မြန်မာနိုင်ငံ ဟိုတယ်ကဏ္ဍတွင် မြှုပ်နှံရန် ဥရောပ၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့ လေ့လာ

မြန်မာနိုင်ငံ၏ ဟိုတယ်ကဏ္ဍတွင် ဥရောပ၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့မှ မြှုပ်နှံရန်အတွက် လေ့လာမှုများပြုလုပ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။
ရင်းနှီးမြှုပ်နှံရန်အတွက် လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဟိုတယ်ဝန်ကြီးဌာနနှင့် ဆွေးနွေးခဲ့ပြီးဖြစ်သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအပေါ် သုံးသပ်မှုများစွာရှိနေသည့်အတွက် အမှန်တကယ် အကောင်အထည်ဖော်နိုင်မှုတွင် ကြန့်ကြာနေရကြောင်း သိရသည်။
ဦးအောင်ဇော်ဝင်းက "နိုင်ငံတကာကတော့ ဟိုတယ်နဲ့ပတ်သက်ပြီးမြှုပ်နှံဖို့ လာဆွေးနွေးတာက နှစ်ရက်ကို တစ်ခေါက်လာတယ်။ အဲဒီထဲမှာ ဥရောပနိုင်ငံတချို့ရယ်၊ ထိုင်း၊ စင်ကာပူကတော့ အများဆုံးပဲ။ ဒါပေမဲ့ သူတို့တွေက လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကို စောင့်ကြည့်နေကြလို့ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ တိုးဖို့အတွက် ကြန့်ကြာနေတယ်"ဟု ပြောကြားသည်။
ယခုနောက်ပိုင်း မြန်မာနိုင်ငံ၏ ဟိုတယ်ကဏ္ဍတွင် အမှန်တကယ် ရင်းနှီးမြုပ်နှံမှုအပိုင်းများတွင် ပြည်တွင်းလုပ်ငန်းရှင်များမှ အသေးစားဟိုတယ်အများစုကိုသာ မြှုပ်နှံထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
ယင်းအပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖြင့် ဖွင့်လှစ်ရန်ကြိုးပမ်းနေသော ဟိုတယ်များအနေဖြင့် ဆောက်လုပ်မှုပိုင်း အခြေခံစည်းမျဉ်းများတွင် တင်းကျပ်စွာရှိနေခြင်းတို့ကြောင့် ရင်းနှီးမြှုပ်နှံမှုအပိုင်းတို့တွင် ကြန့်ကြာနေမှုတို့ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိမြန်မာနိုင်ငံအတွင်း နိုင်ငံပေါင်း ခုနစ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၇၁၀ ဒသမ ၄၃၉ မြှုပ်နှံထားပြီး နိုင်ငံတကာအဆင့်မီ ဟိုတယ်ပေါင်း ၃၆ လုံးရှိပြီး အခန်းပေါင်း ၆၇၆၆ ရှိကြောင်း သိရသည်။
သို့သော်ဟိုတယ်အလုံးပေါင်း ၃၀ ခန့်သာ အလုံးစုံပြီးစီးနေပြီး ငါးလုံးခန့်မှာလုပ်ငန်းလုပ်ကိုင်နေဆဲ အဆင့်သာရှိသေးပြီး ကျန်တစ်လုံးမှာ စစ်ဆေးတိုင်းတာဆဲ အခြေအနေတွင်ရှိနေပြီးဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ဟိုတယ်ကဏ္ဍ မြှုပ်နှံထားမှုများအနက် စင်ကာပူနိုင်ငံမှာ အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါးဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေပြီး ၎င်းနောက်တွင် ဗီယက်နမ်မှာ အမေရိကန်ဒေါ်လာ သန်း ၄၅၀ ခန့်ဖြင့် ဒုတိယနေရာတွင်ရှိကြောင်း၊ ထိုင်း၊ ဂျပန်၊ ဟောင်ကောင်၊ မလေးရှားနှင့် ဗြိတိန်တို့မှာလည်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
လက်ရှိတွင် ဥရောပနိုင်ငံများအပါအ၀င် ထိုင်း၊ ဂျပန်တို့ကို မြန်မာနိုင်ငံ၏ဟိုတယ်နှင့် အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်မှုများ ပြုလုပ်ထားကြောင်း သိရသည်။