မြေယာ စီမံခန့်ခွဲမှု ဆိုင်ရာ လုပ်ငန်းများအား e-gorvernment စနစ်ဖြင့် ဆောင်ရွက်နိုင် တော့မည်

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြေယာ စီမံခန့်ခွဲမှု လုပ်ငန်းဆိုင်ရာများ ဖြစ်တဲ့ မြေယာ ပိုင်ဆိုင်မှု၊ အဆောက်အဦး ဆောက်လုပ်မှု၊ လုပ်ငန်းလိုင်စင်လျှောက်ထားမှု စတဲ့ ကဏ္ဍများမှာ Online System ကို အသုံးပြုမယ့် e-gorvernment စနစ်ကို စတင် ဆောင်ရွက် နိုင်တော့မှာ ဖြစ်တယ်လို့ ဒီဇင်ဘာ ၉ ရက်နေ့က မြို့တော် ခန်းမမှာ ပြုလုပ်ခဲ့တဲ့ e-gorvernment စနစ်ဆိုင်ရာ ရှင်းလင်း ဆွေးနွေးပွဲမှ သိရပါတယ်။ အဆိုပါ စနစ်ကို ဆောင်ရွက်ဖို့ အတွက် ကိုတော့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သက်ဆိုင်ရာ ဌာနများ ဖြစ်တဲ့ မြို့ပြ စီမံကိန်းနှင့် မြေယာ စီမံခန့်ခွဲမှု ဌာန၊ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ)၊ စီမံရေးရာ ဌာနစတဲ့ ဌာနများက ဆောင်ရွက် သွားမှာဖြစ်ပြီး လာမယ့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ အတွင်း စတင်နိုင်ဖို့ မျှော်မှန်း ထားတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အဆိုပါ e-gorvernment စနစ်မတိုင်ခင် online system နဲ့ ၀န်ဆောင်မှုဖြစ်တဲ့ e-application စီမံကိန်းကို ရှေ့လုပ်ငန်းစဉ် အနေနဲ့ ဆောင်ရွက် လျက်ရှိပြီး သင်တန်းများ ဖွင့်လှစ်ခြင်း၊ ပရိုဂရမ် ရေးဆွဲခြင်း တို့ကို ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။ အခုလို Online System မှ တစ်ဆင့် မြေယာ စီမံခန့်ခွဲမှု ဆိုင်ရာ ၀န်ဆောင်မှု လုပ်ငန်းများကို အီလက်ထရောနစ် လျှောက်လွှာများနဲ့ လျှောက်ထား တင်ပြနိုင်ဖြစ်ပြီး မြေကွက်ခွဲဝေခွင့် လျှောက်ထားခြင်း၊ အရောင်းအ၀ယ် စာချုပ် ချုပ်ဆိုခြင်း၊ ဂရန် အမျိုးမျိုး လျှောက်ထားခြင်း၊ မြေပုံကူး လုပ်ငန်း ဆောင်ရွက်ခြင်း၊ လုပ်ငန်း လိုင်စင် လျှောက်ထားခြင်း စတဲ့ လုပ်ငန်းများကို Online မှတစ်ဆင့် ပြန်လည် ဖြေကြားခွင့်ပြု ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ အခုလို မြေယာ စီမံခန့်ခွဲမှု လုပ်ငန်း များမှာ အချိန်ကြန့်ကြာမှု မရှိဘဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနဲ့ အညီ ဖြစ်လာစေဖို့ အတွက် e-gorverment စနစ်ကို အသုံးပြုရတာ ဖြစ်ပြီး နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ရာ မှာလည်း အဆင့်အတန်း ပြည့်မီနိုင်ဖို့ ဆောင်ရွက် သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ MRTV4