စလစ်ကားများ CIF တန်ဖိုး ကျဆင်းသည့်အတွက် အ၀ယ်လိုက်နိုင်၊ ၁၅၀၀ CC ကား CIF တန်ဖိုး ကျဆင်းသော်လည်း အခွန်နှုန်း ကွာခြားမှုကြောင့် ၁၃၀၀ CC ကားများသာ ၀ယ်လိုအား ပိုမိုများပြားမည်

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ ကားတင်သွင်းသူများ တင်သွင်းရာတွင် အသုံးပြုရမည့် CIF ဈေးနှုန်းသစ်များကို မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီမှ အတည်ပြု ထုတ်ပြန်လိုက်ကြောင်း အဆိုပါကော်မတီ၏ တာဝန်ရှိသူများက ပြောကြားသည်။
CIF ဈေးနှုန်းသစ်များ ထုတ်ပြန်ရာတွင် အများပြည်သူကြားတွင် အိမ်စီးကား ၀ယ်ယူစီးနင်းရာ၌ ၀ယ်ယူမှု အများဆုံးဖြစ်သည့် အင်ဂျင်ပါဝါ ၁၃၀၀ CC အမျိုးအစား ကားများ၏ CIF ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်းဖြစ်၍ ၀ယ်လိုအားမှာလည်း ယခင်အတိုင်းပင် ဆက်လက်များပြားမည်ဖြစ်ကြောင်း ကားဝယ်ရောင်းများက ပြောကြားသည်။
၂၀၁၄ ခုနှစ်အတွက် CIF ဈေးနှုန်းသစ်များ ထုတ်ပြန်ရာတွင် ၁၅၀၀ CC ကားအမျိုးအစားများ၏ CIF ဈေးနှုန်းများ ကျဆင်းသော်လည်း ၁၅၀၀ CC အမျိုးအစားကားများ၏ အခွန်ပေးဆောင်ရမည့်နှုန်းနှင့် ၁၃၀၀ CC အမျိုးအစားကားများ၏ အခွန်ပေးဆောင်ရမည့်နှုန်းမှာ နှစ်ဆမက ကွာခြားသည့်အတွက် ၁၅၀၀ CC ကားအမျိုးအစားများ ၀ယ်လိုအားမှာ နည်းပါးနေမည်သာ ဖြစ်သည်ဟု အခွန်နှုန်း အတိအကျဖြင့် တွက်ချက်ကာ ထောက်ပြခဲ့ကြသည်။
ကားတင်သွင်းရောင်းချသူ ကုမ္ပဏီမှ ကိုထွဋ်ထိပ်က “CIF အသစ်ထွက်တယ်။ မနှစ်က CIF ဈေးမှာတုန်းက ၁၅၀၀ CC ကို သီးသန့်ဈေး သတ်မှတ်မပေးဘူး။ ၁၃၅၀ CC နဲ့ အောက်က CIF ဈေး အမေရိကန်ဒေါ်လာ ၅၀၀၀၊ ၁၃၅၀ CC နဲ့အထက်က တစ်မျိုးတည်း သတ်မှတ်ထားတော့ ၁၅၀၀ CC ရဲ့ဈေးက တခြားအင်ဂျင်ပါဝါမြင့်တဲ့ ကားတွေဈေးနဲ့ ရောနေတော့ မြင့်တဲ့သဘော ဖြစ်နေတယ်။ ဒီနှစ် ၁၅၀၀ CC ကားတွေကို သီးသန့်ဈေး သတ်မှတ်ပေးလိုက်တော့ မနှစ်ကနဲ့ယှဉ်ရင် အများကြီး ကျသွားတဲ့သဘော ဖြစ်နေတယ်။ ဒီတစ်ခုတည်းကိုကြည့်ပြီး ၁၅၀၀ CC ကားအမျိုးအစားတွေ ၀ယ်လိုအား အရမ်းကောင်းတော့မယ်လို့ ပြောတာကိုတော့ ကျွန်တော်လုံးဝ လက်မခံဘူး။ ဘာကြောင့်လဲဆိုတော့ ၁၃၀၀ CC ရဲ့ ကျသင့်တဲ့ အခွန်နှုန်းနဲ့ ၁၅၀၀ CC ရဲ့အခွန်နှုန်းက အရမ်းကွာတယ်။ နှစ်ဆမက ကွာနေလို့ပဲ။ ဥပမာ-Honda Fit ၂၀၁၂-၁၃၀၀ CC ကားဆိုရင် CIF ဈေး မပြောင်းဘဲ အမေရိကန်ဒေါ်လာ ၅၀၀၀ ပဲ သတ်မှတ်ထားတယ်။ အဲဒီအတွက် ရှိသမျှအခွန် အကုန်လုံး ဆောင်မယ်ဆိုရင် ကျပ် ၅၁ သိန်းကျော် ပေးရမယ်။ သူနဲ့အမျိုးအစားတူ Honda Fit ၂၀၁၂-၁၅၀၀ CC ကို အခုဈေးအရမ်း ကျသွားပါတယ်ဆိုတဲ့ ဈေးနဲ့တွက်ရင်တောင် သူ့ရဲ့ CIF ဈေးက အမေရိကန်ဒေါ်လာ ၁၀၅၀၀ ရှိတဲ့အတွက် အခွန်အရပ်ရပ် ကျပ် ၁၃၅ သိန်းနီးပါးအထိ ပေးရမယ်။ Toyota Vitz ၂၀၁၂-၁၃၀၀ CC ပဲဖြစ်ဖြစ် Mazda Demio ၂၀၁၂ ၁၃၀၀ CC ပဲဖြစ်ဖြစ် နောက်ထပ် ၁၃၀၀ CC ဘာအမျိုးအစားဖြစ်ဖြစ် အခွန်က ၅၁ သိန်းပဲ ပေးရမှာ။ ၁၅၀၀ CC ထဲမှာ Mazda Demio ၁၅၀၀ CC ကို ဈေးအနည်းဆုံး သတ်မှတ်ထားတယ်။ Mazda Demio ၂၀၁၂ ၁၅၀၀ CC ကို အမေရိကန်ဒေါ်လာ ၈၀၀၀ ပဲ သတ်မှတ်ထားတယ်။ ဒါပေမဲ့ အဲဒီ ၈၀၀၀ နဲ့တွက်ရင်တောင် အခွန်ကကျပ် ၁၀၃ သိန်းအထိ ပေးရမယ်။ ဒီတော့ အခွန်နှုန်းက နှစ်ဆကျော်ကွာတယ်။ အင်ဂျင်ပါဝါက ၁၃၀၀ နဲ့ ၁၅၀၀ ဆိုတာ ဘာမှမကွာဘူး။ ၀ယ်စီးတဲ့သူက အမျိုးအစားတူ မော်ဒယ်တူကားမှာ ၁၃၀၀ CC ထက် ကျပ်သိန်း ၅၀ ကျော်ကနေ ကျပ်သိန်း ၈၀ ကျော်အထိပေးပြီး အင်ဂျင်ပါဝါနည်းနည်းလေး ကွာသွားတဲ့ ၁၅၀၀ CC ကိုစီးမလား။ ဒါကြောင့် ၁၅၀၀ CC CIF ဈေးကျတာ တစ်ခုတည်းနဲ့ အရောင်းပိုသွက်မယ်ဆိုတာတော့ မဖြစ်နိုင်ဘူးလို့ မြင်တယ်” ဟု တွက်ချက်ပြောကြားသည်။
ကားအရောင်းပြခန်း ဖွင့်လှစ်ရောင်းချသူ ဦးမိုးကျော်စွာကလည်း “၁၃၀၀ CC က ဈေးမပြောင်းတဲ့အတွက် အရောင်းအ၀ယ်ဆက်ပြီး ကောင်းနေမှာပဲ။ ၁၅၀၀ CC ကတော့ အခွန်ပေးရမှာတင် ၁၃၀၀ CC ကားသစ် တစ်စီးစာလောက် ဖြစ်နေလို့ ၀ယ်လိုအား များလာဖို့ မဖြစ်နိုင်ဘူး။ ကားဟောင်းအပ်ပြီးမှ ပြန်သွင်းရတဲ့ ၂၀၀၀ မော်ဒယ်ကနေ ၂၀၀၈ မော်ဒယ်ကြား ကားတွေထဲမှာ လူကြိုက်အများဆုံး ကားအမျိုးအစား အများစုက CIF ဈေးကျသွားတဲ့အတွက် အရင်နှစ်ကထက် ကျပ်သိန်း ၂၀၊ ၃၀ တချို့ကားတွေဆို ကျပ်သိန်း ၄၀ လောက်အထိ ကျသွားတဲ့အတွက်တော့ ပိုပြီးဝယ်ယူ စီးလာမယ်လို့ မျှော်မှန်းထားတယ်” ဟု သုံးသပ်ပြောကြားသည်။
ကားဝယ်ရောင်း တစ်ဦးဖြစ်သူ ကိုထွဋ်က “မြန်မာနိုင်ငံမှာ အိမ်စီးကားစီးတဲ့အထဲမှာ လူတန်းစား သုံးမျိုးရှိတယ်။ ကိုယ်ချမ်းသာသလောက် စီးချင်တဲ့ကား သွင်းစီးတဲ့လူမျိုး၊ အင်ဂျင်ပါဝါမြင့်ပြီး ဈေးလည်းသင့်တင့်တဲ့ ကားဟောင်းအပ်ထားတဲ့ စလစ်နဲ့သွင်းရတဲ့ ကားအမျိုးအစားစီးတဲ့ လူလတ်တန်းစားနဲ့ ကိုယ်နိုင်သလောက်နဲ့ချိန်ပြီး စီးတဲ့သူမျိုးရှိတယ်။ ကိုယ်နိုင်သလောက်ချိန်ပြီး စီးနင်းတဲ့သူ အများစုက ၁၃၀၀ CC ကို အများဆုံး စီးတဲ့သူတွေဖြစ်တယ်။ ၁၅၀၀ CC CIF ဈေးကျသွားတယ် ဆိုပေမယ့် အခွန်နဲ့တင် ၁၃၀၀ CC ကားတစ်စီးစာ ရနေပြီ။ ဘယ်သူမှ အင်ဂျင်ပါဝါ ၂၀၀ လောက်ကွာတာကို နှစ်စီးစာပေးမစီးတာ သေချာတယ်။ CIF ဈေးကျတာ တစ်ခုတည်းနဲ့ ၁၅၀၀ CC တွေ သောက်သောက်လဲ ၀ယ်ကြမယ်ဆိုတာ မဖြစ်နိုင်ဘူး။ ၀ယ်ရောင်းတွေရော အဲဒီလောက် ကွာဟနေတာကို သောက်သောက်လဲ တင်သွင်းရောင်းကြမယ်လို့ မထင်ဘူး။ နောက်လူလတ်တန်းစားစီးတဲ့ ၂၀၀၀ နဲ့ ၂၀၀၈ ကြား မော်ဒယ်စလစ်ကပ်ပြီး စီးတဲ့ကားတွေကတော့ အရင်ကထက် ဈေးကျသွားတဲ့အတွက် ပိုပြီးစီးလာဖို့ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၀ နဲ့ ၂၀၀၈ ကြားမော်ဒယ်တွေထဲက လူစီးများ၊ လူကြိုက်များတဲ့ ကားတော်တော်များများ ဈေးကျသွားလို့ပဲ။ အဲဒီအတွက် ကားဟောင်းအပ်ထားတဲ့ စလစ်အရောင်းအ၀ယ် ပိုသွက်လာနိုင်တယ်။ ကားဟောင်းစလစ်တောင်မှ ဈေးပြန်လိုက်လာနိုင်တယ်” ဟု ဆိုသည်။
ယခုသတ်မှတ်သည့် CIF ဈေးနှုန်းသစ်များထဲတွင် ကားဟောင်းအပ်သည့် စလစ်ဖြင့်သာ ၀ယ်ယူတင်သွင်းရမည့် ၂၀၀၀ မော်ဒယ်မှ ၂၀၀၈ မော်ဒယ်ကြား ကားများ၏ ဈေးနှုန်းထဲ၌ အများစုမှာ ၂၀၁၃ ခုနှစ် CIF ဈေးနှုန်းထက် နိမ့်သည့်အတွက်လည်း စလစ်ဝယ်ယူကာ တင်သွင်းစီးနင်းသူ ပိုမိုများပြားလာနိုင်သည်ဟု ကားဈေးကွက်အတွင်း သုံးသပ်ကြသည်။  
“နိုင်ငံတော်က CIF ချပေးပေမယ့် တကယ်လိုအပ်တဲ့ ရန်ကုန်၊ မန္တလေးက ကားတွေက ပိုလျှံနေပြီး အဲဒီအတွက် သွင်းမယ်ဆို အခွန်သာ လျော့သွားပေမယ့်လည်း ၀ယ်လိုအားက တကယ်မလာဘူး။ အခုလျှော့ရောင်းနေတဲ့ဈေးထက် လျော့သွားဖို့မရှိဘူး၊ အခုလျှော့ရောင်းတာက CIF ၅၀၀၀ မှာ အနိမ့်ဈေးပဲ။ ဟိုမှာ လေလံက အခုသက်သာနေတယ်။ အခွန်အပြောင်းအလဲမှာ လေလံလည်း မဆွဲကြဘူး။ ဒါကြောင့် ဟိုမှာဝယ်လိုအား မရှိဘူး။ ဂျပန်ကို လှမ်းဝယ်တဲ့ ၀ယ်လိုအား မရှိဘူး။ ၀ယ်လိုအားက ဂျပန်မှာလည်း ဈေးကျတယ်။ ၀ယ်လိုအား မြန်မာပြည်မှာပြန်တက်ရင် ဂျပန်မှာ ဈေးပြန်တက်မယ်။ ဒါကြောင့် ကျသွားဖို့မရှိဘူး။ ကိုယ့်လက်ထဲ ကားအများကြီး တိုက်မိမှာစိုးတဲ့အတွက် ရသမျှဈေး လျှော့ရောင်းနေတာဖြစ်တယ်။ အရှုံးနည်းတာ သက်သာအောင်ရောင်းတာ ဖြစ်တယ်။ ၁၃၀၀ CC ကားတွေ ဒီထက်ထပ်ကျဖို့ဆိုတာ မလွယ်ဘူး” ဟု ကားလုပ်ငန်းလုပ်ကိုင်သူ ကိုအောင်ကျော်စိုးက ဆိုသည်။