နှစ်ပေါင်းရာချီ တည်တံ့နိုင်ခဲ့သော ကမ္ဘာ့မြို့တော် ၁၀၀ တွင် မန္တလေးပါဝင်

အိမ်၊ ခြံ၊ မြေ ဂျာနယ် Rockefeller Foundation က ရွေးချယ်လိုက်သော နှစ်ပေါင်းရာနှင့်ချီ တည်တံ့နိုင်ခဲ့သည့် ကမ္ဘာ့နိုင်ငံများ၏ မြို့တော် ၁၀၀ အနက် ပထမတန်းစား ၃၃ မြို့ စာရင်းတွင် မန္တလေးမြို့တော်ကို ထည့်သွင်း ရွေးချယ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ ရွေးချယ်မှုကို အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်နှင့် ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်အချို့ ပါဝင်သည့် Rockefeller Foundation ဘုတ်အဖွဲ့က ဒီဇင်ဘာလ ၃ ရက်နေ့က အတည်ပြု ရွေးချယ်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူထံမှ သိရသည်။ “မန္တလေးမြို့တော်ကို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ မပျောက်ပျက်စေဘဲ စိမ်းလန်းတဲ့မြို့တော်အဖြစ် ဆောင်ရွက်သွားမယ့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး နှစ် ၃၀ စီမံကိန်းမှာပါတဲ့ စိမ်းလန်းစိုပြည်ရေးနဲ့ မြေစီမံခန့်ခွဲမှု အခြေအနေတွေကို Rockefeller Foundation ကို အသိပေးပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။ Rockefeller Foundation သည် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်းကာ မန္တလေးမြို့တော်တွင် တီထွင်ဆန်းသစ်မှု ငွေကြေးပိုင်းဆိုင်ရာများ၊ တီထွင်ဆန်းသစ်မှု နည်းပညာကဏ္ဍများ၊ မြို့ပြဖွဲ့စည်းတည်ဆောက်ပုံ တီထွင်ဆန်းသစ်မှု ကဏ္ဍနှင့် မြေနေရာအသုံးချမှု ကဏ္ဍများအတွက် အမေရိကန် ဗိသုကာပညာရှင်များဆိုင်ရာ အဖွဲ့အစည်း၊ လူသားချင်းစာနာ ထောက်ထားမှုများအတွက် ဗိသုကာပညာနှင့် ကမ္ဘာ့ဘဏ် စသည့် မိတ်ဖက် အဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် အမေရိကန်ဒေါ်လာ တစ်သန်း အသုံးပြုကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ “ဖွံ့ဖြိုးဆဲနိုင်ငံက အဲဒီလိုကွန်ရက်ရဲ့ မြို့တော်တွေထဲမှာ ပါသွားတယ် ဆိုတော့ ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေး လုပ်ငန်းတွေလုပ်တဲ့ နေရာမှာလည်း နည်းမှန်လမ်းမှန် ဖြစ်သွားမယ်။ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းတယ်ဆိုတာ ကုန်ကျစရိတ် အလွန်များတဲ့အတွက် ဒီလို အဖွဲ့အစည်းတွေကနေ အကူအညီတွေရတော့ ကောင်းတာပေါ့” ဟု မန္တလေးမြို့တော်ရှိ ဗိသုကာပညာရှင် ဦးဇင်မင်းဆွေက ဆိုသည်။ Rockefeller Foundation ကို ၁၉၁၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်တွင် အခြေစိုက်ရုံး ဖွင့်လှစ်ထားသည်။ အဆိုပါ ဖောင်ဒေးရှင်းက ရွေးချယ်သည့် ၃၃ မြို့ စာရင်းတွင် အရှေ့တောင်အာရှ နိုင်ငံများမှ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံတို့ရှိ မြို့များလည်း ပါဝင်ကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။