ကျပ်သိန်းတစ်သောင်းကျော် ကုန်ကျသော အောင်မင်္ဂလာ တိုးချဲ့ယာဉ်ရပ်နားစခန်းသစ် ၂၀၁၄ ဇန်နဝါရီ ဖွင့်မည်

အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်း ဝင်းအတွင်းရှိ ယာဉ်ရပ်နားမှု အခက်အခဲကို ဖြေရှင်းနိုင်စေရန် ဆောက်လုပ်လျက်ရှိသော တိုးချဲ့ယာဉ်ရပ်နားစခန်း ဝင်းအသစ်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အဆိုပါ အဝေးပြေးဝင်းအတွင်းရှိ အခွန်ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဥာဏ်ထွန်းအောင်က ပြောကြားသည်။ ကျပ်သိန်းပေါင်း တစ်ထောင်ကျော် အကုန်အကျခံကာ အကျိုးတူ တည်ဆောက်နေသော ယင်းယာဉ်ရပ်နားစခန်းဝင်း တည်ဆောက်မှုသည် ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ပြီး ကျန်တစ်လအတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။ “ကားဝင်းထဲက အဆောက်အအုံ တော်တော်များများက ပြီးနေပြီ။ မိတ္ထီလာလမ်းနဲ့ ပခုက္ကူလမ်းနှစ်လမ်းပဲ ကျန်တော့တယ်” ဟု ၄င်းက ဆိုသည်။ တိုးချဲ့ကားဝင်းကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းဝင်းအတွင်း ယာဉ်ရပ်နားစရာ ရှားပါးခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါ ကားဝင်းအတွင်း ၂၄ ပေx ၃၆ ပေ ကျယ်ဝန်းသည့် ယာဉ်ရပ်နားဂိတ်ခန်း ၂၀ နှင့် ၁၂ ပေx ၃၆ ပေ ကျယ်ဝန်းသည့် ဈေးဆိုင်ခန်း ခြောက်ခန်း ပါဝင်မည်ဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလအတွင်း အပြီးသတ်နိုင်မည် ဖြစ်ကြောင်း အဆိုပါ ယာဉ်ရပ်နားစခန်းဝင်းကို တာဝန်ယူ တည်ဆောက်လျက်ရှိသည့် ဟန်မြင့်မိုရ်ကုမ္ပဏီထံမှ သိရသည်။ အဆိုပါ ယာဉ်ရပ်နားစခန်းဝင်းမှာ နှစ်ဧကကျော် ကျယ်ဝန်းပြီး ယခင် ကန်စွန်းခင်းကို မြေပြန်လည်ဖို့၍ တည်ဆောက်ခြင်းဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။