် တင်လာသည့် ၁၂ထပ်နှင့်အထက် အဆောက်အအုံ ၁၄လုံးမှာ လှိုင်မြို့နယ်၊ ယာဉ်ကြောပိတ်ဆို့မှုများသည့် Down Town ဧရိယာအတွင်းရှိ လမ်းမတော်နှင့် ပုဇွန်တောင်၊ အလုံ၊ စမ်းချောင်း၊ မရမ်းကုန်း၊ ယာဉ်ကြောပိတ်ဆို့မှုများသည့် မြို့နယ်တွင် အပါအ၀င်ဖြစ်သည့် တာမွေနှင့် ဗဟန်း၊ ရန်ကင်း၊ ကမာရွတ်၊ အင်းစိန်မြို့နယ်အတွင်း လျှောက်ထားလာခြင်းဖြစ်ပြီး ယင်းသို့ အထပ်မြင့်အဆောက်အအုံကြီးများတွင် လူနေအိမ်ခန်းဖြစ်ပါက တစ်ခန်းလျှင် အနည်းဆုံး ကားတစ်စီး ရပ်နားနိုင်သည့်နေရာ ပါရှိရမည်ဟု တရားဝင် ထုတ်ပြန်ထားပြီးဖြစ်သော်လည်း ကားပါကင် လုံလောက်အောင် တင်ပြနိုင်ခြင်းမရှိ၍ ဆောက်လုပ်ခွင့်ပေးရန် တင်ပြမှုအပိုင်းတွင် ကြန့်ကြာနေကြောင်း သိရသည်။ ယင်းအဆောက်အအုံများမှာ ကန်လမ်း၊ လှိုင်မြို့နယ်တွင် ၁၂ ထပ်ခွဲ အဆောက်အအုံ၊ ၀ါးတန်းလမ်း လမ်းမတော်မြို့နယ်တွင် ၁၂ ထပ်ခွဲ အဆောက်အအုံ၊ မကြီးကြီးလမ်း စမ်းချောင်းမြို့နယ်တွင် ၁၂ ထပ် အဆောက်အအုံ၊ ၄၉ လမ်း ပုဇွန်တောင်မြို့နယ်တွင် ၁၂ ထပ်ခွဲ အဆောက်အအုံ၊ အုတ်ကျင်း ဘူတာရုံလမ်း လှိုင်မြို့နယ်တွင် ၁၂ ထပ်ခွဲ အဆောက်အအုံ၊ ကမ္ဘာအေးဘုရားလမ်း မရမ်းကုန်းမြို့နယ်တွင် ၁၂ ထပ်ခွဲ အဆောက်အအုံ၊ ဦးဖိုးမှန်လမ်း လှိုင်မြို့နယ်တွင် ၁၂ ထပ် အဆောက်အအုံ၊ နတ်မောက်ရိပ်သာလမ်း တာမွေမြို့နယ်တွင် ၁၂ ထပ်ခွဲ အဆောက်အအုံ၊ ငါးထပ်ကြီးဘုရားလမ်း ဗဟန်းမြို့နယ်တွင် ၁၂ ထပ်ခွဲ အဆောက်အအုံ၊ ရန်ကင်းမြို့နယ်တွင် ၁၂ ထပ်ခွဲ အဆောက်အအုံ၊ ရတနာမြိုင်လမ်းနှင့် အောင်မြေသာစည်(၁)လမ်းကြား ကမာရွတ်မြို့နယ်တွင် ၁၂ ထပ်ခွဲ အဆောက်အအုံ၊ စံရိပ်ငြိမ်လမ်း ကမာရွတ်မြို့နယ်တွင် ၁၈ ထပ် (Apartment Building) ၊ လှိုင်မြစ်လမ်း ကွက်သစ်ရပ်ကွက် အင်းစိန်မြို့နယ် တွင် ၁၄ ထပ် အဆောက်အအုံနှင့် ကမ်းနားလမ်း အလုံမြို့နယ်တွင် ၂၅ ထပ် အဆောက်အအုံတို့ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။