နှစ်လအတွင်း လူတစ်ထောင်ခန့် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခွန်ဆောင်

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့တွင်း၊ မြို့ပြင် တစ်ပေပတ်လည် အိမ်၊ ခြံ၊ မြေ အခွန်နှုန်းထားများ ထုတ်ပြန်ပြီး နှစ်လအတွင်း အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်မှ အခွန်ဆောင်သူဦးရေမှာ တစ်ထောင် ဝန်းကျင်ခန့် ရှိကြောင်း ကာလတန်ဖိုး စိစစ် သတ်မှတ်ရေးရုံး (ရန်ကုန်) ထံမှ သိရသည်။

နှစ်လအတွင်း အဝယ်ဘက်မှ အခွန်ဆောင်သူ ၆၀၀ ဦးခန့် ရှိပြီး အရောင်းဘက်တွင် ၄၀၀ ဦးခန့် အခွန်ဆောင်ပြီး ဖြစ်ကြောင်း အဆိုပါဌာန၏ စာရင်းဇယားများအရ သိရသည်။ “အခုအခွန်ဆောင်တဲ့ ဦးရေက အတက်အကျ မရှိဘူး။ ပုံမှန်လို့ ပြောလို့ရတယ်။ စံနှုန်း မသတ်မှတ်ခင် တုန်းကထက် များတယ်လို့ ပြောနိုင်ပေမယ့် အဲဒီတုန်းကတော့ ပုံမှန်မဟုတ်ဘူး” ဟု အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ အဝယ်ဘက်မှ အခွန်ဆောင်သူ အများစုသည် မဖြစ်မနေ အခွန်ဆောင် ရမည့်သူများနှင့် အမှန်တကယ် နေထိုင်ရန် အမည်ပေါက် လုပ်လိုသူများကသာ လာရောက် ဆောင်ကြခြင်း ဖြစ်ပြီး အရောင်းဘက်မှ အခွန်ဆောင်ရာတွင် ကန်ထရိုက် တိုက်များက လာရောက် ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ အခွန်စံနှုန်း သတ်မှတ်ချက် များကို ယခင်က တစ်ပတ်တစ်ကြိမ်ခန့် တန်ဖိုးဖြတ်လေ့ ရှိသော်လည်း ယခုအခါ နှစ်ပတ်တစ်ကြိမ်ခန့်သာ တန်ဖိုးဖြတ်လေ့ ရှိပြီး တန်ဖိုးဖြတ်ရာတွင် ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြေစာရင်း ဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့မှ အရာရှိများက နှစ်ပတ်လျှင် တစ်ကြိမ် အစည်းအဝေးထိုင်၍ သတ်မှတ်ခြင်း ဖြစ်ကြောင်း ကာလတန်ဖိုး စိစစ် သတ်မှတ်ရေး ရုံးထံမှ သိရသည်။

မှတ်ချက် များကို စက်တင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန် ကြေညာ ခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ အဆိုပါ နှုန်းထားများအတိုင်း အခွန်ဆောင်ရခြင်း ဖြစ်သည်။

အိမ်၊ ခြံ၊ မြေ အခွန်နှုန်းထား ကောက်ခံရာတွင် ၃၀ ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ် ပေးဆောင်ရမည် ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် တံဆိပ်ခေါင်းခွန် တန်ဖိုးကို ၇ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ကာ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် တံဆိပ်ခေါင်းခွန် ၅ ရာခိုင်နှုန်းသာ ပေးဆောင်ရမည် ဖြစ်သည်။

အခွန်ဆောင်သူများသည် သက်ဆိုင်ရာ မြို့နယ်များတွင်သာ အခွန်ပေးဆောင်ရမည် ဖြစ်ပြီး ကာလတန်ဖိုး စိစစ် သတ်မှတ်ရေးရုံးက အခွန်တန်ဖိုး ဖြတ်ပေးခြင်း ဖြစ်သည်။

The Voice Weekly
https://www.facebook.com/phoenixestate