နေပြည်တော် ကောင်စီနယ်မြေတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ စီးပွားရေး အထူးဇုန် ဖော်ထုတ်သွားမည်

နေပြည်တော် ကောင်စီနယ်မြေတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ စီးပွားရေးအထူးဇုန် ဖော်ထုတ်သွားမည် ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်ပြီး ကျေးလက်နေ လူဦးရေ၏ ရာခိုင်နှုန်း ၇၀ မှာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအပေါ် မှီခိုနေထိုင်ကြပြီး ကျန်မြို့ပေါ်နေ လူဦးရေများမှာလည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆက်စပ်လုပ်ငန်းများ၊ ထုတ်ကုန်များအပေါ် ရပ်တည်လျက်ရှိပြီး နိုင်ငံတော်၏ GDP အမျိုးအစားအား အသားတင် ထုတ်ကုန်တန်ဖိုး ၃၅ ရာခိုင်နှုန်းသည် လယ်ယာကဏ္ဍ ထုတ်ကုန်များပင် ဖြစ်ကြောင်း သိရသည်။ နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် စက်စက်ယို ဆည်ရေသောက် စနစ် ဧက ၉၀၀ စိုက်ကွင်းတွင် အော်ဂဲနစ် နည်းပညာဖြင့် စိုက်ပျိုးထားသော စိုက်ကွင်းများ အတွင်းရှိ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ဖြစ်သော ငရုတ်၊ ခရမ်း၊ ခရမ်းချဉ်သီး၊ ရုံးပတီ၊ ကျောက်ဖရုံ၊ ရွှေဖရုံ၊ မုန်ညင်း၊ ဆလပ်၊ ကိုက်လန်နှင့် ပြောင်းဖူးတို့ စိုက်ပျိုးထားရှိပြီး အော်ဂဲနစ် နာနတ်သီး စိုက်ကွင်းမှ ထွက်ရှိသည့် နာနတ်သီး ဖျော်ရည် လုပ်ငန်းများအတွက် အေးခဲခြင်း၊ အခြောက်ခံခြင်းများ ပြုလုပ်၍ နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်ရန်လည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ အလားတူ ဒက္ခိဏသီရိမြို့နယ် ချိုင်းကျေးရွာ ဧက ၁၀၀ စိုက်ကွင်းတွင်လည်း Alliance Stars ကုမ္ပဏီ၏ အအေးခန်း သုတေသန ဆောင်ရွက်မှုများ ပြုလုပ်၍ မျိုးကောင်း၊ မျိုးသန့်၊ မျိုးပွား ပိန်းဥစိုက်ခင်းနှင့် ဂျူးမြစ် စိုက်ခင်းများလည်း စိုက်ပျိုးထားကြောင်း သိရသည်။ နေပြည်တော် ကောင်စီနယ်မြေ ရှစ်မြို့နယ်အတွင်း တောင်သူများ ရာသီအလိုက် စိုက်ပျိုးထွက်ရှိသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို နိုင်ငံတကာ ဈေးကွက်သို့ ချိတ်ဆက်၍ လယ်ယာအခြေခံ လုပ်ငန်းများ ပေါ်ပေါက်လာရေးအတွက် အဆင့်ဆင့်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး လယ်ယာထွက်ကုန်များ၏ သဘောသဘာဝအရ ပုပ်သိုးလွယ်၍ သယ်ယူရန် ခက်ခဲမှုအပေါ် ရေရှည်ဈေးကွက်သို့ တင်ပို့နိုင်ရန် ဠေူကန Value Addual Product အဖြစ် ထုတ်လုပ်နိုင်သော နည်းပညာနှင့် အရင်းအနှီး လိုအပ်ချက်များကို ပြည်တွင်း ကုမ္ပဏီနှင့် ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ အိန္ဒိယ၊ တရုတ် စသည့် နည်းပညာ အဆင့်မြင့်မားသော နိုင်ငံများကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း သိရသည်။