စီးပွားရေးစင်္ကြံ စီမံကိန်းအတွက် လေးနိုင်ငံပူးတွဲ လေ့လာမှုစတင်ရန် သဘောတူစာချုပ် ချုပ်ဆို

မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် လေးနိုင်ငံကို ချိတ်ဆက်ပေးမည့် စီးပွားရေးစင်္ကြံ စီမံကိန်းအတွက် လေးနိုင်ငံ ပူးတွဲလေ့လာမှု စတင်ပြုလုပ်ရန် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် လေးနိုင်ငံ အစိုးရ အရာရှိများက သဘောတူစာချုပ်၌ လက်မှတ်ရေးထိုးလိုက်ကြောင်း တရုတ်သတင်းဌာနများတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပသည့် စီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲတွင် လေးနိုင်ငံ အစိုးရအရာရှိများက လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ “အမှန်တော့ ဒီနိုင်ငံတွေကြားမှာက စီမံကိန်းတွေက ထပ်နေပြီ။ BIMSTEC ကလည်း ရှိနေသေးတော့ အခု စီးပွားရေးစင်္ကြံ စီမံကိန်းက ထင်သလောက် ခရီးမပေါက်ဘူး ဖြစ်နေတယ်” ဟု မြန်မာအစိုးရ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ ယင်းအစည်းအဝေးသို့ တရုတ်အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၏ ဒုတိယဝန်ကြီး Mr.Zhang Xiaoqiang၊ မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးရေးမှူး ဒုတိယဝန်ကြီး ဒေါ်ခင်စန်းရီ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Mr.Md.Shahidul Haque နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာ ဝန်ကြီးဌာန တွဲဖက်အတွင်းဝန် Mr.Gautaam Bambawale တို့ တက်ရောက်ခဲ့ကြပြီး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်မည့် အချက်အလက်များ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ယင်းအစည်းအဝေး၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ လေးနိုင်ငံ စီးပွားရေးစင်္ကြံစီမံကိန်း စတင်ရန်အတွက် ၁၉၉၉ ခုနှစ်ကပင် စတင်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်အစောပိုင်းမှ စတင်ကာ တရုတ်နှင့် အိန္ဒိယ အစိုးရတို့၏ တိုက်တွန်း တောင်းဆိုမှုကြောင့် ပထမဦးဆုံးအကြိမ် အစည်းအဝေး ကျင်းပနိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ အစည်းအဝေး ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ တရုတ်သမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ်တို့ အောက်တိုဘာလ ၂၃ ရက်နေ့က တွေ့ဆုံရာတွင် ဆွေးနွေးခဲ့ကြပြီး ယင်းစီမံကိန်းသည် တရုတ်-အိန္ဒိယ နှစ်နိုင်ငံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းစီမံကိန်းအတွက် ဘီလီယံပေါင်းများစွာ ကုန်ကျမည်ဖြစ်ပြီး၊ အရှေ့အာရှနှင့် တောင်အာရှ ဒေသများအတွင်း စီးပွားရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီကာကျန်းက ထုတ်ဖော် ပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။