ကိုကာကိုလာ စက်ရုံနှစ်ရုံဖြင့် မြန်မာပြည်ဈေးကွက်အတွက် လုံလောက်မှု မရှိ၍ စက်ရုံအသစ်များ ထပ်မံတည်ဆောက်သွားမည်

မြန်မာပြည် ဈေးကွက်အတွင်း ကိုကာကိုလာ စက်ရုံနှစ်ရုံဖြင့် လုံလောက်မှုမရှိ၍ ဈေးကွက်လိုအပ်ချက်အတိုင်း စက်ရုံအသစ်များ ထပ်မံတည်ဆောက်သွားရန် အစီအစဉ် ရှိကြောင်း ကိုကာကိုလာ မြန်မာမှ အုပ်ချုပ်မှု ဒါရိုက်တာ ရီဟန်ခမ်းက ပြောကြားသည်။ ''တစ်နိုင်ငံလုံး ဈေးကွက်ကို လွှမ်းခြုံနိုင်ဖို့အတွက် စက်ရုံနှစ်ရုံနဲ့ မလုံလောက်နိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ မန္တလေးဝန်းကျင် ဒေသတွေနဲ့ မြန်မာနိုင်ငံရဲ့ အထက်ပိုင်း ဒေသတွေမှာလည်း တိုးချဲ့ဖို့ရှိပါတယ်'' ဟု ရီဟန်ခမ်းက ပြောကြားသည်။ ကိုကာကိုလာ ကုမ္ပဏီသည် ပြည်တွင်း၌ ကိုကာကိုလာ အချိုရည်ဘူး ထုတ်လုပ်ရေးလိုင်းများ၊ အခြေခံအဆောက်အအုံများနှင့် အအေးစက် အသစ်များကို ရေရှည်ရင်းနှီး မြှုပ်နှံရန်အတွက် တည်ဆောက်ထားပြီး ဖြစ်ကြောင်းနှင့် လက်ရှိတွင်ကို ကာကိုလာနှင့် Sprite အစရှိသော အချိုရည်များ ထုတ်လုပ်လျက်ရှိသည်။ ယခုနှစ် အစောပိုင်း၌ ကိုကာကိုလာ ထုတ်လုပ်သော စက်ရုံများတွင် ပြည်တွင်း အချိုရည် ကုမ္ပဏီ ပင်းယဖြင့် ပူးပေါင်းလုပ်ကိုင်သော မှော်ဘီစက်ရုံနှင့် လှိုင်သာယာ စက်ရုံနှစ်ခု တည်ဆောက်ထားပြီး ဖြစ်ကြောင်း သိရသည်။ ကိုကာကိုလာ ကုမ္ပဏီသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် နိုင်ငံပေါင်း ၂၀၀ ကျော်တွင် တစ်နေ့လျှင် သောက်သုံးမှု ပျမ်းမျှ ၁ ဒသမ ၈ ဘီလျံအထိ ထုတ်လုပ်ဖြန့်ချိ လျက်ရှိကြောင်း သိရသည်။ ကိုကာကိုလာမှ ထုတ်လုပ်လျက်ရှိ သော ထုတ်ကုန်များတွင် Diet Coke, Fan-ta, Sprite, Coca Cola Zero, Vitaminwater, Powerade, Minute Maid, Simply, Georgia နှင့် Del Valle တို့ပါဝင်ကြောင်း သိရသည်။ ကိုကာကိုလာ ကုမ္ပဏီသည် ပြည်တွင်း၌ ၎င်း၏ ထုတ်ကုန်များကို ၂၀၁၃ ခုနှစ် ဇူလိုင်လမှ စတင်၍ တရားဝင် ဖြန့်ချိ လုပ်ကိုင်ခဲ့သည်။ ထိုကဲ့သို့ ပြည်တွင်းသို့ ၀င်ရောက်လာခြင်းသည် ဒုတိယအကြိမ် ပြန်လည်ဝင်ရောက် လာခြင်းဖြစ်ပြီး နှစ် ၆၀ ကျော် ကြာမှ တရားဝင်ပြန်လည် ၀င်ရောက်လာခြင်း ဖြစ်ကြောင်းသိရသည်။