ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများကို ဘဏ်ချေးငွေ၊ အရစ်ကျ ပေးချေစနစ်ဖြင့် ပင်စင်စား၊ ၀န်ထမ်းနှင့် ပုံမှန်ဝင်ငွေရှိသူများသို့ ဦးစားပေးရောင်းချမည်




ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက်နေသည့် တန်ဖိုးနည်းအိမ်ရာများရှိ တိုက်ခန်းခကို ဘဏ်ချေးငွေ၊ အရစ်ကျ ပေးချေစနစ်ဖြင့် ပင်စင်စား၊ ဝန်ထမ်းနှင့် ပုံမှန်ဝင်ငွေ ရှိသူများသို့ ဦးစားပေးစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်စိန်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အ.ထ.က(၄) အလုံတွင် ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့် ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံရာ၌ ဗဟန်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ရန်ကုန်တိုင်း ဒေသကြီးအတွင်း တန်ဖိုးနည်းအိမ်ရာများကို မည်သည့်ပုံစံမျိုးနှင့် ရောင်းချသွားမည် ဆိုသည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်စိန်က ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့မှာ တည်ဆောက်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ကျပ်သိန်း ၁၂ဝ ပတ်ဝန်းကျင်နဲ့ ရောင်းချသွားမှာပါ။ ဒီလို ရောင်းချရာမှာလည်း ပွင့်လင်းမြင်သာမှုရှိစွာ သတင်းစာကနေ ခေါ်မယ်။ ဈေးနှုန်းကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ညှိပြီး ရောင်းချသွားမှာပါ
“ရန်ကုန်မြို့မှာ တည်ဆောက်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ကျပ်သိန်း ၁၂ဝ ပတ်ဝန်းကျင်နဲ့ ရောင်းချသွားမှာပါ။ ဒီလို ရောင်းချရာမှာလည်း ပွင့်လင်းမြင်သာမှုရှိစွာ သတင်းစာကနေ ခေါ်မယ်။ ဈေးနှုန်းကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ညှိပြီး ရောင်းချသွားမှာပါ”ဟုလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှိ အိမ်ရာများကို ကျပ်သိန်း၁၂ဝ ထက် မကျော်စေဘဲ ရောင်းချတော့မည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။ သို့သော်လည်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက် အကောင်အထည် ဖော်လျက်ရှိသည့် တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာ အချို့မှာ ကျပ်သိန်း ၂ဝဝ ဝန်းကျင်ခန့် ကုန်ကျမည် ဖြစ်သောကြောင့် အမှန်တကယ် အိမ်ရာလိုအပ်နေသူများ ဝယ်ယူနိုင်စွမ်းမရှိသည့် တိုက်ခန်းဈေးနှုန်းများ ဖြစ်နေကြောင်းလည်း ဝေဖန်မှုအချို့ ရှိနေသည်။

လုံးချင်းအိမ်၊ ကွန်ဒိုနှင့် တိုက်ခန်းအိမ် ဝယ်ယူလိုသူများ ချေးငွေလိုအပ်ပါက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ချေးငွေများစတင်ရယူ နိုင်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ ထို့ပြင် မိမိပိုင်မြေပေါ်တွင် အထပ်မြင့်အိမ်ရာနှင့် လုံးချင်းအိမ် ဆောက်လုပ်လိုသော မြေပိုင်ရှင်များလည်း ချေးငွေလိုအပ်ပါက ဆက်သွယ်နိုင်ကြောင်း၊ ဆောက်လုပ်ရေး အထူးချေးငွေ အနေဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီကြီးများ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ချေးငွေလိုပါကလည်း အဆိုပါဘဏ်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။      

EMG