လှိုင်သာယာ၊ မင်းဓမ္မ၊ ဒဂုံမြို့သစ်၊ သီလ၀ါတို့တွင် စီးပွားရေး ဗဟိုခွဲများ တည်ဆောက်ခြင်းနှင့် မှော်ဘီ၊ လှည်းကူး၊ ဒဂုံအရှေ့၊ သန်လျင်မြို့နယ်တို့တွင် မြို့သစ်များတည်ရန် လျာထား

ရန်ကုန်မြို့တော်၏ အနာဂတ် မြို့ပြတည်ဆောက်မှု ပုံစံအရ လှိုင်သာယာ၊ မင်းဓမ္မ၊ ဒဂုံမြို့သစ်၊ သီလ၀ါ စသည်တို့တွင် စီးပွားရေး ဗဟိုခွဲများ တည်ဆောက်ခြင်းနှင့် မှော်ဘီ၊ လှည်းကူး၊ ဒဂုံအရှေ့၊ သန်လျင်စသည့် မြို့နယ်များတွင် မြို့သစ်များတည်ရန် လျာထားကြောင်း ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။ ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မာ၏ "ကြည့်မြင်တိုင်မြို့နယ် လှိုင်မြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသော ရပ်ကွက်ကြီးလေးခုမှာ ဒေသဖွံ့ဖြိုးမှု နောက်ကျ၍ ယင်းဒေသမှ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေသော စီမံကိန်းများကို မဟာရန်ကုန် မြို့သစ်ကြီး တည်ဆောက်သည့်အခါ ထည့်သွင်းရေးဆွဲရန် အစီအစဉ် ရှိမရှိ သိလိုကြောင်း" မေးမြန်းမှု အပေါ်တွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်းရေးဆွဲနေသည့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအရ ရန်ကုန်မြို့တော်တွင် ၂၀၄၀ ပြည့်နှစ်၌ ထပ်မံတိုးပွားလာမည့် လူဦးရေ ငါးသန်းကျော်အတွက် လူနေအိမ်ခန်း တစ်သန်းကျော် လိုအပ်လာမည်ဟု ခန့်မှန်းထားကြောင်း၊ မြို့ပြပျံ့နှံ့မှုကို စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် အနာဂတ် မြို့ပြတည်ဆောက်မှု ပုံစံကို သတ်မှတ်ခဲ့ရာ ယင်းပုံစံအရ ရန်ကုန်မြို့လယ် ဗဟိုမှ ၁၀ နှင့် ၁၅ ကီလိုမီတာ အကွာအဝေးတွင် စီးပွားရေး ဖွံ့ဖြိုးမှု ပတ်လမ်းအဖြစ် တည်ရှိပြီး အဆိုပါ ပတ်လမ်းမှာ လှိုင်သာယာ၊ မင်းဓမ္မ၊ ဒဂုံမြို့သစ်နှင့် သီလ၀ါတို့တွင် ဧက ၁၀၀ မှ ၂၀၀ အထိ ကျယ်ဝန်းသော မြေနေရာများ၌ စီးပွာရေး အဆောက်အအုံများ ပါဝင်သည့် စီးပွားရေး ဗဟိုခွဲများ တည်ဆောက်မည်ဟု လျာထားကြောင်း၊ စီးပွားရေး ဗဟိုခွဲများတွင် တိုင်းဒေသကြီးနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုမည့် ကုမ္ပဏီရုံးခန်းများ၊ ဟိုတယ်များ၊ ဈေးရောင်းစင်တာများ အဓိက ပါဝင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ စီးပွားရေး ဖွံ့ဖြိုးမှု ပတ်လမ်းမှ ၁၀၊ ၁၅ ကီလိုမီတာ အကွာအဝေးတွင် မြို့ပြင်ဖွံ့ဖြိုးမှု ပတ်လမ်းအဖြစ် တည်ရှိပြီး အဆိုပါ ပတ်လမ်းပေါ်တွင် မှော်ဘီ၊ လှည်းကူး၊ ဒဂုံအရှေ့၊ သန်လျင်၊ ဒလ၊ တွံတေးနှင့် ထန်းတပင်တို့ရှိ ဧက ၅၀၀ ကျယ်ဝန်းသော မြေနေရာများ၌ နေအိမ်၊ တိုက်တာ၊ ကျောင်း၊ ဆေးခန်းတို့ ပါဝင်သော မြို့သစ်များ တည်ရန်လျာထားပြီး အဆိုပါ မြို့သစ်များတွင်လည်း အလုပ်ခွင်ကို အလွယ်တကူ သွားလာနိုင်ရန် ဒေသနှင့် လျော်ညီသော အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးထားရှိရန် စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မှော်ဘီ၊ လှည်းကူး၊ ဒဂုံအရှေ့နှင့် သီလ၀ါတို့တွင် ဧက ၁၀၀ မှ ၄၀၀ အထိ ကျယ်ဝန်းသော မြေနေရာများ၌ စက်မှုနယ်မြေများ တည်ဆောက်သွားရန် လျာထားကာ ယင်းစက်မှု နယ်မြေများတွင် ၂၀၄၀ ပြည့်နှစ်တွင် ထပ်မံတိုးပွားလာရန် မျှော်မှန်းသည့် စက်မှုကဏ္ဍမှ လုပ်သားဦးရေ ငါးသိန်းခွဲအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မည့် စက်မှုလုပ်ငန်းငယ်များ ဆောင်ရွက်ရန်လည်း ရည်ရွယ်ထားသည်ဟု သိရသည်။ အဆိုပါ စီမံကိန်းများကို ပထမ ကာလတို ငါးနှစ်စီမံကိန်းကာလ ၂၀၁၄-၂၀၁၅ မှ စတုတ္ထကာလတို ငါးနှစ်စီမံကိန်းကာလ ၂၀၃၀-၂၀၃၁ အတွင်း ဆောင်ရွက်ရန် လျာထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။